စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၄၆)

GAIN အစီရင်ခံစာနဲ့ EPDC ရဲ့ အစီရင်ခံစာဟာ မလုံလောက်သေးပါဘူး။ စီမံကိန်းအကောင်အထည်ဖော်တဲ့အဆင့်ရောက်ဖို့ နောက်ထပ် အသေးစိတ်လေ့လာစရာတွေ၊ ဆွေးနွေးစရာတွေ အဆင့်ပေါင်းများစွာ ကျန်ရှိနေသေးတယ်လို့ ဆိုရမှာပါ။

A.F Colenco Ltd; ဒီဇိုင်းထုတ်ပြီ

တာဆန်းစီမံကိန်းကို EPDC က အစီရင်ခံစာတင်သွင်းပြီးတဲ့နောက်မှာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အတွင်း A.F Colenco Ltd; (Swisszerland) က EPDC ရဲ့ အစီရင်ခံစာကို သုံးသပ်ခြင်း၊ အသေးစိတ်ဒီဇိုင်းပုံထုတ်ခြင်း၊ တင်ဒါစည်းကမ်းချက်များ ပြုစုခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပြန်ပါတယ်။ A.F Colenco Ltd; တင်သွင်းလာတဲ့အခါမှာ EPDC ရဲ့ တင်ပြမှုများနဲ့ ကွဲလွဲမှုတွေ ရှိခဲ့ပြန်ပါ တယ်။ စီမံကိန်း အချက်အလက်တွေကို အောက်မှာဖော်ပြထားပါတယ် -

၂၀၀၄ ခုနှစ်တွင် A.F Colenco Ltd; တင်သွင်းလာသော တာဆန်းစီမံကိန်း အဓိကအချက်အလက်များ

- တပ်ဆင်စက်အင်အား                            - ၇၁၁၀ မဂ္ဂါဝပ် (၇၁၁ x ၁၀)

- နှစ်စဉ်ထုတ်လုပ်မည့်ဓာတ်အား               - ၅၇၀၀၀ ကီလိုဝပ်နာရီသန်း

- အောက်ဘက်ရေထိန်းကန်တွင်               - ၂၀၀ မဂ္ဂါဝပ်

  တပ်ဆင်မည့်စက်အင်အား

- အောက်ဘက်ရေထိန်းကန်မှ                     - ၁၅၈၀ ကီလိုဝပ်နာရီသန်း

  နှစ်စဉ်ထုတ်လုပ်ပေးမည့်ဓာတ်အား

- ပင်မတမံအမြင့်                                      - ၂၂၇.၅ မီတာ (၇၄၆ ပေ)

- ကန်ရေပြည့်နိမ့်မြင့်အမှတ်                      - ၃၉၅ မီတာ

- ကန်ရေသေနိမ့်မြင့်အမှတ်                      - ၃၆၅ မီတာ

- ကန်ရေပြည့်ရေလှောင်ပမာဏ                - ၃၉၀၀၀ ကုဗမီတာသန်း

                                                            (၃၁၆ ဧကပေသိန်း)

- အကျိုးပြုရေလှောင်ပမာဏ                     - ၁၆၄၅၀ ကုဗမီတာသန်း

                                                             (၁၃၂ ဧကပေသိန်း)

- တမံကွန်ကရစ်ထုထည်                           - ၇.၉ ကုဗမီတာမီတာသန်း

ဖော်ပြထားတဲ့အချက်အလက်တွေနဲ့ EPDC ရဲ့ အစီရင်ခံစာပါ အချက်အလက်တွေထဲမှာ ကွဲလွဲမှုတွေရှိလာတာတွေကတော့-တပ်ဆင် အင်အားမှာ EPDC က ၆၄၀၀ မဂ္ဂါဝပ်ဖြစ်ပြီး A.F Colenco က ၇၁၁၀ မဂ္ဂါဝပ်ထိတိုးလာတယ်။ နှစ်စဉ်ထုတ်လုပ်တဲ့ ဓာတ်အားက လည်း EPDC က ၃၅၁၈၅ ကီလိုဝပ်နာရီသန်းပေါင်းဖြစ်ပြီး A.F Colenco က ၅၇၀၀၀ ကီလိုဝပ်နာရီသန်းပေါင်း ထိတိုးလာတယ်။ တမံအမြင့်ကတော့ EPDC က ၇၄၈ ပေ၊ A.F Colenco က ၇၄၆ ပေဖြစ်လို့ ၂ ပေ နိမ့်သွားတယ်။ ဒါပေမဲ့ ကန်ရေပြည့် နိမ့်မြင့်အမှတ် ကတော့ နှစ်ခုစလုံး အတူတူဖြစ်လို့ ရေလွှမ်းမယ့်ဧရိယာနဲ့   ရေလွှမ်းမယ့်အလျား ကတော့  အတူတူပါပဲ။ ထူးခြားတာကတော့ မဂ္ဂါဝပ် ၇၀၀ ခန့်တိုးပြီးတပ်ဆင်လိုက်ရုံနဲ့  နှစ်စဉ်ဓာတ်အား ကီလိုဝပ်နာရီဟာ ၁ ဒသမ ၆ ဆ တိုးသွားတာပါပဲ။ ဒါပေမဲ့ ကန်ရေပြည့်မှတ် ကတော့ အတူတူဖြစ်နေပါတယ်။ သံလွင်မြစ်ရဲ့နှစ်စဉ် ရေထုထည်စီးဆင်းမှုလည်း မပြောင်းတဲ့အတွက် မိုးတွင်းစီးဆင်းရေကို ပိုပြီးအသုံးချမယ်လို့ ထင်ပါတယ်။ တာဆန်းကို မဂ္ဂါဝပ် ၇၁၁၀ ဆိုပြီး ပြောဆိုလာ ကြတာဟာ A.F Colenco ရဲ့တွက်ချက်မှု ကြောင့်ပါပဲ။

တာဆန်းစာချုပ်ချုပ်ဆိုမှုများ

MDX Group of Company ဟာ မြန်မာနိုင်ငံမှာ အဆိုပြုချက် စတင်တင်သွင်းစဉ်က MEPE, MEC နဲ့ စွမ်းအင်ဝန်ကြီးဌာနတို့ကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ခွင့်တင်ခဲ့ပြီး MEC နဲ့ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလမှာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြတာပါ။

MEC နဲ့ ဆောင်ရွက်နေရာကနေ နိုင်ငံတော်အစိုးရရဲ့ အစီအစဉ်ဆိုပြီး ၂၀၀၂ ခုနှစ် ဒီဇင်ဘာလထဲမှာ MDX Group of Company  ဟာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်ဦးစီးဌာန (Department of Hydroelectric Power-DHP) နဲ့ နားလည်မှုစာချွန်လွှာ (Memorandum of Understanding) (MOU) လက်မှတ်အသစ် ရေးထိုးကြပြန်ပါတယ်။ MOU  ပါ အဓိကအချက်တွေကတော့ -

- နှစ် ၃၀ လုပ်ကိုင်ခွင့်ပြုရန်နှင့် လိုအပ်ပါက နောက်ထပ်ငါးနှစ်ထပ်မံခွင့်ပြုရန်၊

- နှစ်စဉ်ထုတ်လုပ်မှုဓာတ်အား၏ ၁၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ အခမဲ့ပေးရန်၊

- နောက်ထပ် ၁၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ရောင်းပေးပြီး ကျန်ဓာတ်အား ၈၀ ရာခိုင်နှုန်းကို ထိုင်း သို့မဟုတ် တခြားတတိယနိုင်ငံ

တစ်ခုခုသို့ရောင်းရန်၊

- စီမံကိန်းကုန်ကျစရိတ်၏ ၁၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံ၏ ရှယ်ယာအဖြစ်သတ်မှတ်၍ အခမဲ့ရှယ်ယာအဖြစ်ပေးရန်။ စတာတွေ ပါရှိလာခဲ့ပါတယ်။

တာဆန်းစာချုပ်မတိုင်မီအထိ မြန်မာနိုင်ငံမှာ ဖက်စပ်ရေအား လျှပ်စစ်စီမံကိန်းစာချုပ်ဆိုတာ မရှိသေးပါဘူး။ ရေအားလျှပ်စစ် ဌာနဟာလည်း ယခင်က ဝန်ထမ်းအင်အား ၅၀၀ ခန့်သာရှိတဲ့ ဌာနခွဲတစ်ခုအဆင့်မှ ဦးစီးဌာနအဆင့်အဖြစ် သီးခြားရပ်တည်လာခဲ့ပြီး မကြာမီ EPDC (ဂျပန်) တင်သွင်းတဲ့ အစီရင်ခံစာအတိုင်း ဒုတိယအဆင့် MOA ရေးထိုးခဲ့ကြပါတယ်။

နားလည်မှုစာချွန်လွှာ (MOU) သဘောကဘာလဲ

နားလည်မှုစာချွန်လွှာ (Memorandum of Understanding) (MOU) ဆိုတာက ရေအားလျှပ်စစ်ထုတ်လို့ရနိုင်တယ်လို့ ယူဆရတဲ့ နေရာတစ်နေရာအတွက် -

(က) ရှိပြီးအချက်အလက်အထောက်အထားများအရ ဖြစ်နိုင်ခြေရှိတဲ့ ဒေသသို့ ကွင်းဆင်းပြီး ဇလဗေဒ၊ ဘူမိဗေဒ မြေပြင် လက်တွေ့ အခြေအနေများကို လေ့လာရန်၊

( ခ ) ဖြစ်နိုင်ခြေလုပ်ငန်းခွင် (Site)များ ရှာဖွေလေ့လာပြီး ဘက်စုံ၊ရှုထောင့်စုံမှ နှိုင်းယှဉ်ပြီး အသင့်လျော်ဆုံးနေရာနဲ့ အသင့်လျော်ဆုံး ဒီဇိုင်းပုံစံကြမ်း (အသေးစိတ်မပါ) ပြုစုရန်၊

( ဂ ) ရရှိလာသော ဓာတ်အားပမာဏအရ ပို့လွှတ်မယ့်ဓာတ်အားလိုင်းအရွယ်အစား၊ ပို့လွှတ်မယ့် လမ်းကြောင်းတို့ကို အကြမ်းကွင်း ဆင်းပြီး လိုင်းအူကြောင်းအကြမ်း (အသေးစိတ်မပါ)ပြုစုရန်၊

(ဃ) ရေအားလျှပ်စစ်စီမံကိန်းကြောင့် မြစ်/ချောင်းရဲ့အထက်ဘက်၊ အောက်ဘက် ထိခိုက်သွားနိုင်တဲ့ကိစ္စရပ်များကို မြေပြင်ထိ  ကွင်းဆင်း လေ့လာစာရင်းကောက်ယူရန်။   (တတ်နိုင်သမျှ အချက်အလက်မှန်စုဆောင်းခြင်း)

( င ) သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် သက်ရောက်နိုင်ခြေများအပေါ် ကုစားနိုင်မယ့် အစီအစဉ်(အသေးစိတ်မပါ)ကို အပြည်ပြည်ဆိုင်ရာစံ၊ မြန်မာစံများနဲ့နှိုင်းယှဉ်၍ လေ့လာရန်၊

( စ ) စီမံကိန်းအတွက် ဝင်ထွက်သွားလာမယ့်လမ်းများရဲ့ အခြေအနေကိုလေ့လာပြီး လုပ်ငန်းပမာဏခန့်မှန်းရန်၊

(ဆ) စီမံကိန်းဆောင်ရွက်မယ့်ကုန်ကျစရိတ်နဲ့ ရောင်းချမယ့်ဓာတ်အားခဈေးနှုန်းခန့်မှန်းပြီး စီးပွားရေးအရ တွက်ခြေကိုက်မှု ဆန်းစစ်ရန်။

စတဲ့အချက်အလက်တွေ   တွက်ချက်မှုတွေ   အပြည့်အစုံပါအောင်တင်ပြနိုင်ဖို့ ပဏာမခွင့်ပြုမှုပဲဖြစ်ပါတယ်။ ဒီလိုတင်ပြဖို့အတွက် အနည်းဆုံး ၁၈ လနဲ့အထက် အချိန်ယူရပါတယ်။ ဒါမှ ကွင်းဆင်းလေ့လာဖို့ ပွင့်လင်းရာသီ/မိုးရာသီ စသဖြင့် ၁၅ လလောက်ရပြီး အချက်အလက် စုဆောင်းမိမှာပါ။  တွက်ချက်မှုကိုတော့ သုံးလလောက်အချိန်ပေးရပါတယ်။  ဒီအဆင့်မှာ  ယေဘုယျ ဆုံးဖြတ်ချက် ချလို့ရတဲ့ အဆင့်ထိ ကျွမ်းကျင်မှုဆိုင်ရာများ၊ သဘာဝနဲ့ လူမှုပတ်ဝန်းကျင်သက်ရောက်နိုင်မှုနဲ့ ကုစားမှုများ၊  စီးပွားရေး တွက်ခြေ ကိုက်မှု စိစစ်ချက်များအားလုံး  တော်တော်ပြည့်စုံအောင် တင်သွင်းရပါတယ်။             

ဆက်လက်ဖော်ပြပါမည်။