စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်- ၄၄

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်- ၄၄

အမှတ်စဉ်(၄၄)

    စီမံကိန်းနှစ်ခုစလုံးမှာ နုန်းထုတ်ပေါက်များကို တမံအောက်ခြေမှာ လုံလောက်အောင် ထည့်သွင်းထားမှာဖြစ်တဲ့အတွက် မိုးရာသီမှာ အဲဒီအပေါက်တွေကို လိုအပ်သလိုဖွင့်ပေးခြင်းဖြင့် နှစ်စဉ် စီးဆင်းလာတဲ့နုန်းများကို ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ နွေရာသီမှာ သံလွင်မြစ်ရဲ့ နှစ်စဉ် အနိမ့်ဆုံး စီးဆင်းရေထက်မနည်းစေဖို့ စက်တွေမောင်းပြီး ရေထုတ်ပေးမှာဖြစ်တဲ့အတွက် စက်ရုံကြောင့် သံလွင်မြစ် နွေရာသီ ရေခန်းမယ်ဆိုတာမျိုးမဖြစ်အောင် ဆောင်ရွက်နိုင်ပါမယ်။ နောက်တစ်ချက်က စက်တွေဟာလည်း တမံအခြေမှာသာ တပ်ဆင်ထားတဲ့အတွက် မြစ်ထဲကိုသာ ရေထုတ်လွှတ်ရမှာဖြစ်လို့ ရေကို တခြားနည်း အသုံးချစရာမရှိလို့ သံလွင်မြစ်ရေပျောက်မယ့်ကိစ္စ ပူစရာမရှိပါကြောင်း ဗဟုသုတ မျှဝေလိုပါတယ်။ ဒေသအကျိုးနဲ့ နိုင်ငံအကျိုး မျှတစေမယ့် စီမံကိန်းနှစ်ခုဖြစ်လို့ ဆောလျင်စွာ အကောင်အထည်ဖော်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းကြပါလို့သာ ဆိုချင်ပါတယ်။

ကွမ်းလုံ ၁၄၀၀ မဂ္ဂါဝပ်နဲ့ နောင်ဖ ၁၂၀၀ မဂ္ဂါဝပ်ဟာ ရေစီးအားသုံးစနစ် Run-Off-River များဖြစ်ခြင်း၊ လှောင်ရေပမာဏဟာလည်း နှစ်စဉ် ရေထုစီးဆင်းမှုရဲ့ တစ်ရာခိုင်နှုန်း ဝန်းကျင်သာရှိခြင်း၊ ဓာတ်အားခဈေးနှုန်းလည်း သင့်တင့်မျှတခြင်း၊ စီမံကိန်းကြောင့်  သက်ရောက်မယ့် ကိစ္စများအပေါ် နိုင်နင်းစွာကုစားနိုင်ခြင်း၊ ခြောက်နှစ်ကျော် အတွင်း စီမံကိန်းနှစ်ခု ပေါင်း မဂ္ဂါဝပ် ၂၆၀၀ ခန့်နဲ့ နှစ်စဉ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၄၀၀၀ ခန့်အထိ ထွက်ရှိမှာဖြစ်ခြင်းတို့ကြောင့် ဦးစားပေး ဆောင်ရွက်သင့်ပါတယ်။ ဒီပမာဏဟာ  ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း   မြန်မာ တစ်နိုင်ငံလုံးမှာ  အသုံးပြုခဲ့တဲ့    ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၉၉၀၀ ရဲ့ သုံးပုံနှစ်ပုံဖြစ်နေလို့  နိုင်ငံဓာတ်အား လိုအပ်ချက်ကို ခြောက်နှစ်အတွင်း   နှစ်ဆနီးပါးတိုးအောင်  ပံ့ပိုးပေးမယ့် စီမံကိန်းနှစ်ခုဖြစ်ပါတယ်။ ဒီလိုအကျိုးကျေးဇူးများ ရှိမှာဖြစ်လို့ အမြန်ဆုံး ဆောင်ရွက်သင့်တယ်လို့ပဲ အကြံပြုလိုပါတယ်။ 

အခန်း ( ၁၃ )

တာဆန်းရေအားလျှပ်စစ်စီမံကိန်း

    သံလွင်မြစ်ပေါ်က  စီမံကိန်းတွေအကြောင်း  အစဉ်လိုက်ပြောရင် နောင်ဖစီမံကိန်းပြီးရင် မိုင်းတုံစီမံကိန်းကို အရင်ပြောရမှာပါ။ ဒါပေမဲ့ မိုင်းတုံဆိုတာ တာဆန်းကို  အကြောင်းပြုပြီးပေါ်လာတဲ့ စီမံကိန်းဖြစ်လို့ တာဆန်းကို အရင်ပြောမှ ဇာတ်ရည်လည်မှာဖြစ်လို့ တာဆန်းကို အရင်ပြောပါမယ်။

တာဆန်းအစ ဘယ်ကလဲ

    တာဆန်းရေအား လျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ဖို့ဆိုပြီး ထိုင်းနိုင်ငံက MDX Group of Company (MDX)ဟာ မြန်မာနိုင်ငံက မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်း Myanmar Electric Power  Enterprise) (MEPE) နဲ့ မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (Myanmar Economic Holdings Public Company Limited)  တို့ကို ၁၉၉၇ ခုနှစ် မေလနဲ့ ဇွန်လအတွင်းမှာ လာရောက်ဆွေးနွေးရာက စခဲ့တာပါ။ စက်တင်ဘာလ ၈ ရက်မှာ MEC နဲ့ MDX တို့ ဆောင်ရွက်ရန် သဘောတူစာချုပ် လက်မှတ်ထိုးလိုက်ကြပါတယ်။ ဓာတ်အား ၂၅ ရာခိုင်နှုန်းကို  မြန်မာနိုင်ငံက သုံးပြီး  ဓာတ်အားအနည်းဆုံး ၇၅ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံ သို့မဟုတ်  ပြည်ပကို တင်ပို့ရောင်းချဖို့ စာချုပ်ခဲ့ပါတယ်။

ဒီလိုသဘောတူပြီးတဲ့နောက်မှာ MDX  ရဲ့ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်တဲ့  Siam Power & Electric Co.,Ltd (SPEC)  ဟာ MEC နဲ့တွဲဲပြီး ကွင်းဆင်းလေ့လာမှု စကြပါတယ်။  သူတို့စူးစမ်းလေ့လာ တွက်ချက်ရရှိတဲ့ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုကို အတိုင်ပင်ခံ လုပ်ပေးခဲ့တာကတော့ Lahmeyer International GmbH (LI) (Germany) ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကင်းတားဆည်ဘက်စုံ စီမံကိန်းမှာ ကမ္ဘာ့ဘဏ်က ငှားရမ်းအသုံးပြုခဲ့တဲ့ အတိုင်ပင်ခံ ကုမ္ပဏီပါပဲ။ လက်ရှိ အထက်ရဲရွာ စီမံကိန်းမှာလည်း ဒီအဖွဲ့ကိုပဲ တာဝန်ပေးထားပါတယ်။

လေ့လာမှုဟာ ၁၉၉၇ ခုနှစ် နိုဝင်ဘာလကနေ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလထိ လေးလပဲကြာပါတယ်။ လေ့လာဆဲမှာ SPEC ထိုင်းအဖွဲ့နဲ့အတူ ဘူမိဗေဒဆိုင်ရာနဲ့ ဇလဗေဒဆိုင်ရာ စူးစမ်းလေ့လာမှု လုပ်ပေးခဲ့သူဟာ ထိုင်းအခြေစိုက် GMS ကုမ္ပဏီပါပဲ။ ၁၉၈၈-၁၉၈၉ ခုနှစ်များအတွင်း တာဆန်းဧရိယာကို ကောင်းကင်ဓာတ်ပုံ ရိုက်ယူထားပြီးဖြစ်လို့ ဒီပုံတွေကို မြန်မာနိုင်ငံမြေတိုင်း ဦးစီးဌာနကနေ MEC က ရယူပေးခဲ့ပါတယ်။ လပိုင်းအတွင်းမှာ  အစီရင်ခံစာ ထွက်လာတယ်ဆိုတာဟာလည်း  ဒီမြေပုံကို အဓိကအားပြုသွားကြလို့ပါ။ ကွင်းဆင်းတာကတော့ တာဆန်းကူးတို့ဆိပ် အနီးမှာရှိတဲ့ တပ်မတော်လုံခြုံရေး စခန်းကို အခြေပြုပြီး မြစ်အထက်ပိုင်း အောက်ပိုင်း လက်လှမ်းမီသလောက် စူးစမ်းကြတာပါပဲ။

တာဆန်းကူးတို့ဆိပ်ဆိုတာ တောင်ကြီး-နမ့်ဆမ်-မိုင်းပန်-မိုင်းတုံသွား ကားလမ်းပေါ်က  သံလွင်မြစ်ကို ကူးတို့နဲ့ဖြတ်ကူးရတဲ့ နေရာပါ။ ၁၉၉၇-၁၉၉၈ ခုနှစ်မှာ ကြိုးတံတားစတင် တည်ဆောက်ခဲ့တာ ၂၀၀၀ ပြည့်နှစ်မှာ ပြီးစီးခဲ့ပါပြီ။ တိုင်းတာရေးအဖွဲ့ဟာ ဒီကူးတို့ဆိပ်ရဲ့ အထက်ဘက် ၁၂ ကီလိုမီတာ (၈ မိုင်ခန့်)နဲ့ အောက်ဘက် ၅ ကီလိုမီတာ (၃ မိုင်ခွဲခန့်)အတွင်း တမံတည်ဆောက်လို့ ဖြစ်နိုင်ခြေရှိတဲ့နေရာ ၇ နေရာမှာ လေ့လာခဲ့တာပါ။ လေ့လာရေးအဖွဲ့ လေ့လာခဲ့တဲ့ ၇ နေရာအနက် ၃ နေရာကို ဦးစွာပယ်ပြီး ကျန် ၄ နေရာကို နှိုင်းယှဉ်ချက်တွေနဲ့ စဉ်းစားခဲ့ပါတယ်။ ဒီ ၄ ခုထဲကမှ ၂ ခုကို ထပ်မံရွေးချယ်ပြီး အသေးစိတ် နှိုင်းယှဉ်ပါတယ်။

တစ်ခုက ကူးတို့ဆိပ်အောက်ဘက် တစ်မိုင်သာသာ (လက်ရှိကြိုးတံတားနေရာ)မှာဖြစ်ပြီး တစ်ခုကတော့ ကူးတို့ဆိပ်အထက်ဘက် ၄ မိုင်ခန့်မှာ ဖြစ်ပါတယ်။

၁၉၉၂-၁၉၉၃ ခုနှစ်မှာ Nippon  Koei  ဆိုတဲ့ ဂျပန်အတိုင်ပင်ခံအဖွဲ့တစ်ဖွဲ့က ထပ်ပြီး ကွင်းဆင်းခဲ့ပါသေးတယ်။ နောက်ဆုံး ရွေးချယ်လိုက်တာကတော့ လက်ရှိ တာဆန်းကြိုးတံတားရဲ့ အထက်ဘက် ၄ မိုင်နီးပါး အကွာကနေရာကို ရွေးချယ်လိုက်ပါတယ်။ 

ဂျာမနီ L.I ရဲ့ အစီရင်ခံစာက ဘယ်လိုပြောထားသလဲ

တမံအမျိုးအစားကိုတော့  Concrete Faced Rock - fill Dam (CFRD) နဲ့ Roller Compacted Concrete Dam (RCC Dam)    နှစ်မျိုးကို နှိုင်းယှဉ်ချက်တွေနဲ့ လေ့လာပြီး RCCကိုရွေးခဲ့ပါတယ်။

ဂျာမနီ L.I အတိုင်ပင်ခံအဖွဲ့  ရွေးချယ်အတည်ပြု ပုံထုတ်လိုက်တဲ့ တမံနဲ့ စီမံကိန်း အချက်အလက်တွေကတော့ အောက်ပါအတိုင်းပါပဲ။

၁၉၉၈ ခုနှစ် L.I အတိုင်ပင်ခံအဖွဲ့မှ တင်ပြသော တာဆန်း စီမံကိန်းဆိုင်ရာ အချက်အလက်များ

၁။ တပ်ဆင်စက်အင်အား ၃၃၉၉ မဂ္ဂါဝပ်

၂။ နှစ်စဉ်ထုတ်လုပ်နိုင်မည့်ဓာတ်အား ၂၄၀၅၉ ကီလိုဝပ်နာရီသန်း

၃။ စက်စွမ်းရည် (Capacity Factor)     ၇၇.၃ ရာခိုင်နှုန်း

  ဆက်လက်ဖော်ပြပါမည်။