တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော်ကျေးရွာအုပ်စု၊ လင်းလွန်း ကျေးရွာကမ်းခြေတွင် ပင်လယ်ပြင်၌ သဘာဝအလျောက် သေဆုံးမျောပါနေသော ဘရိုင်းဝေလငါး(Bryde’s Whale) အား တွေ့ရှိခြင်း

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော်ကျေးရွာအုပ်စု၊ လင်းလွန်း ကျေးရွာကမ်းခြေတွင် ပင်လယ်ပြင်၌ သဘာဝအလျောက် သေဆုံးမျောပါနေသော ဘရိုင်းဝေလငါး(Bryde’s Whale) အား တွေ့ရှိခြင်း

နေပြည်တော်၊ ဖေဖော်ဝါရီ -

     တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော် ကျေးရွာအုပ်စု၊ လင်းလွန်ကျေးရွာ မြောက်ဘက်သောင်ပြင်အနီးတွင် ဒေသခံလှေများမှ အလျား ၄၀ ပေခန့်၊ အနံ ၈ ပေခန့် ဘရိုင်းဝေလငါး (Bryde’s Whale) အသေတစ်ကောင် ကမ်းပေါ်တင်နေကြောင်း ဖေ ၄ ရက် နေ့လယ် ၁ နာရီခန့်တွင်  သတင်းပေးပို့ခဲ့သဖြင့် ကျွန်းစုမြို့နယ်၊ ကနောင်လုံခြုံရေး ခွဲထုတ်စခန်းမှ တာဝန်ခံအရာရှိ ဦးစီးအဖွဲ့နှင့် ဒုံးပုလဲအော်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့မှ သွားရောက်ကြည့်ရှုခဲ့သည်။

      အဆိုပါ ဝေလငါးအား လင်းလွန်းကျေးရွာ၊ သဲသောင်ပြင်သို့ ဒေသခံများ၏ အကူ အညီဖြင့် ရွေ့ပြောင်းခဲ့ပြီး ကနောင်လုံခြုံရေးခွဲထုတ်စခန်းမှ တာဝန်ခံအရာရှိ ဦးစီးအဖွဲ့၊ ဒုံးပုလဲအော်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့နှင့် ဒေသခံအဖွဲ့များနှင့်ပူးပေါင်း၍ လင်းလွန်းကျေးရွာ သဲသောင်ပြင်၌ ပုံစံမပျက်မြှုပ်နှံနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့ပြီး လင်းလွန်းကျေးရွာ၊ သဲသောင်ပြင်တွင် ဘရိုင်းဝေလငါး (Bryde’s Whale) အား စနစ်တကျ မြှုပ်နှံပေးခဲ့သည်။

      မြိတ်တက္တသိုလ်အဏ္ဏဝါသိပ္ပံဌာနမှ လေ့လာတွေ့ရှိချက်အရ အဆိုပါ ဘရိုင်း ဝေလငါး (Bryde’s Whale) ၏ မျိုးစိတ်မှာ Balaenoptera edein (Anderson, 1878) ဖြစ်ပြီး သက်တမ်း ၄၀ နှစ်မှ ၇၀ နှစ်အကြား အသက်ရှင်နိုင်သော ဝေလ အမျိုးအစားဖြစ်သည်။ ယခုတွေ့ရှိရသော ဘရိုင်းဝေလငါး (Bryde’s Whale) မှာ သက်တမ်း ၂၀နှစ်မှ ၂၅ နှစ်အကြားရှိ အရွယ်ရောက်ပြီး ဝေလငါး အမျိုးအစားဖြစ်၍ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ   အသံညစ်ညမ်းခြင်း၊ ရာသီဥတုဆိုးရွားခြင်းနှင့် ရေစီးကြောင်း ပြောင်းလဲခြင်းတို့ကြောင့် ပင်မကမ်းခြေအနီးသို့ ရောက်ရှိပြီး ရေချိုနှုန်းများသည့် အတွက် သဘာဝအလျောက် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။