(၇၆)နှစ်မြောက်ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ကျိုင်းတုံမြို့၊ မြို့တော်ခန်းမနှင့် မြို့မအားကစားကွင်းတို့၌ ကျင်းပပြုလုပ်

(၇၆)နှစ်မြောက်ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ကျိုင်းတုံမြို့၊ မြို့တော်ခန်းမနှင့် မြို့မအားကစားကွင်းတို့၌ ကျင်းပပြုလုပ်
နေပြည်တော်၊ ဖေဖော်ဝါရီ - ၇
    (၇၆)နှစ်မြောက်ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ရာ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့ အကျိုးဆောင်ဂုဏ်ပြုမှတ်တမ်းရရှိသူများ၊ စီမံထူးချွန်တံဆိပ်ရရှိသူများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
    ဦးစွာတိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုကြသည်။ ထို့နောက် တိုင်းမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့သဝဏ်လွှာအားလည်းကောင်း၊ ပြည်နယ်အစိုးရ အဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌဦးရဲနိုင်က ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးထံမှပေးပို့သည့် သဝဏ်လွှာအား လည်းကောင်း အသီးသီး ဖတ်ကြားကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းပေါင်းစုံ ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဂုဏ်ဆောင်နှင့် တက္ကသိုလ်ဂုဏ်ဆောင်စံပြကျောင်းသား လူငယ်များ၊ နည်းပြများ၊ မြို့အကျိုး ဆောင်ဂုဏ်ပြုမှတ်တမ်းရရှိသူများ၊ စီမံထူးချွန်တံဆိပ်(ပထမအဆင့်) ရရှိသူများ နှင့် လူမှုရေးအသင်းအဖွဲ့အစည်းများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
    ညနေပိုင်းတွင် ကျိုင်းတုံမြို့၊ မြို့မအားကစားကွင်း၌ (၇၆)နှစ် မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ဖျော်ဖြေရေးအခမ်းအနားအား တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တိုင်းရင်းသားအလိုက် ခင်းကျင်း ပြသထားသော ရိုးရာပြခန်းများ အားလှည့်လည်ကြည့်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များ၏ သီဆို၊ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။