စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၄၉)

အစီရင်ခံစာပါ အဓိကအချက်တွေ သုံးသပ်ဖော်ပြရမယ်ဆိုရင် -

(က) ရင်းနှီးမြှုပ်နှံစရိတ်/တစ်မဂ္ဂါဝပ်ကုန်ကျစရိတ်

FSR မှာဖော်ပြခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုစရိတ်ဟာ မဂ္ဂါဝပ် ၇၀၀၀ လောက် ရှိတဲ့ အကြီးစားစီမံကိန်းသံလွင်လို ရေစီးနှုန်းထုထည်ကောင်းတဲ့ စီမံကိန်း မျိုးမှာ တစ်မဂ္ဂါဝပ်အတွက် ၁ ဒသမ ၈ ဒေါ်လာသန်းထိ ကုန်ကျမယ်ဆို တာ အများဘက်ကို ရောက်နေပါတယ်။ အလွန်ကောင်းမွန်တဲ့နေရာမှာ ဒီလောက်ကုန်ကျနေတယ်ဆိုတာ စီမံကိန်းတည်နေရာ ရွေးချယ်မှု တစ်ခုခု အားနည်းချက်ရှိ နေတယ်လို့   ပထမသုံးသပ်ပါမယ်။   ဒုတိယကတော့ တရုတ်နယ်စပ်ကနေ စီမံကိန်းထိ တန် ၁၀၀ ယာဉ်လောက်သွားလို့ရမယ့် လမ်း ကုန်ကျမယ့်စရိတ်နဲ့ ထိုင်းနိုင်ငံကိုသွယ်တန်းမယ့် ၅၀၀ ကီလိုဗို့  ဓာတ်အားလိုင်း  ကီလိုမီတာ  ၁၀၀၀ လောက်ရဲ့စရိတ်ဟာ လုပ်ငန်း ပမာဏများလွန်းလို့ ဈေးနှုန်းကြီးမြင့်နေတာလည်း ပါပါလိမ့် မယ်။ တစ်မဂ္ဂါဝပ်ရဲ့ ရင်းနှီးမြှုပ်နှံမှုစရိတ် အလွန်ကြီးတဲ့စီမံကိန်းဖြစ်လို့ စီးပွားရေးဆန်းစစ်မှု (Financial Analysis) အပေါ် စဉ်းစားရပါမယ်။

(ခ) ဓာတ်အားခန့်မှန်းရောင်းဈေး

မိမိနိုင်ငံထဲမှာ  သံလွင်မြစ်ဟာ  တစ်နှစ်လုံးနဲ့ခြုံကြည့်ရင် ရေအားအရင်းအမြစ်ကောင်းတဲ့မြစ်ပါ။ ဒီမြစ်ပေါ်မှာ အထက်သံလွင် (ကွမ်းလုံ) အတွက် ဖက်စပ်သဘောတူညီချက် (Joint Venture Agreement) စာချုပ်ချုပ်ဆိုစဉ်ကတောင်  မဂ္ဂါဝပ်  ၁၄၀၀  တပ်ဆင် အင်အားရှိတဲ့ စက်ရုံကနေထွက်မယ့် ဓာတ်အားတစ်ကီလိုဝပ်နာရီအတွက် 5.5 UScent ထက်မပိုစေဘဲ ဓာတ်အား ထုတ်လုပ်ဖို့ သဘောတူခဲ့ပါသေးတယ်။ အလားတူပဲ အခြားသောလည်ပတ်နေဆဲ  တရုတ်ကုမ္ပဏီများနဲ့  ဆောင်ရွက်တဲ့ ဖက်စပ် စက်ရုံတွေမှာ လည်း တစ်ကီလိုဝပ်နာရီအတွက် 4 UScent ဝန်းကျင်နဲ့ ဆောင်ရွက်နိုင်ကြပါတယ်။ နောက်ထပ်အသစ်လုပ်မယ့် တာပိန်(၂)၊ ရွှေလီ(၂) တွေကိုလည်း 6 UScent  ထက်မပိုအောင်  ညှိနိုင်ခဲ့ပါတယ်။ ဒါကြောင့်  အထက်သံလွင် မိုင်းတုံဟာ မဂ္ဂါဝပ် ၇၀၀၀ အထိ တပ်ဆင် ထားပြီး အရင်းအမြစ်အလွန်ကောင်းပါလျက် မြန်မာဘက်ခြမ်းကို ရောင်းဈေး 7.35 UScent/KWh ဆိုတာဟာ အများဘက် ရောက်နေပါတယ်။ ဒါဟာ လာအိုက ထိုင်းကိုရောင်းတဲ့ ဈေးထက်တောင် ပိုနေပါတယ်။ ဒါကြောင့်  ဒီလို ဈေးကြီးရတဲ့  အကြောင်း အရင်းမြစ်ကိုရှာပြီး ဓာတ်အားတစ်ယူနစ် ထုတ်လုပ်မှုစရိတ် 5.5 UScent ထက်မပိုတဲ့ ဈေးနှုန်းခန့်နဲ့ ရမှသာ သံလွင်မြစ်ပေါ်မှာ လုပ်ရကျိုးနပ်မှာပါ။

(ဂ) စက်စွမ်းရည် (Capacity Factor) ကိစ္စ

ရေအားအရင်းအမြစ်ကောင်းတဲ့ ရေအားလျှပ်စစ်အကြီးစားများဟာ ယေဘုယျအားဖြင့် စက်စွမ်းရည် ၀ ဒသမ ၆ ဝန်းကျင်ရှိတတ် ပါတယ်။ ဆည်ရေပေးဝေရေး၊ မြို့ရေပေးဝေရေး၊ ရေလွှမ်းမိုးမှုကာကွယ်ရေး စတဲ့ ဘက်စုံကြည့်ရတဲ့ စီမံကိန်းတွေမှာတော့ စက်စွမ်းရည် ၀ ဒသမ ၃၅ မှ ၀ ဒသမ ၄ ခန့်ထိလည်း ရှိနိုင်ပါတယ်။ ယခုမိုင်းတုံရဲ့ စက်စွမ်းရည်ဟာ ရေအားလျှပ်စစ်အတွက် ကောင်းမွန်တဲ့ စွမ်းရည် (Capacity Factor) ၀ ဒသမ ၅၆ အထိရနေတာကို တွေ့ရတဲ့အတွက် စီးပွားရေးတွက်ခြေကိုက်မှု ကောင်းမယ်လို့ ယုံကြည်ရတဲ့ ကိန်းဂဏန်းဖြစ်နေပါတယ်။ ဒါကြောင့် ဒီလိုတွက်ခြေကိုက်မယ့် စီမံကိန်းမျိုးက ထုတ်လုပ်ရောင်းချမယ့် ဈေးဟာ ဓာတ်အားတစ်ကီလိုဝပ်နာရီအတွက် 5.5 UScent ထက်မပိုတဲ့ဈေးနှုန်းသာ ဖြစ်သင့်တယ်လို့ ရှေ့မှာဖော်ပြခဲ့တာ ဖြစ်ပါ တယ်။

(ဃ) မဂ္ဂါဝပ် ၇၀၀၀ ကိစ္စ

မိုင်းတုံမဂ္ဂါဝပ် ၇၀၀၀ ဟာ တာဆန်းအတိုင်း ကန်ရေပြည့်အမြင့်ဆုံးရေမှတ်ဖြစ်တဲ့ ၃၉၅ မီတာကို ဆက်လက်ကိုင်စွဲထားပါတယ်။ နေရာကိုတော့ တာဆန်းရဲ့အထက်ဘက် မိုင် ၃၀ ခန့်တိုးပြီး ရွေးလိုက်တဲ့အတွက် သက်ရောက်မှုတွေကတော့ တာဆန်းနဲ့ မကွာပါဘူး။   ရေဝပ်ဧရိယာ ကြီးမားနေခြင်း၊ တမံအမြင့်ပေ ၇၉၀ ထိ ဖြစ်နေခြင်းကြောင့် ကျေးရွာ ၁၀၈ ရွာထိ ရေမြုပ်ခြင်း၊ သစ်တောဧရိယာ ဧကသိန်းချီရေမြုပ်ခြင်းစတဲ့ အကျိုးဆက်တွေ တသီကြီးဖြစ်ပေါ်လာနိုင်ပါတယ်။ တချို့ရွာများမှာ လုပ်ကိုင်စားသောက်နေတဲ့ တောင်ပေါ် နှစ်ရှည်ပင်များပါ ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် မဂ္ဂါဝပ် ၇၀၀၀ ပမာဏရှိတဲ့ တပ်ဆင်အင်အားဟာ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဖြေရှင်းရတဲ့ ဒုက္ခတွေများလာမှာဖြစ်လို့ ပုံမှန်ရေစီးအားသုံး (Run-off-River) ပုံစံတွေ စဉ်းစားခဲ့တဲ့ အထက် သံလွင် (ကွမ်းလုံ)နဲ့ နောင်ဖတို့လို တမံအမြင့်ကိုလည်း နှိမ့်ချ၊ တပ်ဆင်အင်အားကိုလည်း ဘက်စုံချင့်ချိန်လျှော့ချဖို့ ပြန်ပြီးစဉ်းစား ဆောင်ရွက်ဖို့ လိုလာပါတယ်။

ဆက်လက်ဖော်ပြပါမည်။