ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်)

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား

ယနေ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင်ကျရောက်သော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခါသမယ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ချစ်ကြည်ရင်းနှီးစွာ အတူတကွလက်တွဲ နေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သ အပ်ပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးသည် စည်းလုံး ညီညွတ်စွာ နေထိုင်ခဲ့ကြ၍ ပြည်ထောင်စုကြီးနှစ်ပေါင်းထောင်ချီ အဓွန့်ရှည်တည်တံ့ခိုင်မြဲစွာ ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ်တည်နေနိုင်ခဲ့ပါသည်။ သို့သော်လည်း အရင်းရှင်နယ်ချဲ့တို့၏ အကြိမ်ကြိမ် မတရားကျူးကျော်တိုက်ခိုက်မှုများကြောင့် ၁၈၈၆ ခုနှစ်မှစ၍  ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်လက်အောက်သို့ တစ်နိုင်ငံလုံးကျရောက်ခဲ့ပါသည်။   ကိုလိုနီနယ်ချဲ့တို့သည် ၁၉၃၅ ခုနှစ်တွင် မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှု အက်ဥပဒေအရ ပြည်မတွင် အုပ်ချုပ်ရေးအာဏာကို တိုးမြှင့်ပေးခဲ့သော်လည်း တောင်တန်းဒေသ များကိုချန်လှပ်ထားခဲ့ကာ တောင်တန်းပြည်မ ခွဲခြားအုပ်ချုပ်ခဲ့ပါသည်။ နယ်ခြားဒေသဖြတ်သန်းရေး အက်ဥပဒေပြဋ္ဌာန်းပြီး ရှမ်းပြည်နယ်အတွင်းသို့ ပြည်မမှ လူများသွားရောက်ခြင်းမပြုနိုင်အောင် ကန့်သတ်ထားခဲ့ပါသည်။ ထို့ကြောင့် တောင်တန်းနှင့် ပြည်မကူးလူးဆက်ဆံခွင့်မရ၊ နီးလျက်နှင့်ဝေးခဲ့ကြရပါသည်။ အချိန်ကြာလာသည်နှင့်အမျှ နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ရေး စနစ် ကြောင့် တိုင်းရင်းသားအချင်းချင်း သံသယပွား၊ မယုံကြည်မှုများ ဖြစ်ပွားလာခဲ့ကာ ယခုအချိန်အထိ ၎င်း၏အကျိုးဆက်ကို ကျွန်တော်တို့ တိုင်းရင်းသားပြည်သူအားလုံး ခံစားနေကြရသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။

၁၉၄၅ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် ဗြိတိသျှအစိုးရဘုရင်ခံ ဆာဒေါ်မန်စမစ်က စက္ကူဖြူစာတမ်းထုတ်ပြန်ခဲ့ပြီး ပြည်မကိုသာ လွတ်လပ်ရေးပေးမည်၊ တောင်တန်းဒေသများကို ဆက်လက်အုပ်ချုပ် သွားမည်ဟုဖော်ပြခဲ့ပါသည်။  ၁၉၄၆ ခုနှစ်တွင် ပင်လုံမြို့၌ ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ တွေ့ဆုံဆွေးနွေးကာ စက္ကူဖြူစာတမ်းကိုလုံးဝလက်မခံဘဲ  တောင်တန်း ပြည်မ အတူတကွ လွတ်လပ်ရေးပေးရန် တညီတညွတ်တည်းတောင်းဆိုခဲ့ကြပါသည်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တောင်တန်းပြည်မ ပေါင်းစည်းရေးအချက်(၉)ချက်ပါဝင်သည့်ပင်လုံစာချုပ်ကို  ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင်ကြီး (၂၃)ဦးက လက်မှတ်ရေးထိုးခဲ့ခြင်းဖြင့် မြန်မာနိုင်ငံတွင် တောင်တန်းပြည်မ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို  အုတ်မြစ်ချနိုင်ခဲ့ပါသည်။  ယင်းကဲ့သို့တိုင်းရင်းသားတို့စည်းလုံးညီညွတ်မှုသန္ဓေတည်ခဲ့သော ပင်လုံစာချုပ် လက်မှတ်ရေးထိုးသည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို “ပြည်ထောင်စုနေ့” ဟု နိုင်ငံတော်အစိုးရက အသိအမှတ်ပြု သတ်မှတ်ပေးခဲ့ပါသည်။

ပြည်ထောင်စုနေ့သည် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသားများ၏စည်းလုံးညီညွတ်မှုကို ကမ္ဘာက သိအောင် ဖော်ကျူးခဲ့သောနေ့ဖြစ်ပါသည်။ “စည်းလုံးညီညာအောင် ကြောင်းဖြာ” ဆိုသည့်အတိုင်း ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် ကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်မြောက်ပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် လွတ်လပ်ရေး ပြန်လည်ရရှိခဲ့ပါသည်။ ပြည်ထောင်စုအမွေဖြစ်သော လွတ်လပ်ရေး အောင်ပွဲအခမ်းအနားများကို ကျင်းပ နိုင်ခဲ့သည်မှာလည်း ယခုဆိုလျှင် စိန်ရတုကာလကိုကျော်လွန်ခဲ့ပြီဖြစ်ကာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကြီးကို ခံ့ညားထည်ဝါစွာ ကျင်းပနိုင်ခဲ့ပြီဖြစ်ပါသည်။ ယနေ့အခါတွင် တိုင်းရင်းသား ပြည်သူတို့၏ သွေးစည်းညီညွတ်မှုကိုအခြေခံသော   ပြည်ထောင်စုနေ့ အမွေအနှစ်မှာ (၇၆)နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။

သမိုင်းအစဉ်အဆက် ထိန်းသိမ်းရန်ဖြစ်သော လွတ်လပ်ရေးကို ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံးက ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်မှသာ အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်၍ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ထာဝစဉ်တည်တံ့ရေးနှင့် ပြည်ထောင်စုကြီးထာဝရတည်တံ့ ခိုင်မြဲရေးကို ပြည်တွင်းအင်အားဖြင့် ကြိုးပမ်း တည်ဆောက်ကြရန်လိုအပ်ကြောင်း အသိပေးတိုက်တွန်းလိုပါသည်။

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား

ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှု အကျိုးဆက်အနေဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးမှာ လွတ်လပ်ရေး၏ အနှစ်သာရကို အပြည့်အ၀ မခံစားခဲ့ကြရဘဲ  ယနေ့တိုင်  သဘောထားကွဲလွဲမှုများ၊ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လျက်ရှိပါ သည်။ ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းရေးရရှိစေရန်၊ တစ်နိုင်ငံလုံးလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန်နှင့် ငြိမ်းချမ်းရေး၏အရသာကို အပြည့်အဝခံစားနိုင်ရန် တိုင်းရင်းသားအားလုံးလက်တွဲပြီး ရိုးသားပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်း ကြရန်လိုပါ သည်။

မိမိတို့နိုင်ငံသမိုင်းတွင် လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲအမျိုးမျိုးတို့ကြောင့် တိုင်းရင်းသားအချင်းချင်း၊ ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပြားကာ ပဋိပက္ခများဖြစ်ပွားနေသည်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရာတွင် သင်ခန်းစာ ယူရမည့် အချက်ဖြစ်ပါသည်။ မိမိ၏အယူအဆ၊ သဘောထားဆန္ဒများနှင့် မကိုက်ညီသူများကို ရန်သူကဲ့သို့သဘောထားပြီး ခွဲခြားဆက်ဆံခြင်း၊ ဖယ်ကြဉ်ခြင်း၊ ရန်ပြုတိုက်ခိုက်ခြင်းတို့သည် ဒီမိုကရေစီစနစ်နှင့်ကိုက်ညီမှုမရှိပါ။ ထို့အတူ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ စိတ်ဓာတ်များသည် စည်းလုံးညီညွတ်မှုကို ပျက်ပြားစေပြီး နိုင်ငံတော်ပြိုကွဲပျက်စီးမည့် အန္တရာယ်ကိုဖြစ်စေသဖြင့် မတူကွဲပြားမှု များကို သဟဇာတဖြစ်အောင် ပေါင်းစည်းနေထိုင်ကြရေး အလေးထားစဉ်းစားကြရန် တိုက်တွန်းမှာကြားလိုပါသည်။

မိမိတို့နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်၏ တာဝန်ကိုထိန်းသိမ်း တာဝန်ယူစဉ်ကတည်းကပင် နိုင်ငံတော်၏ ပကတိလိုအပ်ချက်များဖြစ်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းစေရေးကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါ “တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်းဖြစ်နိုင်သမျှအလေးထားလုပ်ဆောင်သွားမည်” ဆိုသည့်လုပ်ငန်းစဉ်ကို အောင်မြင်အောင် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ တပ်မတော်အနေဖြင့်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်မှတစ်ဆင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးအတွက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှစပြီး ၂၀၂၂ ခုနှစ်၊ နှစ်ကုန်အထိ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲပေးခဲ့ပါသည်။

ဆက်လက်ပြီး ၂၀၂၃ ခုနှစ် တစ်နှစ်လုံးအပစ်အခတ်ရပ်စဲပေးထားပြီးဖြစ်ရာ နိုင်ငံနှင့်ပြည်သူအကျိုးကိုရှေးရှုပြီး တွေ့ဆုံဆွေးနွေးမှု များမှ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေး ဆောင်ရွက်ကြရန်လိုအပ်ပါသည်။ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်ဖြစ်သည့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ပဓာနကျသော ငြိမ်းချမ်းရေးကို  နိုင်ငံသူ၊ နိုင်ငံသားများအားလုံးက  ပူးပေါင်းပါဝင် တည်ဆောက်ကြ ရမည်ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ နောက်ဆုံးအချက်ဖြစ်သော “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်း ချက် များနှင့်အညီဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအားပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ  နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆက်လက် ဆောင်ရွက်သွားမည်” ဆိုသည့်အတိုင်း  လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး လိုအပ်သည့်အခြေခံအချက်များ၊ အခြေအနေဖန်တီးမှုများကို ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး၍ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ခဲ့ပါသည်။ သို့သော်လည်း ပြည်တွင်း/ပြည်ပစွက်ဖက်မှု ပယောဂအမျိုးမျိုးနှင့် သက်ဆိုင်သူများ၏ နိုင်ငံနှင့်ပြည်သူအကျိုးကို စဉ်းစားလုပ်ဆောင်ရန် လိုအပ်ချက်တို့ကြောင့် တည်ငြိမ်အေးချမ်းမှုနှင့်အလှမ်းကွာဝေးဆဲဖြစ်ရာ နိုင်ငံအတွက် ဝမ်းနည်းဖွယ်ရာ၊ စိတ်မကောင်း ရင်လေးဖွယ်ရာဖြစ်နေပါသည်။ ထို့ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် တိုင်းရင်းသား ပြည်သူများ အားလုံးက ရှေ့သို့ချီမည်ပန်းတိုင်ဆီ- Keep Moving Forward to Achieve Our Goal ဟူသည့်အတိုင်း မိမိတို့ မျှော်မှန်းသည့် ပန်းတိုင်သို့ရောက်ရှိစေရန် ပြည်သူများအားလုံးက ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းလက်တွဲ၍ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြပါရန် တိုက်တွန်းအပ်ပါသည်။                       

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား

အေးချမ်းသာယာပြီး  ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကိုတည်ဆောက်ရာတွင် နိုင်ငံအတွင်းရှိ တိုင်းရင်းသား ပြည်သူအားလုံး၏ အသိဉာဏ်ပညာနှင့် စိတ်ရင်းစေတနာမှန်ကန်မှုသည် အဓိကကျပါသည်။ မိမိတို့၏အကျိုးစီးပွားထက် ပြည်ထောင်စုကြီး တစ်ခုလုံး၏အကျိုးစီးပွားကို  ချိန်ထိုးစဉ်းစား လုပ်ဆောင်ကြရန် လိုပါသည်။ မိမိတို့၏ ရပ်တည်ဆောင်ရွက်မှုများ အပေါ် ဓမ္မဓိဋ္ဌာန်ကျကျဖြင့် အမှားအမှန်၊ အကောင်းအဆိုးကို ခွဲခြားဆင်ခြင်ဆောင်ရွက်ကြမှသာ နိုင်ငံနှင့်ပြည်သူကို အကျိုးပြုရာ ရောက်မည်ဖြစ်ပါသည်။ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး၏အနာဂတ်ကို   လက်ဆင့်ကမ်းတာဝန်ယူကြမည့် လူငယ်လူရွယ်များအား အတွေးအခေါ်အယူအဆမှန်ကန်စေရေး၊ အသိပညာဗဟုသုတဖြန့်ဝေစေရေး၊ နိုင်ငံကိုချစ်သည့်စိတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ကိန်းအောင်းရှင်သန်စေရေးတို့ကို  ဖန်တီးဖော်ဆောင်ပေးကြရန် လိုအပ်ပါသည်။ ထို့ကြောင့် မိမိတို့၏သားသမီးများ၊ လူငယ်လူရွယ် များကို ဗလငါးတန်ပြည့်ဝသည့် အနာဂတ်သားကောင်းရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းမှာကြား လိုပါသည်။

ကျွန်တော်တို့အနေဖြင့် နိုင်ငံတော်ကိုတာဝန်ယူစဉ်အတွင်းတွင် “တိုင်းပြည်သာယာဝပြောရေးနှင့်   စားရေရိက္ခာဖူလုံရေး” ဆိုသည့် အမျိုးသားရေး လုပ်ငန်းစဉ်(၂)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတစ်ခုတွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ပြီး စီးပွားရေးအရ တောင့်တင်းခိုင်မာမှုသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံ အကြောင်းတရားဖြစ်ပါသည်။ ကျေးလက်နေပြည်သူအများစုရှိသော မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေး လုပ်ငန်းများကို အဓိကထားဆောင်ရွက်ပြီး ကျန်စီးပွားရေးလုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြရမည်ဖြစ်ပါ သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေး၊  အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရေးနှင့် ဝင်ငွေတိုးတက်စေရေးတို့ကို နိုင်ငံတော်မှ အလေးထားအားပေး ကူညီဆောင်ရွက်ပေး လျက်ရှိပါသည်။ သယံဇာတပေါကြွယ်ဝပြီး စီးပွားရေးအခြေခံကောင်းများရှိသည့် မိမိတို့ နိုင်ငံအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်မှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးပါသည်။ ထို့ကြောင့် နိုင်ငံတော်မှ ကျေးလက်စီးပွားရေးနှင့် MSME လုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရန် ခရိုင်(၅၀)ရှိ အထက်တန်းကျောင်းတစ်ကျောင်းစီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာရပ်များကို တွဲဖက်သင်ကြားပေးပြီး ထူးချွန်သူများကိုအဆင့်မြင့်ပညာများ ဆက်လက်သင်ကြားနိုင်ရေး   စီမံဆောင်ရွက် ပေးလျက်ရှိပါသည်။ ထို့ကြောင့် တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက် စေရန် ပုဂ္ဂလိကနှင့်အစိုးရတို့မှ သက်ဆိုင်သူ၊ တာဝန်ရှိသူများက ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ကြရန်လိုအပ်ပါသည်၊ ဆက်လက်၍လည်း ခရိုင်အားလုံးတွင် တိုးချဲ့ဖွင့်လှစ်သွားပါမည်။

နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားဒေသများအပါအဝင် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် လိုအပ် သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေဖြင့် ယင်းအခွင့်အရေးကို အမိအရရယူပြီး အပြည့်အဝအသုံးချ၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး အေးအတူပူအမျှ၊ ဥမကွဲသိုက်မပျက် အတူတကွ ပေါင်းစည်းနေထိုင်လျက်ရှိသော ပြည်ထောင်စုကြီးဖြစ်ပါသည်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ရင်းနှီး ချစ်ကြည်မှု၊ စည်းလုံး ညီညွတ်မှု၊ စုစည်းလုပ်ဆောင်မှုတို့ဖြင့် စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်သွားနိုင်ရန် ဦးတည် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၁၂)ရပ်တို့ကိုချမှတ်၍ ၎င်းလုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

သို့သော်လည်း ယခုအချိန်တွင် မိမိတို့နိုင်ငံနှင့် နိုင်ငံသားတိုင်းရင်းသား ပြည်သူလူထု၏အကျိုးကို ပျက်စီးဆုံးရှုံးစေလိုကြသည့် ပြည်တွင်း/ပြည်ပ အဖျက်အမှောင့်သမားများနှင့် အကြမ်းဖက်အင်အားစုများက သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်နေကြသကဲ့သို့ ပြည်သူလူထုအတွင်း အတွေးမှား၊ အမြင်မှား၊ လုပ်ရပ်မှားများ ဖြစ်ပေါ်လာစေရန်အတွက်လည်း သွေးဆောင်စည်းရုံးမှုများ  လုပ်ဆောင်လျက်ရှိနေပါသည်။ ထို့အပြင် နိုင်ငံအတွင်း စည်းလုံးညီညွတ်မှုပျက်ပြားစေရန်နှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် နည်းလမ်းမျိုးစုံဖြင့်ပြုလုပ်နေကြသော ကိုလိုနီလက်သစ် ပြည်ပစွက်ဖက်မှုများနှင့် အတ္တအကျိုးစီးပွားကိုသာ ရှေးရှုလုပ်ဆောင် နေကြသူများကြောင့် ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံတော်နှင့်ပြည်သူတို့ အတွက် အန္တရာယ်ကို ဆင်ခြင်တုံတရားဖြင့် သတိထားကြရန် လိုအပ်ပါသည်။ လက်ရှိအချိန်ကာလတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ကြရမည့်အချိန် ဖြစ်ပါကြောင်း အသိပေးမှာကြား လိုပါသည်။

ထို့ကြောင့် ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များဖြစ်သော -

(၁)       တိုင်းရင်းသားစည်းလုံးညီညွတ်မှု ထာဝစဉ်တည်တံ့ရေးနှင့် ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲအောင် ပြည်တွင်း အင်အားဖြင့် ကြိုးပမ်းတည်ဆောက်ရေး၊

(၂)        ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းရေးရရှိအောင် တိုင်းရင်းသားလူမျိုးများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊

(၃)       တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်အောင်မြင်စေရေး ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တက်ညီလက်ညီလက်တွဲဆောင်ရွက်ရေး၊

(၄)       ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်အောင်ဆောင်ရွက်ပေးရေး၊

(၅)       တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ရင်းနှီးချစ်ကြည်မှု၊ စည်းလုံးညီညွတ်မှု၊ စုစည်းလုပ်ဆောင်မှုတို့ဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေး၊တို့ကို အောင်မြင်အောင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စည်းလုံးချစ်ကြည်စွာ အကောင်အထည်ဖော်လျက် တိုင်းရင်းသားအချင်းချင်း ပေါင်းစုညီညာစည်းလုံးစွာဖြင့် ပြည်ထောင်စု၏ အသီးအပွင့်များကို မျှဝေခံစားကြပါစို့ဟု တိုက်တွန်း နှိုးဆော်ရင်း သဝဏ်လွှာပေးပို့အပ်ပါသည်။

            ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

            သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

            နိုင်ငံတော်ဝန်ကြီးချုပ်

            ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ