စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်-၅၀

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်-၅၀

အမှတ်စဉ်(၅၀)

    စီးပွားရေးတွက်ခြေကိုက်အောင် မဂ္ဂါဝပ်ကြီးကြီးရအောင်သာ စဉ်းစားလို့မရပါဘူး။ အကောင်းဆုံး အခြေအနေကိုရွေးရင် မိုင်းတုံဟာ ၂၀၀၀ မဂ္ဂါဝပ်ခန့် တပ်ဆင်အင်အားကို တမံအမြင့်ပေ ၃၅၀ ခန့်ထားပြီး Run-off -River Type စီမံကိန်းတစ်ခုအဖြစ်သာ ဆောင်ရွက်သင့်ပါတယ်။

တကယ်တမ်းကျတော့ ကျွမ်းကျင်မှုဆိုင်ရာ ရှုထောင့်အရ တာဆန်းလုပ်ငန်းခွင် နေရာမှာသာ ယခုစဉ်းစားခဲ့တဲ့ Run-off-River Type ဆောင်ရွက်ရန် ရွေးချယ်သင့်တာဖြစ်ပါတယ်။ မူလအစ တာဆန်းရဲ့ ပညာရှင်ဖြစ်တဲ့ ဂျာမနီအတိုင်ပင်ခံ L.Iရဲ့ စဉ်းစားပုံက မျှတမှု ရှိတာကို တွေ့ရပါတယ်။ နောက်တစ်ချက်က စီးပွားရေးလည်း တွက်ခြေကိုက်၊ ဓာတ်အားခ ဈေးလည်းသက်သာ၊ လူမှုဝန်းကျင်ထိခိုက်မှုလည်း သက်သာ၊ စီမံကိန်း တည်ဆောက်မှုကာလ အများဆုံး ခြောက်နှစ်၊ ခုနစ်နှစ်အတွင်း ပြီးစီးနိုင်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလည်း သက်သာစေမယ့် Run off  River Type တမံတစ်ခုနဲ့ ဆောင်ရွက်နိုင်တဲ့ ရေအားလျှပ်စစ်မျိုးတွေ မိမိတို့လက်တစ်ကမ်းမှာ ရှိနေတာတွေကို ဦးစားပေးသင့်ပါတယ်။

စာရေးသူ ဒီစာအုပ်ကိုပြုစုတာဟာ ပြည်ထောင်စုတစ်ခုလုံး ကျေကျေနပ်နပ်နဲ့ တစ်ပြိုင်နက်ဖွံ့ဖြိုးစေချင်တဲ့ စေတနာနဲ့ရေးသားခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုဆိုတဲ့ တန်ဖိုးရှိလှတဲ့ စုစည်းမှုအင်အားကို ဖွံ့ဖြိုးမှု စီမံကိန်းတစ်ခုရဲ့ ဆောင်ရွက်ပုံ နည်းလမ်းမကျရုံနဲ့တော့ အက်ကြောင်းပေါ်တာမျိုး အဖြစ်မခံနိုင်ပါဘူး။ ဒေသအကျိုး၊ နိုင်ငံအကျိုး၊ ရင်းနှီးမြှုပ်နှံသူအကျိုး ဘက်စုံစဉ်းစားဆောင်ရွက်ဖို့ ဒီစာအုပ်ကို ရေးသားခြင်းဖြစ်ပါတယ်။

အခန်း ( ၁၅ )

ရွာသစ်စီမံကိန်း

    ရွာသစ်ရေအား လျှပ်စစ်စီမံကိန်းဆိုတာ ကယားပြည်နယ်ထဲက ဘော်လခဲမြို့နယ် ရွာသစ်မြို့အထက်နားက သံလွင်မြစ်ပေါ်မှာလုပ်မယ့် ရေအား လျှပ်စစ်စီမံကိန်းတစ်ခုပါ။  စီမံကိန်း အကောင်အထည်ဖော်ရေး အတွက် ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ ၇ ရက်မှာ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ်စီမံရေး ဦးစီးဌာန (Department of Hydropower Planning) (DHPP)၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ China Datang Oversea Investment Co,Ltd; နဲ့ မြန်မာတိုင်းရင်းသား ကုမ္ပဏီဖြစ်တဲ့ Shwe Taung Hydropower Co,Ltd;(STH)  တို့ နားလည်မှု စာချွန်လွှာ (Memorandum of Understanding- MOU) ရေးထိုးခဲ့ကြတဲ့ စီမံကိန်းဖြစ်ပါတယ်။

နောက်တစ်နှစ်ခန့်အကြာ ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၈ ရက်မှာ သဘောတူညီမှု စာချွန်လွှာ (MOA) ထပ်မံရေးထိုးကြပြန်ပါတယ်။ ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာ  (Feasibility Study Report-FSR)  ကိုတော့ ၂၀၁၂ ခုနှစ် မတ် ၃၀ ရက်မှ တင်ပြလာပါတယ်။ FSR မှာပါလာတဲ့ စီမံကိန်းဆိုင်ရာ အချက်အလက်တချို့ကို ကောက်နုတ်ဖော်ပြပါမယ်။

၂၀၁၂ ခုနှစ်တွင် တင်ပြလာသောရွာသစ်စီမံကိန်း FSR ပါ အချက်အလက်တချို့

- တမံအမြင့် ၄၈၂ ပေ

- တပ်ဆင်အင်အား ၄၅၀၀ မဂ္ဂါဝပ်

- နှစ်စဉ်ထုတ်လုပ်နိုင်မယ့် ဓာတ်အား ၂၁၇၈၉ ကီလိုဝပ်နာရီသန်းပေါင်း စတာတွေ အဓိကပါရှိလာပါတယ်။ ဒီအစီရင်ခံစာမှာ နောက်ထပ်သတိထားမိတာ နှစ်ချက်ရှိပါတယ်။ ဒါတွေကတော့ -

- စီးပွားရေး တွက်ခြေကိုက်မှု စိစစ်ချက် ၇.၁၉ ရာခိုင်နှုန်း(Internal  Rate of Return) (IRR)

- အရင်းကျေကာလ ၂၃ နှစ်စသည်ဖြင့် ဖော်ပြလာပါတယ်။

အစီရင်ခံစာဟာ   ပြည့်စုံမှုလည်းမရှိသလို  ဖော်ပြထားတဲ့ အချက်အလက်တွေပေါ်မှာလည်း စဉ်းစားစရာတွေ အများကြီးတွေ့ရပါတယ်။

စာဖတ်သူများနားရှုပ်မှာ စိုးလို့ ကျွမ်းကျင်မှုဆိုင်ရာများကို ခဏချန်ထားပါဦးမယ်။ ဒီလိုစီမံကိန်းမျိုးကို လုပ်သင့်၊ မလုပ်သင့် စာဖတ်သူတွေ လွယ်လွယ်မြင်သာအောင်သာ ရှင်းပြပါမယ်။

(က) တမံအမြင့် ၄၈၂ ပေ

    ဒီတမံအမြင့်ဟာ ရဲရွာတမံအမြင့် ၄၃၃ ပေထက် ပေ ၅၀ နီးပါး ထပ်မြင့်ပါသေးတယ်။ ရဲရွာတည်ဆောက်စဉ်က ရေလှောင်ကန်ဧရိယာထဲမှာ ရွာတစ်ရွာမှမရှိသလို တခြားစီးပွားရေး လုပ်ငန်းတွေလည်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ အခု ဘော်လခဲမြို့နယ်လို နေရာမျိုးမှာ ကယားပြည်နယ်ရဲ့ အနိမ့်ဆုံးအပိုင်းဖြစ်လို့ ဒေသခံရွာတွေ အမြောက်အမြား ရှိနေပါတယ်။ လူဦးရေက အသင့်အတင့်ရှိပါတယ်။ ဒါပေမဲ့ တင်ပြလာတဲ့ FSR  မှာ ဒါတွေ ပြည့်ပြည့်စုံစုံဖော်ပြဖို့ ကျန်နေခဲ့ပါတယ်။

(ခ) တပ်ဆင်အင်အား ၄၅၀၀ မဂ္ဂါဝပ်

    ရှေ့မှာ စာရေးသူဖော်ပြခဲ့သလို ဒီလောက်ကြီးမားတဲ့ ၄၅၀၀ မဂ္ဂါဝပ်ကြောင့်  ရရှိလာမယ့် အကျိုးအမြတ်ဟာ  ရင်းနှီးမြှုပ်နှံသူရော  နိုင်ငံအတွက်ပါ ကြီးမားမှာပါ။ နှစ်စဉ်ထုတ်လုပ်ပေးနိုင်တဲ့ ဓာတ်အားပင်လျှင် ၂၁၇၈၉ ကီလိုဝပ်နာရီ သန်းပေါင်းဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်တစ်နှစ်စာ တစ်နိုင်ငံလုံးမှာရှိတဲ့ စက်ရုံအားလုံးက ထုတ်လုပ်ပေးသွားတဲ့ ထုတ်လုပ်မှုပင်လျှင် ၁၉၉၀၀ ကီလိုဝပ်နာရီသန်းပေါင်းသာ ရှိတဲ့အတွက် ဒီစီမံကိန်းတစ်ခုက တစ်နှစ်စာ မြန်မာ့ဓာတ်အား လိုအပ်ချက်ထက်ပိုပြီးတောင် ထုတ်လုပ်ပေးမယ်လို့ ပြောနေသလိုပါပဲ။ ဒါပေမဲ့ ဒီလောက်အကျိုးကျေးဇူးများတဲ့ သံလွင်မြစ်အောက်ပိုင်းက စီမံကိန်းဟာ အရင်းကျေကာလ ၂၃ နှစ်ဆိုတာကလည်း လက်ခံနိုင်စရာ မရှိတဲ့အချက်ပါ။ စီမံကိန်းကုန်ကျစရိတ် များနေလို့ ဒါမှမဟုတ် ချေးငွေတွေ အတိုးများနေလို့သာ အရင်းကျေ ကာလကြာနေတဲ့သဘောပါ။ ဒါကြောင့် စီးပွားရေး တွက်ခြေကိုက်မှု စိစစ်ချက်အရ  IRR  ဟာ ၇ ဒသမ ၁၉ ရာခိုင်နှုန်းပဲ ရှိတာကိုကြည့်ရင် စီးပွားရေး တွက်ခြေကိုက်မှု နည်းကြောင်း တွေ့ရပါမယ်။ ဒီနှစ်ချက်အရ စီမံကိန်းအကျိုးအမြတ် တွက်ရာမှာ အဆီအငေါ်မတည့်တာတွေ ရှိနေတယ်ဆိုတာ သေချာပါတယ်။ ဒါက စီးပွားရေးပိုင်းပါ။ တစ်ဖက်ကလည်း ထိခိုက်သွားမယ့် ဒေသခံအားလုံးအတွက် ဖြေရှင်းရမယ့်ကိစ္စဟာ သေးမှာမဟုတ်ပါဘူး။

စာရေးသူတို့ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်စဉ်က ကျေးရွာ ၂၃ ရွာ၊ လူဦးရေ ၉၆၀၀ ကျော် ရွှေ့ပြောင်းပေးစဉ်က ဒေသခံများကို လတ်တလော စားဝတ်နေရေးကိစ္စ၊ အဆောက်အအုံသစ်များအတွက် ငွေကြေးထောက်ပံ့မှုကိစ္စ၊ မြို့ပြတစ်ခုလို ရေ၊ မီး၊ လမ်း တံတား၊ စိုက်ပျိုးမြေမှအစ ထောက်ပံ့ရတဲ့အပြင် အကူးအပြောင်းကာလ ငါးနှစ်ခန့်အတွက် အဲဒီလယ်/ယာပိုင်ရှင် နှစ်စဉ်ရနေတဲ့ အကျိုးအမြတ်ရဲ့ ငါးနှစ်စာကို ကာလပေါက်ဈေးနဲ့တွက်ပြီး တစ်လုံးတစ်ခဲတည်း ထောက်ပံ့မှုတွေ၊ သာသနိက အဆောက်အအုံသစ်တွေ၊ စာသင်ကျောင်းတွေ၊ ဆရာ၊ ဆရာမနေအိမ်တွေ၊ ဆေးပေးခန်းတွေကအစ ပြည့်စုံအောင် စီမံပေးခဲ့တဲ့ ကိစ္စတွေဟာ မြန်မာငွေကျပ်ဘီလီယံ ၃၀ ကျော်ပါတယ်။ ရွာတွေစုထားတာဖြစ်လို့ မြို့တစ်မြို့အဖြစ်ပါတိုးပြီး သတ်မှတ်ပေးခဲ့တယ်။ ဒါပေမဲ့ ၎င်းတို့အတွက် နိုင်ငံတော်က ဒီထက်ပိုပြီး ဆောင်ရွက်ပေးသင့်တာက ရွှေ့ပြောင်းကျေးရွာများ စုစည်းထားတဲ့မြို့သစ် (ပေါင်းလောင်းမြို့သစ်)မှာ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ထုတ်ပေးဖို့ လိုနေပါသေးတယ်။

ဆက်လက်ဖော်ပြပါမည်။