မော်ကွန်းမှတ်တမ်းဖလင်များသည်  မြန်မာ့ရုပ်ရှင်လုပ်ငန်း၏ အသက်ဝိညာဉ် ဖြစ်သည်သာမက မြန်မာလူမျိုးတို့၏ ဘဝယဉ်ကျေးမှု သမိုင်းလည်းဖြစ်

မော်ကွန်းမှတ်တမ်းဖလင်များသည်  မြန်မာ့ရုပ်ရှင်လုပ်ငန်း၏ အသက်ဝိညာဉ် ဖြစ်သည်သာမက မြန်မာလူမျိုးတို့၏ ဘဝယဉ်ကျေးမှု သမိုင်းလည်းဖြစ်

ရန်ကုန်  ဖေဖော်ဝါရီ  ၄

    ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ရုပ်ရှင်ဖလင်များအား ဒစ်ဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းဆောင်ရွက်နေမှု ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ရှေးဦးစွာ     ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက “မော်ကွန်းမှတ်တမ်း ဖလင်များသည်  မြန်မာ့ရုပ်ရှင် လုပ်ငန်း၏ အသက်ဝိညာဉ်ဖြစ်သည်သာမက မြန်မာလူမျိုးတို့၏ ဘဝယဉ်ကျေးမှု သမိုင်းလည်း ဖြစ်သည်” ဟူသော   ဆောင်ပုဒ်နှင့်အညီ မြန်မာ့ရုပ်ရှင်ဖလင်များမှ  မြန်မာနိုင်ငံ၏ သမိုင်း၊   ယဉ်ကျေးမှုနှင့် ပုံရိပ်များအား ရေရှည်ထိန်းသိမ်း သွားရန်လိုအပ်ကြောင်း၊ ယခင်ကဆိုလျှင် ဖလင်များအား မှိုသန့်စင် ခြင်းလုပ်ငန်း၊ ပျက်စီးပြတ်တောက်နေသော ဖလင်များကို တိပ်ဖြင့်ဆက်၍    ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကိုသာ ဆောင်ရွက်ခဲ့ရသော်လည်း ယခုအခါတွင် ဖလင်မှ ဒစ်ဂျစ်တယ်စနစ်ဖြင့် ရေရှည်ထိန်းသိမ်းထားနိုင်မည့်  အခွင့်အရေး ရရှိပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အင်္ဂလန်နိုင်ငံထုတ် Film Cleaner  နှင့် သြစတြေးလျနိုင်ငံထုတ် Film Scanner  စက်ပစ္စည်းနှစ်ခုကို   ဝယ်ယူခဲ့ကြောင်း၊ အဆိုပါ စက်များ မောင်းနှင်မှုနှင့် ထိန်းသိမ်းခြင်း သင်တန်းကိုလည်း ဝန်ထမ်းများအား အခြေခံပိုင်းအနေဖြင့် ပို့ချထားကြောင်း။

ယခုအခြေအနေအရ ဖလင်များအား ဆေးကြောသန့်စင်ခြင်း၊ Scan  ဖတ်ခြင်း၊ အစွန်းအထင်းများ သန့်စင်ခြင်း၊ Digital Format  တစ်ခုခုဖြင့် ထိန်းသိမ်းခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ဝန်ထမ်းများကို အဆင့်မြင့်သင်တန်းများ ပို့ချပြီး နိုင်ငံတကာတွင် ဆောင်ရွက်နေသည့်  Digital Restoration လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အလားတူ တည်ဆောက်ရန် လျာထားသည့်   နိုင်ငံတကာအဆင့်မီ အမျိုးသား ဖလင်မော်ကွန်းတိုက်(National Film Archive)တွင် မော်ကွန်းလုပ်ငန်းများကို တစုတစည်းတည်း ဆောင်ရွက်ရန်ရှိကြောင်း ပြောကြားသည်။

ထို့နောက်   မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ   ဦးကြည်စိုးထွန်းက ရုပ်ရှင်ဖလင်များအား ဒစ်ဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်နေသည့်အတွက်  အားပေးကြောင်း၊ ရုပ်ရှင်ဖလင်များကို    ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းရာတွင် မိမိတို့အနေဖြင့် နောက်ကျနေသော်လည်း   အချိန်ရှိသေးကြောင်း၊  ရှေးဟောင်းရုပ်ရှင်ဇာတ်ကားများသည် တန်ဖိုးရှိကြောင်း၊ မိမိတို့ ရုပ်ရှင်အစည်းအရုံး အနေဖြင့်လည်း ဇာတ်ကားဟောင်းများကို ရှာဖွေထိန်းသိမ်းနေကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားများအား ထိန်းသိမ်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ  တာဝန်ရှိသူများက ရုပ်ရှင်ဖလင်များ ဒစ်ဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်း ဆောင်ရွက်နိုင်ရေးအတွက် အကြံပြုဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိ သူများနှင့်အတူ   ဗဟန်းမြို့နယ်ရှိ ဖလင်ပိဋကတ်တိုက်သို့ ရောက်ရှိပြီး ရုပ်ရှင်ဖလင်များ ဒစ်ဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းဆောင်ရွက်ထားရှိမှု၊ သတင်းရုပ်ရှင်ကားများ စနစ် တကျထားရှိမှုများကို   ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ဧည့်ခန်းမ၌ မြန်မာ့စွယ်စုံကျမ်း အတွဲ(၂)ထုတ်ဝေရေးအတွက် ထွန်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် လည်းကောင်း၊ ၂၀၂၂ ခုနှစ်အတွက်  အမျိုးသားစာပေဆုစိစစ် ရွေးချယ်ရေး ကော်မတီနှင့် စာပေဗိမာန်စာမူဆု ရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းရေးတို့အတွက်  စာပေပညာရှင်များနှင့် လည်းကောင်း တွေ့ဆုံ ဆွေးနွေးသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည် ဗိုလ်အောင်ကျော်လမ်းရှိ ထွန်းဖောင်ဒေးရှင်း စာကြည့်တိုက်သို့ သွားရောက်ပြီး  စာအုပ်စာပေများ ငှားရမ်းဖတ်ရှုမှု အခြေအနေ၊ စာအုပ်များ စနစ်တကျထားရှိမှု အခြေအနေများကို ကြည့်ရှုလေ့လာသည်။

ထွန်းဖောင်ဒေးရှင်းစာကြည့်တိုက်တွင် စာအုပ်အမျိုးအစားပေါင်း ၁၀၀ ကျော်ထားရှိထားပြီး နိုင်ငံခြားစာအုပ်ပေါင်း လေးသောင်းကျော်နှင့် မြန်မာစာအုပ်ပေါင်း ရှစ်ထောင်ကျော် ထားရှိထားကာ စာပေလာရောက် ဖတ်ရှုသူများ စနစ်တကျ ဖတ်ရှုနိုင်ရန် စီစဉ်ထားရှိထားကြောင်း သိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးသစ် ဖွင့်လှစ်မည့်အဆောက်အဦကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ယမန်နေ့ ညနေပိုင်းက  ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့် MRTV-HDမှ   တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်နေသည့်  “ညီညွတ်ရေးသံစဉ်”  တေးဂီတဖျော်ဖြေပွဲ  ပွဲစဉ်(၂)ကို ကြည့်ရှုအားပေးရာ မြန်မာ့အသံခေတ်ပေါ် တေးဂီတအဖွဲ့၏    တီးခတ်မှုနှင့်အတူ တေးသံရှင် ရသ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းမှ တေးသံရှင်များနှင့် တူယှဉ်နွှဲပျော်ဂီတပွဲတော်မှ တိုင်းရင်းသား တေးသံရှင်များဖြစ်ကြသည့်    တျားရုအောင်၊ ဇော်မင်းဦး၊ လလဆွတ်၊ ထုံလှိုင်း၊ မြနန္ဒာ၊ ပပအောင်၊ ချိုသဲဦး၊ ဖွေးစုထွေးနှင့်   မေဖြူခင်တို့က တိုင်းရင်းသားရိုးရာ တေးသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။ 

အဆိုပါ အစီအစဉ်ကို  Friday Night Live Show အစီအစဉ်ဆန်းသစ်မှုအဖြစ် ဖျော်ဖြေတင်ဆက်ခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ပြန်လည်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။