တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲများ ပြုလုပ်

တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲများ ပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၄

          မြန်မာတို့၏ (၁၂)လရာသီပွဲတော်များအနက် ကောက်ပဲသီးနှံ၊ ဆန်၊ စပါးတို့ ထွက်ရှိပြီး ဖူလုံစေသည့်လဖြစ်သော တပို့တွဲလတွင် အဖွဲ့လိုက် စုပေါင်းဆောင်ရွက်ရသည့် စည်းလုံးညီညွတ်မှု စွမ်းအားကို ဖြစ်စေသော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲများကို နိုင်ငံအဝန်းတွင် ဒေသအလိုက် စည်ကားသိုက်မြိုက်စွာကျင်းပ‌လေ့ရှိကြသည်။ ထို့အတူ တိုင်းစစ်ဌာနချုပ်အသီးသီး၌ အရာရှိ၊ စစ်သည်၊ မိသားစုများကလည်း မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိသည်။

ထိုသို့ ကျင်းပပြုလုပ်လျက်ရှိရာ ဖေဖော်ဝါရီ ၃ ရက်နှင့်ယနေ့တို့တွင် နေပြည် တော်တိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၌  အသီးသီးကျင်းပ ပြုလုပ်ကြရာ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တိုင်းစစ်ဌာနချုပ် အလိုက် ပြိုင်ပွဲဝင်အသင်းများက မြန်မာ့ရိုးရာ ထမနဲ ထိုးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြသည်။

အဆိုပါ ထမနဲထိုးပြိုင်ပွဲများသို့ သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြပြီး ပြိုင်ပွဲများတွင် ဆုရရှိကြသည့်အသင်းများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။