ဘလင်ကန် ဖျက်သိမ်းလိုက်သည့် တရုတ်ခရီးစဉ်က မည်သည့်အခါကမျှ တရားဝင်ကြေညာခဲ့ခြင်း မရှိ

ဘလင်ကန် ဖျက်သိမ်းလိုက်သည့် တရုတ်ခရီးစဉ်က မည်သည့်အခါကမျှ တရားဝင်ကြေညာခဲ့ခြင်း မရှိ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဖျက်သိမ်းလိုက်သည့် တရုတ်နိုင်ငံ ခရီးစဉ်သည်  မည်သည့်အခါကမျှ တရားဝင်ကြေညာခဲ့ခြင်း မရှိကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံမှမိုးပျံဘောလုံး တစ်လုံးက အမေရိကန်လေပိုင်နက် အတွင်း ဝင်ရောက်ပြီးနောက် အန်တိုနီဘလင်ကန်က ၎င်း၏ တရုတ်နိုင်ငံသို့ ခရီးစဉ်ကို ဖျက်သိမ်းကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

လက်တွေ့တွင် အမေရိကန်နှင့်တရုတ်နိုင်ငံတို့ကြား မည်သည့်ခရီးစဉ်မျှ သတ်မှတ်ကြေညာခဲ့ခြင်း မရှိကြောင်း၊  အမေရိကန်အနေဖြင့် ယခုထုတ်ပြန်မှုမှာ ကိုယ့်သဘောနှင့်ကိုယ်  ထုတ်ပြန်ခြင်း ဖြစ်ကြောင်းနှင့် ၎င်းတို့၏ ထုတ်ပြန်ချက်ကို လေးစားကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အန်တိုနီဘလင်ကန်အနေဖြင့် တရုတ်နိုင်ငံသို့  ဖေဖော်ဝါရီ  ၅  ရက်တွင်သွားကာ   နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာမှုကို  လျှော့ချနိုင်ရေး ကြိုးပမ်းသွားမည်ဟု   သတင်းများ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ယခုအခါ ထိုခရီးစဉ်ကို ဖျက်သိမ်းလိုက်ရခြင်းသည်  တရုတ်နိုင်ငံမှ အမေရိကန်လေပိုင်နက်သို့ ဝင်လာသည့် မိုးပျံဘောလုံးတစ်လုံးကြောင့် ဖြစ်ကြောင်း  ပြောသော်လည်း ထိုဘောလုံးသည် အရပ်ဘက်သုံး သုတေသနဘောလုံးမျှသာ ဖြစ်ကြောင်း

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။