မန္တလေးမြို့၊ မဟာမုနိဘုရားကြီး (၆၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စာရေးတံမဲနှင့် ဆွမ်းတော်ကြီး လောင်းလှူပွဲကျင်းပ

မန္တလေးမြို့၊ မဟာမုနိဘုရားကြီး (၆၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စာရေးတံမဲနှင့် ဆွမ်းတော်ကြီး လောင်းလှူပွဲကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၄

          မန္တလေးတိုင်းဒေသကြီး၊မန္တလေးမြို့၊မဟာမုနိဘုရားကြီး (၆၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စာရေးတံမဲနှင့် ဆွမ်းတော်ကြီးလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် မဟာမုနိဘုရားကြီး ရင်ပြင်တော်ရှိ မိုးကောင်းဓမ္မာရုံ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး သံဃာနာယကအဖွဲ့ ဉက္ကဋ္ဌ(ရွှေကျင်)ပတ္တမြားကျောင်း တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဇောတဘိဝံသ  အမှူးပြု သော သံဃာတော်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးမောင်ကို ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘုရားဖူးပြည်သူများ တက်ရောက်ကြ သည်။

          ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက်  မန္တလေးတိုင်းဒေသကြီး သံဃာနာယကအဖွဲ့ ဉက္ကဋ္ဌ(ရွှေကျင်) ပတ္တမြားကျောင်း တိုက်ဆရာတော်ကြီး အမှူးပြုသော သံဃာတော်များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

          ယင်းနောက် (၆၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စာရေးတံမဲနှင့် ဆွမ်း တော်ကြီး လောင်းလှူပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပတ္တမြားကျောင်းတိုက် ဆရာတော်ထံမှ ငါးပါး သီလခံယူဆောက်တည်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဆရာတော်ကြီးများ ထံမှ ဩဝါဒခံယူသည်။

          ၎င်းနောက် ဆရာတော်ကြီးများအား သင်္ကန်းနှင့် ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းကြပြီး ကြွရောက်လာကြသည့် ဆရာတော်ကြီးများနှင့် ပင့်သံဃာ(၁၁၁) ပါးတို့အား သင်္ကန်း၊ ဝတ္ထုငွေနှင့် စာရေးတံမဲများ ၊ ဆွမ်းသပိတ်များ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။