တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ ဘုရားဖူးပြန်လာသည့် မော်တော်ယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် ဆရာတော် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ ဘုရားဖူးပြန်လာသည့် မော်တော်ယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် ဆရာတော် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိ

 

နေပြည်တော်၊ ဖေဖော်ဝါရီ - ၇

 

            တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့နယ်အတွင်း NUG ၊ CRPH လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ဘုရားဖူးပြန်လာသည့် မော်တော်ယာဉ်အား လက်နက်ငယ်များ ဖြင့် ပစ်ခတ်မှုကြောင့် သံဃာတော် ၁ ပါး အပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။

            ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးသန်းထွေး မောင်းနှင်ပြီး ကလိန်အောင်မြို့၊ ရာဖူးသစ်ကျေးရွာ၊ ဗုဒ္ဓသာသနာရက္ခိတကျောင်း ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တဉက္ကဋ္ဌနှင့် တပည့်ဒါယကာ ၈ ဦးတို့သည် ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းတွင် ရာဖူးသစ်ကျေးရွာမှ ထားဝယ်မြို့ရှိ ဘုရားများအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ပြန်လည် ထွက်ခွာလာစဉ် ညနေ ၃ နာရီခန့်တွင် ကလိန်အောင်မြို့၏တောင်ဘက် ၁၄ မိုင်ခန့်အကွာ နှမ်းကြဲ ကျေးရွာအနီးသို့ အရောက်၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် ဆရာတော် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးကာ ၆ ဦးတို့တွင် လက်နက်ငယ်ကျည်များ ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အဆိုပါ သေဆုံး၊ ဒဏ်ရာရရှိသူများအား ထားဝယ်မြို့၊ ပရဟိတအသင်းမှ မော်တော်ယာဉ်ဖြင့် ထားဝယ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

          အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်းလက်တွဲကာ  လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ  ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။