တရုတ်က ယခုနှစ်အတွင်း ရုရှားနှင့် ဆက်ဆံရေး ပိုမိုတိုးတက်စေရန် လုပ်ဆောင်မည်

တရုတ်က ယခုနှစ်အတွင်း ရုရှားနှင့် ဆက်ဆံရေး ပိုမိုတိုးတက်စေရန် လုပ်ဆောင်မည်

    တရုတ်အစိုးရက    ယခုနှစ်အတွင်း ရုရှားအစိုးရနှင့် ဆက်ဆံရေး ပိုမိုတိုးတက်စေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်ဒုတိယနိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။

တရုတ်ဒုတိယနိုင်ငံခြားရေး ဝန်ကြီးက ရုရှားနိုင်ငံသို့ရောက်ရှိစဉ် ရုရှားနိုင်ငံခြားရေး ဝန်ကြီး၊ ဒုတိယဝန်ကြီးနှစ်ဦးတို့နှင့် တွေ့ဆုံရာ၌ ယခုကဲ့သို့ပြောခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

ဒုတိယနိုင်ငံခြားရေး ဝန်ကြီး မာကျောင်ရှူသည် ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်တို့တွင် ရုရှားတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံကြားနှင့် နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာနှင့်ဒေသတွင်း ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း   နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်ကို တွေ့ရသည်။

“တရုတ်နိုင်ငံက နှစ်နိုင်ငံခေါင်းဆောင်များကြား ရရှိထားတဲ့ အရေးကြီး ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရန်၊ ယခုနှစ်အတွင်း နှစ်နိုင်ငံကြားဆက်ဆံရေးကို တိုးမြှင့်ရန်တို့အတွက်    ရုရှားနိုင်ငံနဲ့အတူ    ပူးတွဲဆောင်ရွက်သွားဖို့  ဆန္ဒရှိပါတယ်”ဟု  မာကျောင်ရှူက ပြောသည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် မကြာခင်ကာလတွင် ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရန်ရှိပြီး ယခုမာကျောင်ရှူ၏ ခရီးစဉ်က ရှီကျင့်ဖျင်၏   ချစ်ကြည်ရေးခရီးအတွက် ကြိုတင်လမ်းခင်းခြင်း ဖြစ်သည်။

ရှီကျင့်ဖျင်၏ ရုရှားနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်သည် ၂၀၂၃ ခုနှစ်အတွင်း နှစ်နိုင်ငံ ကြားပူးပေါင်းဆောင်ရွက်မှု၏  ပဓာနကျသော ခရီးစဉ်ဖြစ်ကြောင်း   ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း   ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆယ်စုနှစ်တစ်ခုကျော်ကြာ ရပ်တည်ခဲ့သည့်နိုင်ငံဖြစ်သည့် အပြင် လက်ရှိအခြေအနေများတွင် ရုရှားနိုင်ငံ၏ မိတ်ဆွေနိုင်ငံအဖြစ် အရေးကြီးသော အခန်းကဏ္ဍ၌ ရပ်တည်နေကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှီကျင့်ဖျင်၏ ရုရှားနိုင်ငံသို့ နောက်ဆုံး ခရီးစဉ်သည် ၂၀၁၉ ခုနှစ်တွင်ဖြစ်ပြီး ၎င်းတို့ နှစ်ဦးကြား လူချင်းတွေ့ဆုံမှုသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင်  ကျင်းပသော ပေကျင်းဆောင်းရာသီ အိုလံပစ်အားကစား ပွဲတော်၌ဖြစ်ကြောင်း သိရသည်။