မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော် ထပ်မံထည့်သွင်း သွင်းလှူပူဇော်နိုင်ရေး စေတနာရှင် အလှူရှင်များက လာရောက်လှူဒါန်း

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော် ထပ်မံထည့်သွင်း သွင်းလှူပူဇော်နိုင်ရေး စေတနာရှင် အလှူရှင်များက လာရောက်လှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီ -

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကို ပြသရန်၊ တိုင်းပြည်အေးချမ်း သာယာမှု ရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အား အထောက်အကူဖြစ်စေရန် ရည်သန်လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း အစရှိသော စာပေ ကျမ်းဂန်များနှင့်အညီ တည်ဆောက်ပူဇော်လျက်ရှိသည်။

      အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ် ဗဟိုဌာနတွင် ဌာပနာတော် သွင်းလှူပူဇော်ခြင်းကို ဇန်နဝါရီ ၂၇ ရက်တွင်ပြုလုပ်ခဲ့ပြီး (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ရွှေထည် ၁၀၄ ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက် ရတနာပါရွှေထည်ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ ၃ ကီလိုဂရမ် အပါအဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြားများကို ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့သည်။

      ထို့ပြင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာန များတွင် ထပ်မံထည့်သွင်းလှူဒါန်းပူဇော်မည်ဖြစ်ပါသဖြင့် ကုသိုလ်တော် ရေရှည် တည်တံ့ခိုင်မြဲနိုင်မည့် အဖိုးတန်ကျောက်မျက်ရတနာများ ဌာပနာကုသိုလ်ပြုနိုင်ရန် အတွက် ယနေ့အထိ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေး နှိုးဆော်ထားလျက်ရှိသည်။

       နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်ထားရှိမှုကြောင့် (၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များက နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူ များထံသို့ ဝမ်းပန်းတသာ ဆက်သွယ်၍ ဌာပနာကုသိုလ်များကို ထည့်ဝင်လှူဒါန်း ခဲ့ကြရာ  လှူဒါန်းမှုစုစုပေါင်းမှာ ရွှေထည် ၁၂ ပိဿာ ၃၈ ကျပ်သား၊ ကျောက်မျက် ရတနာပါ ရွှေထည်ပစ္စည်း ၁၅ ပိဿာ ၇၂ ကျပ်သား၊ ကျောက်မျိုးစုံ ၉၂ ပိဿာ ၅၆ ကျပ်သား၊ ဓာတ်တော်မွေတော်၊ ပုလဲ၊ နှင့် ငွေထည်ပစ္စည်းများ၊ ဘွဲ့တံဆိပ်များနှင့် အလှူငွေ ၇၅၁၃၇၇၆၀၀ ကျပ်တို့ကို လာရောက်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

      (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ  အနေဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ် ဗဟိုဌာနများတွင် ဌာပနာတော်ထပ်မံထည့်သွင်း သွင်းလှူပူဇော်ရန်အတွက် ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများရှိပါသဖြင့် အဖိုးတန်ကျောက်မျက်ရတနာများ ၊ ဌာပနာ ပစ္စည်းများကို လက်ခံခြင်းမရှိတော့ဘဲ လှူဒါန်းငွေများကိုသာလက်ခံသွားမည်ဖြစ် ကြောင်း  နိဗ္ဗာန်အကျိုးမျှော် ၍ အသိပေး နှိုးဆော်အပ်ပါသည်။