Nord Streamပိုက်လိုင်းများ ဖောက်ခွဲခံရမှု ရုရှားနှင့် ဆက်စပ်မှုရှိသည် ဟူသော သက်သေမတွေ့ရ

Nord Streamပိုက်လိုင်းများ ဖောက်ခွဲခံရမှု ရုရှားနှင့် ဆက်စပ်မှုရှိသည် ဟူသော သက်သေမတွေ့ရ

    ပြီးခဲ့သည့်နှစ်တွင်ဖြစ်ပွားသော ဘောတစ်ပင်လယ်ကြမ်းပြင်ရှိ Nord Stream ဓာတ်ငွေ့ပိုက်လိုင်းများ ဖောက်ခွဲခံရမှုသည် ရုရှားနှင့် ဆက်စပ်မှုရှိသည်ဟူသော   သက်သေမတွေ့ရကြောင်း ဂျာမနီအစိုးရရှေ့နေချုပ် ပီတာဖရန့်ကပြောသည်။

ပီတာဖရန့်က ဂျာမနီသတင်းစာဖြစ်သော  Die Welt နှင့်တွေ့ဆုံမေးမြန်းခန်း ပြုလုပ်စဉ် Nord Stream ဓာတ်ငွေ့ပိုက်လိုင်းများနှင့် ပတ်သက်၍    သတင်းဌာနဘက်က မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်ဖြေခြင်းဖြစ်သည်။

“လက်ရှိအချိန်မှာတော့ ဒီကိစ္စမှာ ရုရှားနိုင်ငံက ပါဝင်ပတ်သက်တယ်ဆိုတဲ့ သက်သေမတွေ့ရပါဘူး။ စုံစမ်းစစ်ဆေးမှုကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပါတယ်”   ဟု ပီတာဖရန့်ကပြောသည်။

စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရာတွင် သုတေသန ယာဉ်နှစ်စင်းကို  အသုံးပြုကာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာမှ ရေနှင့်မြေနမူနာများကို ရယူခြင်း၊ ပျက်စီးသွားသော ပိုက်လိုင်းများမှ အပျက်အစီး အပိုင်းအစများကို   ဆယ်ယူခြင်းတို့ပါဝင်ကြောင်း အစိုးရရှေ့နေချုပ်က ဆက်ပြောသည်။

အဆိုပါပိုက်လိုင်းများသည် ရုရှား သဘာဝဓာတ်ငွေ့များကို ဂျာမနီမှတစ်ဆင့် ဥရောပသို့  ပေးပို့နေသည့် ပိုက်လိုင်းများ ဖြစ်ပြီး    ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံတို့ကြား ရေပြင်ရှိ ပိုက်လိုင်းနေရာများတွင် ဖောက်ခွဲခံရမှုကြောင့်ဖြစ်ပေါ်လာသည့်   အပေါက်လေးပေါက်ကို တွေ့ရှိရသည်။

ထို့ကြောင့် ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံတို့ကလည်း အဆိုပါပိုက်လိုင်းများ ပေါက်ကွဲမှုနှင့် ပတ်သက်၍ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ ဂျာမနီနိုင်ငံကလည်း ၎င်းတို့နှင့် အနီးကပ်ဆက်သွယ်မှု ရယူလျက်ရှိကြောင်း  ပီတာဖရန့်က ပြောသည်။