(၇၆)နှစ်မြောက်ရှမ်းပြည်နယ်နေ့ အခမ်းအနားကို လားရှိုးမြို့၊ ရန်တိုင်းအောင် ဆုတောင်းပြည့်မြို့ဦး စေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းရှိ ဆင်းရွှေလီ ကဇာတ်ရုံ၌ ကျင်းပပြုလုပ်

(၇၆)နှစ်မြောက်ရှမ်းပြည်နယ်နေ့ အခမ်းအနားကို လားရှိုးမြို့၊ ရန်တိုင်းအောင် ဆုတောင်းပြည့်မြို့ဦး စေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းရှိ ဆင်းရွှေလီ ကဇာတ်ရုံ၌ ကျင်းပပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၇

    (၇၆)နှစ်မြောက်ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရန်တိုင်းအောင် ဆုတောင်းပြည့်မြို့ဦး စေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းရှိ ဆင်းရွှေလီ ကဇာတ်ရုံ၌ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဋ္ဌဦးမျိုးကျော်၊ လားရှိုးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။
    ဦးစွာတိုင်းမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာ အားလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဋ္ဌဦးမျိုးကျော်က ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးထံမှပေးပို့သည့် သဝဏ်လွှာအားလည်းကောင်း အသီးသီး ဖတ်ကြားကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပညာရေးဆိုင်ရာဂုဏ်ပြုဆု၊ ကျန်းမာရေးဆိုင်ရာ ဂုဏ်ပြုဆု၊ အားကစားဆိုင်ရာ ဂုဏ်ပြုဆု၊ စိုက်ပျိုးရေးနှင့် လူမှုရေးဆိုင်ရာထူးချွန်ဆု ရရှိကြသူ များအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ရှမ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များ၊ မြောင်ဇီး၊ လီဆူ၊ ပလောင်တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၏ ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။ ၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိ သူများက (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တိုင်းရင်းသား ရိုးရာပြခန်းများနှင့် တိုင်းရင်းသားရိုးရာအစား အစာပြပွဲများအား လှည့်လည်ကြည့်ရှု၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။