စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၄၇)

ဒီလိုပြည့်ပြည့်စုံစုံတင်ပြဖို့ ၁၈ လနဲ့ မလုံလောက်တဲ့ကိစ္စတွေရှိပါတယ်။ ဒေသအရ သွားလာရေးခက်တာ၊ ရာသီဥတုကြမ်းတာ၊ လက်နက်ကိုင်တိုက်ပွဲဖြစ်နေတဲ့ဒေသတွေမှာ ဝင်ရထွက်ရခက်နေတာ၊  အရေးအခင်းတွေဖြစ်နေတာ စတာတွေဖြစ်လာခဲ့ရင်တော့ ၁၈ လမပြည့်မီမှာ ကျိုးကြောင်းဖော်ပြပြီး စာချုပ်ကာလတိုးပေးဖို့ တင်ပြလို့ရပါတယ်။ ဝန်ကြီးဌာနက စိစစ်ပြီး မှန်ကန်ရင် ၆ လကနေ ၁ နှစ်အထိ သက်တမ်းတိုးခွင့်ပြု မိန့်ထုတ်ပေးပါတယ်။ ဒါပေမဲ့ လုပ်ငန်းဆောင်ရွက်မှုကို ဆောင်ရွက်ဆဲကာလအတွင်း ၃ လတစ်ကြိမ် ဌာနကို ပြန်ပြီးတင်ပြနေရမှာပါ။ ဌာနက ဝန်ထမ်းတချို့ကိုလည်း စူးစမ်းလေ့လာရေးအစီအစဉ်တွေမှာ တွဲဖက်ပေးထားတာဖြစ်တဲ့ အတွက် ဆောင်ရွက်မှုတွေကို ဌာနကလည်းသိပါတယ်။ တချို့က လေးလေးစားစားလုပ်ပါတယ်၊ ရသမျှအချက်အလက်နဲ့ ကြားဖြတ်အစီရင်ခံစာတင်ပြပါတယ်။ တချို့ကတော့ စီမံကိန်းစာချုပ် နောက်တစ်ဆင့်တက်ပြီးချုပ်ခွင့်ရရေးကိုသာဦးတည်ပြီး စူးစမ်းလေ့လာမှုအပေါ် ငွေလည်း သိပ်အကုန်မခံသလို ပညာရှင်ငှားရမ်းရာမှာလည်း ဘာသာရပ်အလိုက် တတ်ကျွမ်းသူကို ငွေကြေးကောင်းကောင်းထောက်ပံ့ပြီး မငှားကြဘဲ အချိန်တန်တော့ အကြိုဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာ (Prefeasibility Report)  လောက်ကို ဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာ (Feasibility Study Report) ပါဆိုပြီး တင်ပြလာတတ်ကြပါတယ်။

ဒီအဆင့်မှာ တင်ပြလာမှုတွေကို ဌာနရဲ့ကျွမ်းကျင်ပညာရှင်များနဲ့ ဌာနအတွက် နှစ်ရှည်ငှားရမ်းထားတဲ့ အတိုင်ပင်ခံတို့က အချိန်ယူ စစ်ရတယ်။ အပြန်အလှန် ပညာရှင်များ မျက်နှာချင်းဆိုင်ဆွေးနွေးရတယ်။ တချို့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ၎င်းတို့ငှားရမ်းထားတဲ့ ပညာရှင်ဆိုသူတွေက အတွေ့အကြုံအရဖြစ်စေ၊ စိတ်မှန်းအရဖြစ်စေ အပေါ်ယံလေ့လာပြီး မသေချာမရေရာတဲ့အချက်အလက်တွေနဲ့ တင်ပြလာတာတွေဟာ အဲဒီလို မျက်နှာချင်းဆိုင် တွေ့ဆုံစကားပြောရာမှာ ပေါ်တော့တာပါပဲ။ လေ့လာထားရင်တော့ အထောက် အထား၊ စာအုပ်စာတမ်း၊ စာရင်းဇယားတွေပါ စားပွဲပေါ်မှာ ချပြတော့တာပဲ။ ဒါတွေကိုပါ ဌာနနဲ့ ဌာနအတိုင်ပင်ခံက ဖြစ်နိုင်မဖြစ်နိုင်၊ ရယူစစ်ဆေးတာပဲ။ ဒီလိုစစ်ဆေးလို့ လိုအပ်တာတွေရှိရင် ထပ်ပြီးလေ့လာခိုင်းတယ်။ အချိန်နည်းနည်း ထပ်တိုးပေးတယ်။ ဒီလိုလုပ်တာဟာနိုင်ငံအတွက်ပဲ။ ဒုတိယအဆင့်မတက်မီမှာ သေချာခိုင်လုံတဲ့အထောက်အထားမရဘဲ တာဝန်ရှိဌာနက ဝန်ကြီးဌာန ကို ဆက်ပြီး မတင်သင့်သလို ဝန်ကြီးဌာနကလည်း နိုင်ငံတော်အဆင့်ကို မတင်သင့်ပါဘူး။ တချို့သော ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များနဲ့ ပြည်ပကုမ္ပဏီများဟာ ဌာနက Feasibility Study Report (FSR) ကို သေသေချာချာစစ်နေဆဲမှာပဲ နောက်တစ်ဆင့် လက်မှတ်ထိုးခွင့်ရရေး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားနေခဲ့ကြတယ်။ ဌာနမှာ လာပြီးအစစ်ဆေးခံနေဆဲမှာပဲ FSR တင်ပြီး လပိုင်း အတွင်း ဒုတိယဆင့်လက်မှတ်ထိုးဖို့ နည်းမျိုးစုံကြိုးစားကြရာမှာ ဌာနက စစ်ဆေးတာကြာနေကြောင်း၊ နိုင်ငံလျှပ်စစ် ဓာတ်အား လိုအပ်ချက်ကို အမြန်ဖြည့်ဆည်းရမယ့်ကိစ္စ ဌာနကဝန်ထမ်းတွေကြောင့် ကြန့်ကြာနေကြောင်း အပေါ်ဆင့်တက်ပြီး ပြောဆိုတာတွေ ဖြစ်လာတတ်ပါတယ်။ မဟုတ်မဟတ်သတင်းပို့မှုတွေ လုပ်လာကြတယ်။ အထက်အဆင့်တချို့ကလည်း သူ့အကြောင်းနဲ့သူ ဌာနတွေကို ဖိအားပေးတာတွေ လုပ်လာတတ်ပါတယ်။ တာဝန်ထမ်းခဲ့သူ ပညာရှင်အများစုဟာ ဒီဖိအားတွေကိုခံနိုင်အောင် ခံခဲ့ကြပါတယ်။ နိုင်ငံအတွက် လက်မခံနိုင်တာကို လက်မခံနိုင်ကြောင်း လေးလေးစားစား နည်းမျိုးစုံနဲ့ အဆင့်ဆင့်တင်ပြခဲ့တယ်။

တာဆန်းနားလည်မှုစာချွန်လွှာ

အခုတင်ပြလာတဲ့ တာဆန်း MOU အဆင့် hfFeasibility Report  ဟာ မူလက ထိုင်းကုမ္ပဏီလေ့လာမှုအပေါ် ဂျာမနီအတိုင်ပင်ခံ L.I က ၃၃၉၉ မဂ္ဂါဝပ်နဲ့ ကန်ရေပြည့် နိမ့်မြင့်မှတ် ၃၅၀ မီတာကို သတ်မှတ်ခဲ့တယ်။ ဒီလေ့လာတင်ပြချက်အစီရင်ခံစာကို စီမံကိန်းတည်နေရာမပြောင်းဘဲ မဂ္ဂါဝပ်တိုးပြီး EPDC,Tokyo က တစ်နှစ်အတွင်းအပြီး Feasibility Report တစ်ခု ထပ်ရေးခဲ့ပါတယ်။ တမံအမြင့် ၁၁၅ ပေ ထပ်မြှင့်ခြင်း၊ ကန်ရေပြည့်မှတ် ၁၄၇ ပေ ထပ်မြှင့်ခြင်း၊ ၆၄၀၀ မဂ္ဂါဝပ်ထိ တပ်ဆင်အင်အားတိုးခြင်း စသဖြင့် တွက်ချက်ဖော်ပြလာပါတယ်။ ဒီအစီရင်ခံ စာကို MDX Group of Company  က MEC ကို ပြန်တင်ပြခဲ့တယ်။ MEC က တစ်နှစ်လောက်အကြာမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို ဒီကိစ္စလွှဲပေးလိုက်ပြန်တယ်။ ဒီအချက်အလက်တွေပါတဲ့ အစီရင်ခံစာ အရပဲ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကလည်း ဒုတိယအဆင့် MOA ထိုးခဲ့တယ်။ နောက်ထပ် AF Colenco က ၂၀၀၄ ခုနှစ်မှာ အစီရင်ခံစာ ထပ်တင်လာတယ်။ EPDC ထက် မဂ္ဂါဝပ်ပိုများတဲ့ ၇၁၁၀ နဲ့ တွက်လာခဲ့တယ်။ ဒါတွေကတော့ MOA  အဆင့်ထိ အနှစ်ချုပ်ပါပဲ။

နောက် ၂ နှစ်ခန့်အကြာ ၂၀၀၆ ခုနှစ် ဧပြီလ ၃ ရက်နေ့မှာ နောက်တစ်ဆင့်တက်ပြီး အကောင်အထည်ဖော်မှု သဘောတူစာချုပ် (Joint Venture Agreement ) JVA ကို ရေအားလျှပ်စစ်ဦးစီးဌာနနှင့် MDX Group of Company Ltd; တို့ လက်မှတ်ရေးထိုးခဲ့ကြတယ်။ ဒီလို JVA  လက်မှတ်ထိုးဖို့ ပြင်ဆင်နေဆဲမှာပဲ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က လုပ်ငန်းခွင့်ပြုမိန့် (၂၀၀၆ ခုနှစ် မတ်လ ၃၀ ရက်နေ့) ထုတ်ပေးခဲ့ပါတယ်။

တာဆန်းအကျပ်အတည်း

နောက်နှစ်လခန့်မှာ လျှပ်စစ်ဝန်ကြီးဌာနကို နှစ်ခုခွဲလိုက်တော့ ဝန်ကြီး အပြောင်းအလဲဖြစ်သွားခဲ့ပြန်ပါတယ်။ အဲဒီနောက်မှာတော့  MDX  ကို လုပ်ငန်းရပ်စဲဖို့ စာထုတ်တာတွေ၊ တရားဥပဒေကြောင်းအရ တရားစွဲဖို့တွေ ဆက်တိုက်ဆောင်ရွက်လာတာတွေ့ရပါတယ်။ ဒီလိုနဲ့ ၂၀၁၀ ပြည့်နှစ်အထိ တာဆန်းစီမံကိန်းကြီးဟာ JVA သဘောတူစာချုပ်ကြီးနဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်တွေ ကိုင်ထားပြီး လုပ်ငန်းခွင် အကြို တည်ဆောက်မှုအနည်းအကျဉ်းလောက်သာလုပ်နိုင်ပြီး   ရပ်တန့်နေခဲ့ တယ်။ ဝန်ကြီးဌာနကတော့  MDX  ဘက်က အားနည်းချက်တွေရှိခဲ့ တယ်လို့ဆိုပါတယ်။ MDX ဟာ အချိန်ဆွဲနေတယ်လို့လည်း ဆိုပါတယ်။

၂၀၁၀ ပြည့်နှစ် စက်တင်ဘာလမှာ MDX နဲ့လုပ်နေတဲ့ လုပ်လက်စ အလုပ်ကိုရပ်ပြီး နောက်ထပ်တစ်ဖွဲ့ပြောင်းပြီး တာဆန်း လုပ်ငန်းခွင်ရဲ့ အထက်ဘက်မိုင်အနည်းငယ်တိုးပြီး တာဆန်းကဲ့သို့ စီမံကိန်းတစ်ခုလုပ် မယ်ဆိုပြီး အဲဒီတုန်းက ဝန်ကြီးဌာနဟာ စီစဉ်ခဲ့ပြန်တယ်။  စီမံကိန်းအမည် ကိုတော့ အထက်သံလွင် (မိုင်းတုံ)လို့ ကင်ပွန်းတပ်လိုက်ကြပြန်ပါတယ်။ အဲဒီတုန်းက  အစိုးရအဖွဲ့ အကြီးအကဲ (ဝန်ကြီးချုပ်)ကတော့ တာဆန်း ကိစ္စအပေါ် ဥပဒေနဲ့အညီပြတ်အောင်လုပ်ဖို့ မှတ်ချက်ပြုတယ်လို့ပဲ သိခဲ့ဖူးပါတယ်။ အဲဒီတုန်းက လည်း အစိုးရအဖွဲ့ကို တာဝန်ခံထားတာက ဝန်ကြီးချုပ်ဖြစ်ပေမယ့် အထက်ကကိုင်ထားတာက နိုင်ငံတော်အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ(နယက)ဖြစ်နေတာကြောင့် တာဆန်း ရဲ့အဖြစ်အပျက်တွေဟာ ပိုပြီးရှုပ်ထွေးသွားစေတယ်လို့ စာရေးသူမြင် ပါတယ်။ ဝန်ကြီးဌာနကတော့  MDX Group of Company  ကို သတိပေးတဲ့စာတစ်စောင်ကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလဆန်း မှာ ပို့ပါတယ်။ ရက်သတ္တနှစ်ပတ်အတွင်း  MDX ဘက်ကလည်း ဖြေရှင်းချက်ပြန်တင်ပြပါတယ်။

ဆက်လက်ဖော်ပြပါမည်။

မော်သာထွေး(မန္တလေး)