စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၄၈)

MDX   ရဲ့  အကြောင်းပြန်ကြားစာကို  ဝန်ကြီးဌာနက  ဘယ်လိုသဘောထားတယ်တော့မသိပါဘူး။ MDX  ကို လျော်ကြေးတောင်းဖို့  ဥပဒေကြောင်းအရ လုပ်ရမယ့်အလုပ်တွေကို ဆက်လုပ်နေခဲ့ပါတယ်။ ယနေ့ထိ တရားစွဲတာလည်း မလုပ်ပါဘူး။ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေဆဲပါပဲ။

တာဆန်းနဲ့ အထက်သံလွင်(မိုင်းတုံ)နှစ်မျိုးကွဲပြီး အခြေအနေရှုပ်ထွေးနေချိန်မှာ ယခင်နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီကာလမှာ တာဝန်ထမ်းဆောင်ခဲ့သူ ဝန်ကြီးချုပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံလိုက်ရပါတယ်။ သမ္မတသစ်စတင်တာဝန်ယူပြီး မကြာမီလပိုင်းအတွင်း (၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်) မှာ  ယခင်နယကလက်ထက်မှာ မူလဒီဇိုင်းအရ တပ်ဆင်အင်အားမဂ္ဂါဝပ် ၄၂၀၀ ကို ၆၀၀၀ သို့ ပြောင်းလဲဆောင်ရွက်လိုက်တဲ့ ဧရာဝတီ မြစ်ဆုံစီမံကိန်းကိုလည်း ယာယီဆိုင်းငံ့လိုက်ပါတယ်။

နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ(နယက)ခေတ်မှာ ပြည်ပနဲ့ဖက်စပ်လက်မှတ်တွေရေးထိုးခဲ့တဲ့ ရေအား လျှပ်စစ်စီမံကိန်းတွေအပေါ်မှာ ပြည်သူတချို့က အမြင်မကြည်မလင်ဖြစ်ခဲ့ရာမှ သမ္မတအသစ်လက်ထက်မှာ လွတ်လပ်စွာ ဆွေးနွေး ရေးသားခွင့်တွေရလာတဲ့အတွက် အသံတွေပိုပြီးကျယ်လောင်လာခဲ့တယ်။ သမ္မတသစ်ကလည်း အရင်ကာလ ဝန်ကြီးချုပ်ဖြစ်စဉ် ကတည်းက လုပ်မယ့်စီမံကိန်းတွေကို လုပ်သင့်၊ မလုပ်သင့် မစမီမှာ သေသေချာချာစဉ်းစားဖို့၊ ဆုံးဖြတ်ဖို့ ဥပဒေနှင့်အညီလုပ်ကြဖို့သာ အမြဲမှတ်ချက်ပြုခဲ့သူတစ်ဦးပါ။ ချင်းတွင်းမြစ်ပေါ်က ထမံသီစီမံကိန်းကိစ္စမှာလည်း ယခင်နယကလက်ထက်မှာစတင်ပြီး အသေးစိတ် လေ့လာခဲ့ပေမယ့် ၂၀၁၃ ခုနှစ် သူတာဝန်ယူတဲ့ကာလမှာပဲ ဆက်လက်ဆောင်ရွက်ရန်မသင့်ကြောင်း ရဲရဲတင်းတင်းဆုံးဖြတ်ပြီး ရပ်စဲခဲ့သူပါ။

ဒါပေမဲ့ သူသမ္မတမဖြစ်မီ၊ စီမံကိန်းမစတင်မီကတည်းက ရေဝပ်ဧရိယာထဲက သစ်ပင်တွေခုတ်ပြီး ရှင်းထုတ်နေတာတွေ၊ တမံ တည်နေရာမှာရှိတဲ့ ရွာနှစ်ရွာကို ဟုမ္မလင်းမြို့အောက်ဘက် မိုင် ၃၀ လောက် ကွာဝေးတဲ့နေရာမှာ ရွှေပြည်အေးမြို့သစ်ဆိုပြီး  မြို့သစ်တစ်ခုတည်ပေးပြီး ပြောင်းရွှေ့တာတွေ၊ ဆည်မြောင်းဦးစီးဌာနကကုန်းကြောတမံတစ်ခုတည်ဆောက်နေတာတွေကတော့   အတော်ခရီးရောက်နေခဲ့ပြီးပါပြီ။ စေတီပုထိုးတချို့ဟာ ရွှေ့ပြောင်းပြီးဖြစ်နေပါပြီ။ ယခုအခါ ပြောင်းရွှေ့ပေးလိုက်ရတဲ့  ထမံသီ စီမံကိန်းတမံဧရိယာထဲက   ဒေသခံရွာသားတချို့ဟာ နေရာဟောင်းကို ပြန်ရောက်နေပြီး  ၎င်းတို့ပိုင်  စိုက်ပျိုးမြေများမှာ လုပ်ကိုင် စားသောက်နေကြတယ်လို့လည်း သိရပါတယ်။ ဒါတွေကိုတော့ သမ္မတသစ်ဟာ သူပြင်လို့မရတော့ပါဘူး။ အခုလာပြန်ပြီ။ သံလွင်မြစ် ပေါ်မှာ ပေ ၇၅၀ လောက်မြင့်တဲ့ တမံအကြီးစားတည်ဆောက်ပြီး ရေအားလျှပ်စစ်စီမံကိန်းတစ်ခု ဆောင်ရွက်ဦးမှာတဲ့။  ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာမလုပ်သမျှ ပြဿနာတွေရှိနေမှာပါပဲ။ တစ်ခုက ရှင်းလို့မပြီးခင် နောက်တစ်ခုက ပြဿနာပေါ် နေမှာပါပဲ။

နိဂုံးချုပ်ရရင်တော့ ထိုင်းကုမ္ပဏီ MDX Group of Company ကလည်း ဘာဆက်လုပ်ရမှန်းမသိသလို နိုင်ငံအနေနဲ့လည်း ဘာအကျိုး ကျေးဇူးမှမရခဲ့တဲ့ ဆောင်ရွက်ချက်များနဲ့ အချိန် နှစ် ၂၀ နီးပါးကုန်ခဲ့ပါပြီ။ တာဆန်းအတွက် လက်မှတ်ထိုးထားတဲ့ အပြည်ပြည်ဆိုင်ရာ စာချုပ်မှာ နှစ်ဖက် အကျေအလည်ညှိနှိုင်းလို့မရရင် တတိယနိုင်ငံတစ်ခုမှာ တရားရင်ဆိုင်ရမယ့် စာပိုဒ်ပါရှိ နေတာကိုလည်း ဂရုပြုကြ ရမှာပါ။ ဒီလိုမပြတ်မသားဖြစ်နေတဲ့အချိန်မှာ နောက်ထပ်ကုမ္ပဏီအစုအဖွဲ့တစ်ခုက တာဆန်းအထက်နားမှာကပ်ပြီး စီမံကိန်းသစ် တစ်ခုလုပ်ဖို့ လက်မှတ်ထိုးပြီး အသေးစိတ်စူးစမ်းလေ့လာမှုတွေ ဆက်ပြီးလုပ်ရဲတာဟာလည်း သတ္တိအတော်ကောင်းတဲ့ ကုမ္ပဏီလို့ ဆိုရမှာပါ။

ဒီကာလထဲမှာ (၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း) ရေအားလျှပ်စစ် မဂ္ဂါဝပ် ၄၀၀၀၀ ဝန်းကျင်ထိ  လုပ်ငန်းနဲ့ဆိုင်တဲ့စာချုပ်တွေ လက်မှတ်ရေးထိုးသွားခဲ့တာတွေ့ရပါတယ်။ ဒီနေ့ထိ ဒီလက်မှတ်ရေးထိုးမှုတွေထဲက ရွှေလီ(၁)နဲ့ တာပိန်(၁) နှစ်ခု ၈၄၀  မဂ္ဂါဝပ်ကလွဲလို့ ဘယ်စီမံကိန်းမှ အကောင်အထည်ဖော်တဲ့အဆင့်ထိ ရောက်မလာတာဟာလည်း အားနည်းချက်တွေရှိခဲ့လို့ပဲ ဆိုရမှာပါ။

အခန်း ( ၁၄ )

အထက်သံလွင်(မိုင်းတုံ)စီမံကိန်း

တာဆန်းစီမံကိန်းကို သံလွင်မြစ်ပေါ်မှာ ဆောင်ရွက်မယ်ဆိုပြီး ထိုင်းနိုင်ငံ (MDX) နဲ့ ဆောင်ရွက်လာတာ ဆယ်စုနှစ် နှစ်စုကျော် လောက်ကြာခဲ့ပါပြီ။ လုပ်ငန်းဆောင်ရွက်တော့မယ့်အဆင့်၊ ဖက်စပ်သဘောတူစာချုပ်ရေးထိုးပြီးအဆင့်ထိလည်း ရောက်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ တာဆန်းလုပ်ငန်းခွင်စခန်းရဲ့ အထက်ဘက်ကို အနည်းငယ်တိုးပြီး ရင်းနှီးမြှုပ်နှံသူအဖွဲ့သစ်တစ်ဖွဲ့ကို ထပ်မံလက်မှတ်ရေး ထိုးဆောင်ရွက်စေခဲ့ပြန်ပါတယ်။

အဲဒီအဖွဲ့ဟာ တရုတ်နိုင်ငံမှ China Three Gorges Corporation (CTGC)၊ ထိုင်းနိုင်ငံမှ EGAT နဲ့ မြန်မာနိုင်ငံမှ IGOEC ဆိုတဲ့ တိုင်းရင်းသား ကုမ္ပဏီတို့စုပေါင်းထားတဲ့အဖွဲ့ပါပဲ။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့မှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် စီမံရေးဦးစီးဌာနနဲ့ Memorandum of Understanding (MOU) ရေးထိုးခဲ့ကြပါတယ်။ ဒီ MOU အရ ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ Pre-Feasibility Study Report (Pre-FSR) တင်ပြလာပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလမှာ  အပြီးသတ်အစီရင်ခံစာ (Final FSR) တင်ပြလာပါတယ်။ ၎င်းတို့တင်ပြလာတဲ့နေရာဟာ  ယခင်တာဆန်း  စူးစမ်းလေ့လာစဉ်က  စဉ်းစားခဲ့ပေမယ့်  ဦးစားပေး ရွေးချယ်ခြင်း မပြုခဲ့တဲ့နေရာအနီးမှာပါပဲ။  တင်ပြလာတဲ့ Pre-FSR မှာပါတဲ့ အဓိကအချက်များထဲမှာ တာဆန်း (MDX) & JU FSRနဲ့ အနီးစပ်ဆုံးတူနေတာကတော့ စက်တပ်ဆင်အင်အား  ၇၁၁၀  မဂ္ဂါဝပ်ကို  ၇၀၀၀  မဂ္ဂါဝပ်အဖြစ်  ပြင်လာတာရယ်၊ ကန်ရေပြည့်နိမ့်မြင့်မှတ် ၃၉၅ မီတာကိုတော့ MDX  ရဲ့ မူလအစီအစဉ်ပါ လျာထားချက်နဲ့ အတူတူဆိုတဲ့နှစ်ချက်ပါပဲ။ ကျန်တဲ့ အချက်အလက်တချို့ကိုတော့ အောက်ကဇယားမှာ ဖော်ပြထားပါတယ်။

ဆက်လက်ဖော်ပြပါမည်။

မော်သာထွေး(မန္တလေး)