အမေရိကန်၏ စစ်လက်နက်များ ပံ့ပိုးမှုက ယူကရိန်းကို မီးလောင်တိုက် သွင်းသလိုဖြစ်မည်ဟု ရုရှားပြော

အမေရိကန်၏ စစ်လက်နက်များ ပံ့ပိုးမှုက ယူကရိန်းကို မီးလောင်တိုက် သွင်းသလိုဖြစ်မည်ဟု ရုရှားပြော

အမေရိကန်နိုင်ငံက  ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ  ပံ့ပိုးခြင်းသည် ယင်းနိုင်ငံကို မီးလောင်တိုက်သွင်းသလို ဖြစ်စေမည်ဖြစ်ကြောင်း  ရုရှားလုံခြုံရေး ကောင်စီဒုတိယဥက္ကဋ္ဌ   မက်ဗီဒက်က ပြောသည်။

အမေရိကန်အနေဖြင့်   ယူကရိန်းသို့ အဆင့်မြင့်တာဝေးပစ် လက်နက်များပံ့ပိုး သွားမည်ဟုထုတ်ပြန်ပြီးနောက်   ရုရှား အစိုးရ၏တုံ့ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယူကရိန်းဘက်က ယင်းကဲ့သို့ တာဝေးပစ်လက်နက်များကို  အသုံးပြုလာပါက ရုရှားဘက်ကလည်း အလားတူ လက်နက်များကို  အသုံးပြုရမည်ဖြစ်သည့်အတွက် ယူကရိန်းနိုင်ငံအနေဖြင့် မီးလောင်တိုက်ထဲသာ ရောက်ရှိသွားနိုင်ကြောင်း မက်ဗီဒက်ကပြောသည်။

အမေရိကန်၏  အဆင့်မြင့်လက်နက် စနစ်များ ထောက်ပံ့မှုက  ရုရှားအနေဖြင့် ယူကရိန်းနှင့်ညှိနှိုင်း ဆွေးနွေးမှုဆီ ဦးတည်စေမည်လားဟု  သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ရလဒ်က ဆန့်ကျင်ဘက်သာ ဖြစ်မည်ဖြစ်ကြောင်း   မက်ဗီဒက်က ပြန်ဖြေထားခြင်းဖြစ်သည်။

အမေရိကန်က    ၎င်းတို့အနေဖြင့် ယူကရိန်းသို့ ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ     စစ်လက်နက်ပစ္စည်းများကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ ထိုအထဲတွင် မြေပြင်ပစ်အသေးစား ဗုံးများလည်း ပါဝင်ကြောင်း၊ ထိုစနစ်သည် လက်ရှိအမြောက် စနစ်များမှ ပစ်ခတ်မှုထက် အကွာအဝေးနှစ်ဆကျော် ရောက်ရှိစေမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

ယခုထောက်ပံ့ပေးမည့် လက်နက်စနစ်များသည် ယူကရိန်းနိုင်ငံမှ ပစ်ခတ်လိုက်လျှင် ရုရှားနယ်မြေ  အတွင်းပိုင်းအထိသို့ပင် ရောက်ရှိနိုင်ကြောင်းနှင့် ထိုသို့ထောက်ပံ့ပေးခြင်းက အမေရိကန်အနေဖြင့် ရုရှားနိုင်ငံကို တစ်ဖက်လှည့်ဖြင့်  တိုက်ခိုက်ရန် ကြံစည်ခြင်းသာဖြစ်ကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ပြောထားသည်ဟု သိရသည်။