နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦးနှင့် အာဆီယံတူညီဆန္ဒ(၅)ချက်အပေါ် မြန်မာနိုင်ငံ၏ ရပ်တည်ချက်နှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်းသည့် အမေးအဖြေကဏ္ဍ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦးနှင့် အာဆီယံတူညီဆန္ဒ(၅)ချက်အပေါ် မြန်မာနိုင်ငံ၏ ရပ်တည်ချက်နှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်းသည့် အမေးအဖြေကဏ္ဍ

မေး - အာဆီယံတူညီဆန္ဒ (၅) ချက်ပေါ်ပေါက်လာပုံနဲ့ပတ်သက်ပြီး ရှင်းပြပေးစေလိုပါတယ်။

ဖြေ   -  ၂၀၂၁ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံဘုရင် ဆူလ်တန် ဟာဂျီဟာ ဆာနာလ်ဘိုလ်ကီးယားက ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ “အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး (ASEAN Leaders' Meeting)”ကို   ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း၊ အဆိုပါအစည်းအဝေးဟာ   ကိုဗစ်-၁၉ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း တစ်နှစ်ကျော်အကြာမှာ အာဆီယံခေါင်းဆောင်တွေ လူကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမယ့် အစည်းအဝေး ဖြစ်တာကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ပေးပါရန် ဖိတ်ကြားခဲ့ပါတယ်။ တကယ်တော့မြန်မာ့အရေးဆွေးနွေးဖို့ အခြားခေါင်းစဉ် တပ်ပြီး အာဆီယံခေါင်းဆောင်များရဲ့ အလွတ်သဘော အစည်းအဝေးဆိုပြီး ခေါ်ယူကျင်းပခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီအစည်းအဝေး အစီအစဉ်ကို အပိုင်း (၃)ပိုင်း ခွဲခြားပြုလုပ်ခဲ့ပါတယ်။ အပိုင်း(၁) အာဆီယံအသိုက်အဝန်း ထူထောင်ခြင်း၊ (၂) အာဆီယံနှင့် ပြင်ပဆက်ဆံရေး၊ (၃) ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စများအပေါ် အမြင်ချင်းဖလှယ်ခြင်းတို့ ပါဝင်ပါတယ်။ အာဆီယံ နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဆီယံ ဒေသတွင်း ရေရှည်ကြံ့ကြံ့ခံနိုင်မှုရှိပြီး စဉ်ဆက်မပြတ် ဒေသတွင်းပြန်လည် ထူထောင်ရေးကြိုးပမ်းမှု လုပ်ငန်းစဉ်တွေမှာ မြန်မာနိုင်ငံ အနေနဲ့ ဆက်လက်ပံ့ပိုးသွားမယ့် ကိစ္စရပ်တွေ၊ အာဆီယံရဲ့ဦးတည်ချက်တွေအောင်မြင်စေဖို့ အာဆီယံပဋိညာဉ် စာတမ်းနဲ့ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (TAC) မှာပါတဲ့အခြေခံမူတွေနဲ့အညီ အဖွဲ့ဝင်နိုင်ငံများနဲ့ အတူ နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမယ့် ကိစ္စရပ်တွေအပြင် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုတွေ၊ နိုင်ငံတော်အစိုးရ ရှေ့ဆက် ဆောင်ရွက်မယ့်လုပ်ငန်းစဉ်တွေကိုလည်း ပြည့်ပြည့်စုံစုံရှင်းလင်းပြောကြား ခဲ့ပါတယ်။

အဆိုပါအစည်းအဝေးမှာ အခြားအာဆီယံခေါင်းဆောင်တွေက မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများနဲ့ ပတ်သက်လို့ ဆွေးနွေး အကြံပြုခဲ့ကြပါတယ်။ ယင်းအကြံပြုချက်များနဲ့ပတ်သက်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်မိန့်ခွန်းမှာ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက် (၃) ချက်ဖြစ်တဲ့ (က)အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ အကြံပြုချက်အချို့ဟာ အပြုသဘော ဆောင်တာကို မှတ်သားထားပါကြောင်း၊ နိုင်ငံရဲ့ပြည်တွင်းရေး အခြေအနေပေါ်မူတည်ပြီးတော့ ထည့်သွင်းစဉ်းစားသွားမှာဖြစ်ကြောင်း၊ (ခ) မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်မှုရှိရေးကို ဦးစားပေးဆောင်ရွက်နေတာဖြစ်လို့ နိုင်ငံ့အကျိုးစီးပွားကိုအခြေခံပြီး အကြံပြုချက်တွေကို အလေးထားစဉ်းစားပေးမှာဖြစ်ကြောင်း၊ (ဂ) အကြံပြုချက်တွေဟာ နိုင်ငံတော်အစိုးရရဲ့ရှေ့လုပ်ငန်းစဉ်(၅)ရပ် အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုပြီး ASEAN Charter ၊ ASEAN Way၊ ASEAN Spirit တို့ကိုအခြေခံမယ် ဆိုရင်တော့ အပြုသဘော စဉ်းစားပေးသွားမယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

အဆိုပါ အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တဲ့ အာဆီယံဥက္ကဋ္ဌရဲ့ကြေညာချက်နောက်ဆက်တွဲမှာ အကြမ်းဖက်မှုတွေရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးနဲ့ စေ့စပ်ဆွေးနွေးမှု တွေပြုလုပ်ရေး၊ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်ခန့်အပ်ရေး၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေကို အာဆီယံ AHA စင်တာကတစ်ဆင့်ပေးအပ်သွားရေးနဲ့ အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ သွားရောက်ရေးတို့ပါဝင်တဲ့  တူညီဆန္ဒ(၅)ချက်ကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။ အဲဒီတူညီဆန္ဒ(၅)ချက် ထုတ်ပြန်မယ် ဆိုတာကို အာဆီယံဥက္ကဋ္ဌက အဖွဲ့ဝင်နိုင်ငံတွေကို ကြိုတင်အသိပေးညှိနှိုင်းခဲ့တာမဟုတ်ဘဲ အစည်းအဝေးအပြီး ဥက္ကဋ္ဌကြေညာ ချက်ရဲ့ နောက်ဆက်တွဲအဖြစ်သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်လို့ အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက် (ASEAN Consensus) နဲ့ ချမှတ်ခဲ့တာမဟုတ်ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံများနဲ့ အပြုသဘော ပူးပေါင်းဆောင်ရွက်မှုကို အာဆီယံအခြေခံမူများနဲ့အညီ ဆောင်ရွက်ရန်ရပ်တည်ချက်နဲ့ တူညီဆန္ဒ (၅) ချက်အကောင်အထည်ဖော် ရေးမှာ  ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

မေး -  အာဆီယံတူညီဆန္ဒ (၅) ချက်အပေါ် မြန်မာနိုင်ငံရဲ့ရပ်တည်ချက်ကဘယ်လိုပါလဲ။

ဖြေ -  အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ၂၄-၄-၂၀၂၁ ရက်နေ့မှာကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးဟာ အာဆီယံပုံမှန်ထိပ်သီး အစည်းအဝေးအနေနဲ့ ကျင်းပခဲ့တာမဟုတ်ဘဲ အာဆီယံနိုင်ငံ့ခေါင်းဆောင်များရဲ့ အလွတ်သဘော အစည်းအဝေးပုံစံနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။ တူညီဆန္ဒ (၅)ရပ်နဲ့အာဆီယံက ဆောင်ရွက်မယ်ဆိုတာကို အာဆီယံဥက္ကဋ္ဌက အဖွဲ့ဝင် နိုင်ငံတွေကို ကြိုတင်ချပြခဲ့တာမဟုတ်ဘဲ အစည်းအဝေးအပြီး ဥက္ကဋ္ဌကြေညာချက်နောက်ဆက်တွဲမှာ ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် တူညီဆန္ဒ (၅) ရပ်ဟာ မြန်မာနိုင်ငံအတွက် ဥပဒေအရစည်းနှောင်မှုမရှိဘဲ အာဆီယံနိုင်ငံများ အချင်းချင်း အပြုသဘော ဆောင်တဲ့ အကြံပြုတိုက်တွန်းချက်တွေအပေါ်မှာ သက်ဆိုင်ရာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံပြီး အာဆီယံမိသားစု စိတ်ဓာတ်နှင့် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ဖို့သာ မြန်မာနိုင်ငံအနေနဲ့  ခံယူထားပါတယ်။ အာဆီယံနိုင်ငံ့ ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ခဲ့တာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်တွေကို ၂၆-၄-၂၀၂၁ ရက်နေ့မှာ အတိအလင်း ထုတ်ပြန်ကြေညာခဲ့ပြီးလည်း ဖြစ်ပါတယ်။

အဆိုပါသတင်းထုတ်ပြန်ချက်ရဲ့ အဓိကအချက်တွေကတော့ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ ကျင်းပခဲ့တဲ့ “အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး (ASEAN Leaders' Meeting)” ကို ၂၀၂၁ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံဘုရင် ဆူလ်တန် ဟာဂျီဟာ ဆာနာလ်ဘိုလ်ကီးယားရဲ့ ဖိတ်ကြား ချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် ခဲ့ကြောင်း၊ အစည်းအဝေးမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အာဆီယံအသိုက်အဝန်း ထူထောင်ရေးကြိုးပမ်းမှုများနဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိခိုက်နစ်နာဆုံးရှုံးမှုများမှ ပြန်လည်နာလန်ထူရေးလုပ်ငန်းစဉ်များ အာဆီယံဥက္ကဋ္ဌရဲ့ ဦးစားပေး အစီအစဉ် များ အောင်မြင်စွာ အကောင်အထည်ဖော်ရန် အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံဥက္ကဋ္ဌတို့နဲ့ နီးကပ်စွာပူးပေါင်း ဆောင်ရွက်သွားမယ့် မြန်မာနိုင်ငံရဲ့ ကတိကဝတ်ပြုမှုကို ထပ်လောင်းပြောကြားခဲ့ကြောင်း၊ အစည်းအဝေးမှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက  ၂၀၂၁  ခုနှစ်၊  ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်ရဲ့တာဝန်ကို ၂၀၀၈ ခုနှစ် အခြေခံ ဖွဲ့စည်းပုံနှင့်အညီ တပ်မတော်ကတာဝန်ယူလွှဲပြောင်းရယူခဲ့ရတဲ့ အခြေခံအကြောင်းရင်း၊ ဆူပူဆန္ဒပြမှုတွေဖြစ်ပေါ် ပြောင်းလဲမှု အဆင့်ဆင့်၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဖွဲ့စည်းထားပုံ၊ ရှေ့ဆက်ဆောင်ရွက်မယ့်လုပ်ငန်းစဉ်တွေနဲ့ ဆောင်ရွက်ချက်တွေကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ အာဆီယံနိုင်ငံ့ခေါင်းဆောင်များက မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေနဲ့စပ်လျဉ်းပြီး အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက အာဆီယံခေါင်းဆောင်များရဲ့ အပြုသဘောဆောင်သော အကြံပြုချက်တွေကို အလေးအနက်ထားပါကြောင်း၊ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်မှုရှိရေးကို ဦးစားပေး ဆောင်ရွက်နေတာဖြစ်လို့ နိုင်ငံ့အကျိုးစီးပွားကိုအခြေခံပြီး အကြံပြုချက်တွေကို အလေးထားစဉ်းစားပေးမှာဖြစ်ကြောင်း၊ အကြံပြုချက်တွေဟာ နိုင်ငံတော်အစိုးရရဲ့ရှေ့လုပ်ငန်းစဉ် (၅) ရပ်အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုပြီး ASEAN Charter ၊ ASEAN Way၊ ASEAN Spirit တို့ကိုအခြေခံမယ်ဆိုရင်တော့ အပြုသဘောစဉ်းစားပေးသွားမှာဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခြေအနေအပေါ် ထင်မြင်ချက်များမပေးမီ အစည်းအဝေးမှာဖြန့်ဝေတဲ့ အချက်အလက်တွေကို သေချာစွာ လေ့လာပြီးမှ မှတ်ချက်ပြုစေလိုကြောင်း ပြောကြားခဲ့တာကို နိုင်ငံပိုင်သတင်းစာများမှ  တရားဝင် သတင်းထုတ်ပြန်ခဲ့ပါ တယ်။

အထက်မှာဖြေကြားခဲ့သလို မြန်မာနိုင်ငံဟာ အာဆီယံနဲ့တူညီဆန္ဒ (၅)ရပ်ကိုသာမက အာဆီယံမဏ္ဍိုင်(၃)ရပ်နဲ့ အာဆီယံ အသိုက်အဝန်း ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ ဒါကိုမြန်မာကိစ္စကြောင့် အာဆီယံဟာ အပိုင်းပိုင်းကွဲနေပြီ၊ မြန်မာ့အရေးကြောင့် အာဆီယံရဲ့လုပ်ငန်းစဉ်တွေ ရပ်တန့်နေတာမဖြစ်သင့်ဘူး စတဲ့စွပ်စွဲပြောဆို ရေးသားချက်တွေဟာ မြန်မာနိုင်ငံအတွက်မှန်ကန်မှုမရှိ၊ လိုရာဆွဲပြောဆိုနေတာဖြစ်ပြီး အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုမျိုး၊ ဖြေရှင်းမှုမျိုးကို ဖြစ်စေမှာမဟုတ်ဘဲ  နားလည်မှုလွဲမှားစေရေး  ပိုမိုဖြစ်စေဖို့ တွန်းအားပေးနေသလိုဖြစ်နေပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအပေါ် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူတွေနဲ့ဆန့်ကျင်ပြီး အာဆီယံထိပ်သီး အစည်းအဝေးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို နိုင်ငံရေးအရ ကိုယ်စားပြုသူမဟုတ်သူကသာ တက်ရောက် ရမယ်ဆိုတဲ့ အစဉ်အလာလည်းမရှိ၊ တစ်ဖက်သတ်ဆန်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်ဆောင်ရွက်နေတဲ့ အပေါ်လည်း အာဆီယံအတွင်း လက်မခံလိုတဲ့ အဖွဲ့ဝင်နိုင်ငံတွေလည်း ရှိနေပါတယ်။ ဒီနေ့အခါမှာအင်အားကြီးနိုင်ငံတွေရဲ့ ပထဝီနိုင်ငံရေး အားပြိုင်မှုတွေကြောင့် အာဆီယံဟာ တူညီဆန္ဒနဲ့ ဆွေးနွေးညှိနှိုင်းမှုကို  အခြေခံပြီး ဆုံးဖြတ်ချက်တွေချမှတ်တဲ့ အစဉ်အလာ ကိုထိန်းသိမ်းရမှာဖြစ်ပါတယ်။

မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့တွေအဖြစ်တရားဝင်ကြေညာထားတဲ့ NUG၊ CRPH၊ PDF တွေရဲ့ ရဟန်းသံဃာတွေ၊ အပြစ်မဲ့ ပြည်သူတွေ၊ ပြည်သူ့ဝန်ထမ်းတွေ၊ ကျောင်းသား ကလေးသူငယ်တွေကို လူမဆန်စွာနဲ့ အလွန်ရက်စက် ကြမ်းကြုတ်တဲ့ အကြမ်းဖက် သတ်ဖြတ်တဲ့ လုပ်ရပ်တွေကိုတော့ ဒေသတွင်းနဲ့ ကမ္ဘာ့မီဒီယာတွေကမဖော်ပြဘဲ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းမှား၊ သတင်းတုတွေကိုပဲ တစ်ဖက်စောင်းနင်း ရေးသားဖော်ပြနေကြတာဟာ အကြမ်းဖက်မှု၊ အစွန်းရောက်မှုကို အားပေးအားမြှောက် ပြုနေသလို ဖြစ်နေပါတယ်။ အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပကတိ အခြေအနေမှန် တွေကို လက်တွေ့ကျကျ အမှန်အတိုင်းရှုမြင်ပြီး မြန်မာနိုင်ငံအစိုးရနဲ့ နီးကပ်စွာပူးပေါင်းဆောင်ရွက်ဖို့လိုသလို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးက ချမှတ်ခဲ့တဲ့ တူညီဆန္ဒ (၅) ချက် အကောင်အထည် ဖော်မှုဆိုင်ရာ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်ဆိုပြီး စုစုပေါင်း အချက် (၁၅) ချက်ကိုချမှတ်ပြီး မြန်မာနိုင်ငံအပေါ်ထပ်မံ ဖိအားပေးဖို့ ကြိုးပမ်းဆောင်ရွက်နေတာဟာလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရရဲ့အာဆီယံနဲ့ အပြုသဘောပူးပေါင်း ဆောင်ရွက်မှုတွေ၊ မြန်မာနိုင်ငံရဲ့ အာဆီယံအသိုက်အဝန်းထူထောင်မှု အခန်းကဏ္ဍမှာတက်တက်ကြွကြွ ပံ့ပိုးပူးပေါင်းဆောင်ရွက်မှု တွေကို လျစ်လျူရှုထားသလို ဖြစ်တဲ့အပြင် အာဆီယံစိတ်ဓာတ်၊ အာဆီယံလမ်းစဉ်တွေကနေ သွေဖည်ဆောင်ရွက်နေတယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။ ယင်းဆုံးဖြတ်ချက် (၁၅) ချက်နဲ့ပတ်သက်ပြီးတော့လည်း ၁၁-၁၁-၂၀၂၂ ရက်နေ့မှာနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

မေး       -           အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်ခန့်အပ်မှုတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ကိုလည်း ရှင်းပြ ပါဦး။

ဖြေ       -           မြန်မာနိုင်ငံက အာဆီယံတူညီဆန္ဒ (၅)ချက်မှာပါတဲ့ အချက်(၃)ဖြစ်တဲ့ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ခန့်အပ်ခြင်းနဲ့ အချက်(၅)ဖြစ်တဲ့ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကိုလာရောက်တဲ့ခရီးစဉ်များမှာ မြန်မာနိုင်ငံရဲ့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြသတဲ့အနေနဲ့ အတတ်နိုင်ဆုံးဖြစ်သင့်၊ ဖြစ်နိုင်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။

အထူးကိုယ်စားလှယ်ခန့်အပ်ခြင်းမှာ အာဆီယံဘက်က မြန်မာနိုင်ငံရဲ့သမိုင်းစဉ်လာ၊ ပြည်တွင်းရေး ပကတိအခြေအနေများနဲ့ နိုင်ငံတော်ရှေ့ဆက်သွားမယ့် လမ်းစဉ်တွေကို ပူးပေါင်းဆောင်ရွက်ပေးဖို့နဲ့ ရိုးသားမှု၊ နားလည်မှုကိုအခြေခံတဲ့ အဆိုပြုချက်တွေကို ပြုလုပ်ပေးဖို့အရေးကြီးပါတယ်။ အာဆီယံဥက္ကဋ္ဌရဲ့ပထမဆုံး   အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ဖို့အာဆီယံဘက်က ၂၀၂၁ ခုနှစ်မှာ ထိုင်းနိုင်ငံမှ ယခင်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဗီယာဆပ်ဒီဖူထရာကူ၊ အင်ဒိုနီးရှားနိုင်ငံမှ ယခင် နိုင်ငံခြားရေးဝန်ကြီး ဟာဆန်ဝီရာ ဂျူဒါ နှင့် မလေးရှားနိုင်ငံမှ ရာဇလီအစ်ဇမေ တို့ရဲ့အမည်စာရင်းတွေကို မြန်မာအစိုးရဘက်သို့ အဆိုပြုပေးပို့ခဲ့ပါတယ်။ ၎င်းတို့အထဲ က ထိုင်းနိုင်ငံမှ ယခင်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဗီယာဆပ်ဒီဖူထရာကူကို အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံမှ လက်ခံကြောင်း ၆-၇-၂၀၂၁ ရက်နေ့မှာ အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံသို့ တရားဝင်အကြောင်းပြန်ကြားခဲ့ပါတယ်။ ဒါပေမဲ့ အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂)ဒါတိုအီရာဝမ်ပီဟင်ယူဆွတ်ကို ခန့်အပ်ဖို့ ပြောင်းလဲ အဆိုပြု လာပြန်ပါတယ်။ အာဆီယံဘက်က အထူးကိုယ်စားလှယ်အဖြစ် မူလအဆိုပြုခဲ့တဲ့ သုံးဦးအပြင် ဘရူနိုင်းနိုင်ငံခြားရေး ဝန်ကြီး(၂)ကို  ခန့်အပ်ဖို့ ပြောင်းလဲအဆိုပြုလာတာကြောင့် မြန်မာနိုင်ငံဘက်က  ထိုင်းနိုင်ငံဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်းကို    လက်ခံကြောင်း ပြန်ကြားခဲ့သော်လည်း အထူးကိုယ်စားလှယ် ခန့်အပ်ရေးကိစ္စဟာ ရှေ့မဆက်နိုင်ဖြစ်ခဲ့ ရပါတယ်။ အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲ့သဘောထားဖြစ်တဲ့ အထူးကိုယ်စားလှယ်ဟာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံရဲ့ အစိုးရအဖွဲ့ဝင် တစ်ဦးမဖြစ်သင့်ကြောင်း၊ နိုင်ငံရေးလွှမ်းမိုးမှုတွေမရှိဘဲ လွတ်လပ်တဲ့ပုဂ္ဂိုလ်ကိုခန့်အပ်မှသာ အထူး ကိုယ်စားလှယ်ရဲ့ လုပ်ငန်းတာဝန်တွေကို လွတ်လပ်စွာထမ်းဆောင်နိုင်မှာဖြစ်ကြောင်း၊ ဒါကြောင့် အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စား လှယ်အဖြစ်ခန့်အပ်ဖို့ အာဆီယံဘက်က ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး(၂)ကို ပြောင်းလဲအဆိုပြုတာကို မြန်မာနိုင်ငံက လက်မခံနိုင် ကြောင်းကို   စာနဲ့အကြောင်းပြန်ကြားခဲ့ပါတယ်။

ဒါပေမဲ့ ၂-၈-၂၀၂၁ ရက်နေ့မှာကျင်းပ တဲ့ (၅၄) ကြိမ်မြောက်အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် မူလအဆိုပြုခဲ့တဲ့ အမည်စာရင်းတွေကို ပြန်လည် ရုပ်သိမ်းခဲ့ပြီး ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) ဒါတိုအီရာဝမ်ပီဟင်ယူဆွတ်ကို ခန့်အပ်ဖို့အဆိုပြုခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံတူညီဆန္ဒ(၅)ချက်အပေါ် ဆောင်ရွက်နိုင် တာတွေကို ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်ဆိုတာကို   ပြသတဲ့အနေနဲ့ ၄-၈-၂၀၂၁ ရက်နေ့မှာကျင်းပတဲ့ နိုင်ငံခြား ရေးဝန်ကြီးများ သီးသန့်အစည်းအဝေးမှာ အာဆီယံဥက္ကဋ္ဌရဲ့  အထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) ဒါတိုအီရာဝမ်ပီဟင် ယူဆွတ်ကို ခန့်အပ်မယ့်ကိစ္စကို မြန်မာနိုင်ငံက သဘောတူပေးခဲ့ပါတယ်။ အဆိုပါအစည်းအဝေးမှာ နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရဲ့ရပ်တည်ချက် (၃) ချက်ဖြစ်တဲ့ အထူးကိုယ်စားလှယ်ဟာ မြန်မာအစိုးရနဲ့နီးကပ်စွာတရားဝင် ဆွေးနွေးမှုတွေပြုလုပ်ပြီး တူညီဆန္ဒ(၅)ချက်နဲ့အညီသာ လုပ်ငန်းတာဝန်တွေကိုဆောင်ရွက်ဖို့၊ မြန်မာနိုင်ငံဟာ တူညီဆန္ဒ(၅)ချက် အပြင် အဆိုပြုချက်အသစ်တွေကို လက်ခံမှာမဟုတ်ကြောင်း၊ အထူးကိုယ်စားလှယ်ဟာ တာဝန်တွေထမ်းဆောင်တဲ့အခါ နိုင်ငံတစ်နိုင်ငံရဲ့ လွတ်လပ်ခွင့်၊ အချုပ်အခြာအာဏာ၊ သာတူညီမျှရှိမှု၊ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲမှု၊ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဖို့နဲ့ ပြင်ပဝင်ရောက်စွက်ဖက်မှု၊ သိမ်းသွင်းမှု၊ အကျပ်ကိုင်မှုတွေမပြုဘဲ မိမိနိုင်ငံရဲ့ကံကြမ္မာကို မိမိကိုယ်တိုင် ဖန်တီးနိုင်မှုဆိုတဲ့ အခွင့်အရေးကိုလေးစားဖို့ ပြောကြားခဲ့ပြီး ယင်းပြောကြားချက်တွေကို အစည်းအဝေးမှာ မှတ်တမ်းတင်ထားရှိရေး ပြောကြားခဲ့ပါတယ်။

မေး       -           မြန်မာနိုင်ငံအနေနဲ့ အာဆီယံတူညီဆန္ဒ(၅)ရပ်ကို ဘယ်လိုအကောင်အထည် ဖော်နေပါသလဲ။

ဖြေ       -           မြန်မာနိုင်ငံအစိုးရဟာ နိုင်ငံတွင်းငြိမ်းချမ်းတည်ငြိမ်မှုရရှိရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ် အကောင်အထည် ဖော်ရေး ကြိုးပမ်းနေမှုနဲ့အတူ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းကို  အာဆီယံဥက္ကဋ္ဌရဲ့ ယခင်အထူးကိုယ်စားလှယ်များနဲ့ အပြုသဘောနီးကပ်စွာလည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။   မြန်မာနိုင်ငံရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ဟာ အာဆီယံတူညီဆန္ဒ(၅)ချက် မပေါ်ပေါက်ခင်ကတည်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည် ဖော်ဆောင်ရေးအတွက် ဦးတည်ချမှတ်ခဲ့ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကိုယ်တိုင်ဦးဆောင်ကာ တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းမှုရရှိရေးအတွက် ကြိုးပမ်းမှုများအပါအဝင်၊ လုပ်ငန်းစဉ်(၅)ရပ်ကို ဟန်ချက်ညီညီ ဆောင်ရွက်လျက်ရှိပါတယ်။

ငြိမ်းချမ်းရေးကြိုးပမ်းမှုများဟာ အကြမ်းဖက်မှုတွေရပ်တန့်ရေးအတွက် အာဆီယံမှ တောင်းဆိုထားတဲ့ အချက်နံပါတ်(၁)ကို နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော်ရာမှာ သိသာထင်ရှားတဲ့ ဆောင်ရွက်ပေးနေတဲ့အချက်ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံရဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ်မှာလည်း ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး  Mr. Prak Sokhonn ကို အာဆီယံဥက္ကဋ္ဌရဲ့ အထူး ကိုယ်စား လှယ်အဖြစ် ခန့်အပ်ခဲ့တာကို  မြန်မာနိုင်ငံမှသဘောတူလက်ခံခဲ့ပါတယ်။ Mr. Prak Sokhonn ရဲ့ ပထမဆုံးအကြိမ် မြန်မာနိုင်ငံခရီးစဉ်ကို ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိနဲ့ ဒုတိယအကြိမ်ခရီးစဉ်ကို  ၂၀၂၂  ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိ လာရောက်ခဲ့တာတွေကိုလည်း မြန်မာနိုင်ငံမှ လိုအပ်သည်များ ပံ့ပိုးပူးပေါင်းဆောင်ရွက်ပေးခဲ့ပါတယ်။ ၎င်း၏ ခရီးစဉ်များအတွင်း မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနက်မှ တွေ့ဆုံခွင့် စီစဉ်ပေးနိုင်မယ့်အဖွဲ့တွေနဲ့ တွေ့ဆုံခွင့်ရရှိဖို့ စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။ အာဆီယံ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့ခေါင်းဆောင် Dr. KUNG Phoak ရဲ့ မြန်မာနိုင်ငံခရီးစဉ် နှစ်ကြိမ်ကိုလည်း စီစဉ်ဆောင်ရွက် ပေးခဲ့ပါတယ်။

အထူးကိုယ်စားလှယ်များခန့်ထားမှု၊ လက်ခံပူးပေါင်းဆောင်ရွက်ပေးမှု၊ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကိုကြည့်ရင် မြန်မာ အစိုးရဟာ တူညီဆန္ဒ(၅)ချက်ရဲ့ အရေးကြီးတဲ့အချက်တွေကို အာဆီယံနဲ့ ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ တူညီဆန္ဒ(၅)ချက်ရဲ့ သိသာထင်ရှားတဲ့တိုးတက်မှု နောက်တစ်ခုကတော့ ASEAN Coordinating Centre for Humanitarian Assistance on Disaster Management AHA Centre မှတစ်ဆင့် လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ ပေးအပ်နေတာကို မြန်မာနိုင်ငံအစိုးရမှ တိုင်းဒေသကြီးပြည်နယ်တွေ အဆင့်အထိ အပြည့်အဝ ပူးပေါင်းဖြည့်ဆည်းပေးလျက် ရှိနေတာ ဖြစ်ပါတယ်။

            မြန်မာနိုင်ငံကို AHA Centre မှတစ်ဆင့် လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်တဲ့လုပ်ငန်းစဉ်ကို အဆင့်နှစ်ဆင့် သတ်မှတ်ပြီး အကောင်အထည်ဖော်လျက်ရှိပါတယ်။ မြေပြင်မှာ AHA Centre ရဲ့ရည်မှန်းချက်တွေ အောင်မြင်စွာ အကောင် အထည်ဖော် နိုင်စေရေးအတွက်နဲ့ မူဝါဒဆိုင်ရာညှိနှိုင်းဆောင်ရွက်မှုတွေကို အဆင်ပြေချောမွေ့စေဖို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်တဲ့ မြန်မာလုပ်ငန်းအဖွဲ့ (Myanmar Task Force)ကိုလည်း ဖွဲ့စည်း ထားပါတယ်။ ယခုဆိုရင် ပထမအဆင့်ဖြစ်တဲ့ အသက်ကယ်ရေး အကူအညီတွေပေးအပ်တဲ့ လုပ်ငန်းစဉ်ဟာ အောင်မြင် ချောမောစွာ ပြီးစီးခဲ့ပြီဖြစ်သလို ဒုတိယအဆင့်ဖြစ်တဲ့ ဘဝရှင်သန်တည်မြဲရေး အကူအညီတွေ ပေးအပ်ဖို့အတွက်ကိုလည်း မြန်မာနိုင်ငံက အာဆီယံနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ အာဆီယံတူညီဆန္ဒ (၅) ချက်ကို အကောင် အထည်ဖော်တဲ့နေရာမှာ တိုးတက်မှုမရှိဘူးလို့ ပြောဆိုစွပ်စွဲနေကြတာတွေက လုံးဝအခြေအမြစ်မရှိဘူးဆိုတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

မေး       -           မြန်မာနိုင်ငံဟာအာဆီယံနဲ့ ရှေ့ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ့် အစီအစဉ်များကို သိလိုပါတယ်။

ဖြေ       -           အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံကောင်းပီသစွာနဲ့ အာဆီယံ ပဋိညာဉ်စာတမ်း၊   အရှေ့တောင်အာရှ

ချစ်ကြည်ရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးစာချုပ်နဲ့ အာဆီယံအသိုက်အဝန်းထူထောင်ရေး မျှော်မှန်းချက်လမ်းပြမြေပုံတွေမှာပါရှိတဲ့ အာဆီယံစံနှုန်းတွေ၊ အာဆီယံလမ်းစဉ်တွေ၊ အာဆီယံမူတွေပေါ်မှာ ခိုင်မာစွာရပ်တည်ပြီးတော့ အဖွဲ့ဝင်နိုင်ငံတွေ လိုက်နာ ဆောင်ရွက်ရမယ့် ဘဏ္ဍာရေးပိုင်း၊ လုပ်ငန်းပိုင်းတာဝန်ဝတ္တရားတွေကိုကျေပွန်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

ယနေ့အချိန်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေး အခြေအနေတွေကို အကြောင်းပြုပြီးတော့ အာဆီယံပဋိညာဉ်စာတမ်းပါ စံနှုန်းတွေနဲ့ အခြေခံမူတွေကို ကျော်လွန်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ် ကန့်ကွက်ဖိအားပေးမှုတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ စည်းမျဉ်းအခြေခံတဲ့ အသိုက်အဝန်းထူထောင်ရေးကို ဦးတည်နေတဲ့ အာဆီယံအဖွဲ့ကြီးအပေါ် အများယုံကြည်လက်ခံနိုင်မှုကို ထိခိုက်စေတဲ့အပြင် အာဆီယံဗဟိုအချက်အချာကျမှုနဲ့ စည်းလုံးညီညွတ်မှုကိုပါ ထိခိုက်စေမှာကိုလည်း အထူးသတိပြုသင့်ပါတယ်။ အင်အားကြီးနိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုတွေဒေသအတွင်း စိမ့်ဝင်ပျံ့နှံ့မလာစေဖို့  အာဆီယံမှာကျင့်သုံးနေတဲ့ ကောင်းမွန်တဲ့  ထုံးတမ်းစဉ်လာများနဲ့ အာဆီယံနိုင်ငံတွေနဲ့ ပြည်သူတွေအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ တစ်နိုင်ငံချင်းစည်းလုံးညီညွတ်မှုတွေကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ဖို့နဲ့ မိမိတို့ရဲ့တစ်ဦးချင်း ကိုယ်ကျိုးစီးပွားနဲ့ နိုင်ငံရေးလိုလားချက်တွေကိုရှေ့တန်းမတင်ဖို့ အရေးကြီးတဲ့ အချိန်အခါပင်ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ကြီး စတင်တည်ထောင်ခဲ့တဲ့ နှစ်ပေါင်း(၅၅)နှစ်အတွင်း ဒေသတွင်း နိုင်ငံတွေအချင်းချင်း ချစ်ကြည်ရင်းနှီးစွာနဲ့ နိုင်ငံအချင်းချင်း  ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေကတစ်ဆင့် ဒေသတွင်းနိုင်ငံရေးဟန်ချက်ညီမှု၊ စီးပွားရေးဖွံ့ဖြိုးမှု၊ လူမှုရေး နှင့် ယဉ်ကျေးမှု တိုးတက်ဖြစ်ပေါ်ရေးတို့ကို မြှင့်တင်နိုင်ခဲ့ကြပါတယ်။ အာဆီယံ နိုင်ငံတွေအကြား မတူညီတဲ့နိုင်ငံရေးစနစ်၊ စီးပွားရေးတိုးတက်မှု ကွာဟချက်စတဲ့ ကွဲပြားမှုတွေရှိနေပေမယ့် အဲ့လိုမတူညီမှုတွေနဲ့ပေါင်းစည်းထားတဲ့ အာဆီယံအသိုက်အဝန်း ကတစ်ဆင့် ရရှိလာမယ့်ရလဒ်တွေနဲ့အကျိုးစီးပွားတွေကို အတူတကွခံစားကြပြီး စိန်ခေါ်မှု အခက်အခဲတွေကိုလည်း အာဆီယံ လမ်းစဉ်၊ အာဆီယံညီညွတ်မှု၊ အာဆီယံစိတ်ဓာတ်တို့နဲ့ ကြံ့ကြံ့ခံရင်ဆိုင် ဖြေရှင်းသွားကြရမှာသာဖြစ်ပါတယ်။ အာဆီယံ အဖွဲ့ဝင်  မြန်မာနိုင်ငံဟာ အာဆီယံရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ “ပြည်သူရှေးရှု ပြည်သူ့ဗဟိုပြု အာဆီယံအသိုက်အဝန်းကြီး” ရေရှည်တည်တံ့ စေဖို့နဲ့ အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်တွေကို ပြည့်မြောက် အောင်မြင်နိုင်စေဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ အာဆီယံ မိတ်ဖက်နိုင်ငံတွေနဲ့အတူ စုစည်းညီညွတ်စွာနဲ့ မြန်မာနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းမြှင့်တင်ပြီး မိတ်ဝတ်မပျက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။  ။