စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၅၁)

ပြောင်းရွှေ့ကျေးရွာသား အားလုံးအတွက် စိုက်ပျိုးစားသောက်ဖို့ သစ်တောပလပ်မြေကြေညာပြီး မြေယာသစ်တွေ ဖော်ထုတ်ပေး နိုင်ပေမယ့် လယ်/ယာမလုပ်လိုတဲ့ ဒေသခံတွေအတွက် လျှပ်စစ်ဓာတ်အားသုံးစွဲပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းတွေ၊ မွေးမြူရေး လုပ်ငန်းတွေကို  နိုင်ငံတော်ကဦးဆောင်ပြီး  အလုပ်အကိုင်အခွင့်အလမ်းတွေပိုရအောင်စီစဉ်ပေးဖို့ လိုနေပါသေးတယ်။  အဲဒီတုန်းက (၂၀၁၃-၂၀၁၄-၂၀၁၅ ခုနှစ်) ဒေသခံရွာသူ၊ ရွာသားတွေရဲ့ သဘောဆန္ဒကို တစ်ရွာဝင်တစ်ရွာထွက် ရယူဆောင်ရွက်ပေးခဲ့ရာမှာ ဒေသခံတွေကလည်း ပူးပေါင်း ဆောင်ရွက်ခဲ့ကြတယ်။

ဆိုလိုတာက စနစ်တကျလုပ်တဲ့အချိန်မှာ  ဒေသခံတွေကလည်း ပူးပေါင်းရမှာဖြစ်သလို နိုင်ငံတော်ကလည်း အလိုက်သိစွာ စနစ်တကျ ဆောင်ရွက်ပေးရမှာပါ။ ဒေသအာဏာပိုင်များကလည်း မိမိဒေသမှာ လာရောက်ဆောင်ရွက်မယ့်   နိုင်ငံတော်ရဲ့စီမံကိန်းတစ်ခုကို အင်တိုက်အားတိုက် ပံ့ပိုးကူညီမှသာ အောင်မြင်မှာပါ။ အချို့ဒေသအစိုးရတွေဟာ ပြည်သူနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး ဖြေရှင်းရမှာကို ကြောက်နေကြတာတွေရှိခဲ့တယ်။ ပြည်ထောင်စုအစိုးရက ဆောင်ရွက်နေတဲ့ မိမိနယ်မြေထဲက စီမံကိန်းတွေ အပေါ်မှာ အင်တိုက်အားတိုက် ပူးပေါင်းမှုနည်းကြတယ်။

ရွာသစ်စီမံကိန်းမှာ ဒေသတွင်းအခြေအနေအရလည်း စီမံကိန်းတစ်ခု ဆောင်ရွက်ရန် အခြေအနေကောင်းတွေမရှိသလို ဘက်စုံသက် ရောက်မှုတွေများမယ်ဆိုတာ လွယ်လွယ်သိနိုင်ပါတယ်။ ဒေသအကျိုးစီးပွားရော နိုင်ငံတော်အကျိုးစီးပွားပါ နှစ်ဖက်ညှိနှိုင်းပေး ဖို့လည်း အတော်အချိန်ယူရမယ်လို့လည်း မြင်ပါတယ်။

နောက်တစ်ချက်ကတော့ ကြီးမားတဲ့ရေလှောင်ကန်ကြီးတွေ ဖြစ်ပေါ်လာစေမယ့်ကိစ္စတွေကို လုပ်မယ်ဆိုရင် စီးပွားရေးချည်း ကြည့်လို့မရသလို ဓာတ်အားရရုံသက်သက်လည်း ကြည့်လို့မရတော့ပါဘူး။ စီးပွားရေး တွက်ခြေကိုက်မှုကလည်း နည်းနေတဲ့အတွက် ဘက်စုံသုံးသပ်ပြီး ၂၀၁၃ ခုနှစ် ရွေးကောက်ခံအစိုးရကာလမှာ ဝန်ကြီးဌာနက သက်ဆိုင်ရာကုမ္ပဏီများကိုတွေ့ဆုံပြီး ဤမျှကြီးမား သောစီမံကိန်းကို ဆောင်ရွက်ရန် မသင့်ကြောင်းနဲ့ ထိခိုက်မှု၊ သက်ရောက်မှုနည်းမယ့် အခြားနည်းကိုသာ စဉ်းစားဖို့ ဆုံးဖြတ် ညွှန်ကြားခဲ့ပြီးဖြစ်ပါတယ်။

MOA အဆင့်ထိ ရေးထိုးထားတဲ့စီမံကိန်းဖြစ်ပေမယ့် မဖြစ်သင့်တာ မဖြစ်အောင် ၂၀၁၃ ခုနှစ်မှာ အစိုးရအဖွဲ့ကိုတင်ပြပြီး သက်ဆိုင်ရာဝန်ကြီးဌာနက စဉ်းစားဆုံးဖြတ်ခဲ့တာပါ။ မိမိတစ်ဦးတည်းသဘောအရဆိုရပါလျှင် ရွာသစ်ဝန်းကျင်နဲ့ ကယားဒေသထဲက သံလွင်မြစ်ပေါ်မှာ စီမံကိန်းကြီးကြီးမလုပ်သင့်ကြောင်းနဲ့ ရေစီးအားသုံး ရေအားလျှပ်စစ် (Run-Off-River) နည်းနဲ့သာ ဓာတ်အား အထိုက်အလျောက် ရယူသင့်ကြောင်း အကြံပြုလိုပါတယ်။

အခန်း ( ၁၆ )

ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်း

ဟတ်ကြီးရေအား လျှပ်စစ်စီမံကိန်းဆိုတာ ကရင်ပြည်နယ် မြိုင်ကြီးငူလှေဆိပ်ကတစ်ဆင့် စက်လှေစီးရင် အထက်ဘက်ကို တစ်နာရီကျော် စီးရတဲ့ခရီးမှာရှိပါတယ်။ ကျောက်ဆောင်တွေရှိနေတဲ့အတွက် မော်တော်တွေသွားလို့မရပါဘူး။ မိုးရာသီမှာတော့ ရေစီးသန်လို့ စက်လှေတောင် သွားလို့မရတော့ပါဘူး။ ဒီစီမံကိန်းကိုဆောင်ရွက်ဖို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Sino Hydro Corporation၊ ထိုင်းနိုင်ငံ EGAT နဲ့ ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင် IGOEC ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် ၂၀၀၅ ခုနှစ် မေ ၃၀ ရက်မှာ MOU ရေးထိုးခဲ့ကြပြီး ၂၀၁၀ ပြည့်နှစ် ဧပြီ ၂၄ ရက်မှာ MOA ဆက်လက် ရေးထိုးခဲ့ကြပါတယ်။

စီမံကိန်းဧရိယာဟာ တိုင်းတာရေး၊ စူးစမ်းရေးလုပ်ဖို့ အခက်အခဲရှိတဲ့နေရာပါ။ ယခင်ကတည်းက မကြာခဏ နှစ်ဖက်လက်နက် ကိုင်တွေ ထိတွေ့မှုများနေလို့ ဝင်ထွက်သွားလာရခက်တဲ့နေရာပါ။ ဒါကြောင့်လည်း စနစ်တကျစူးစမ်းလေ့လာမှု ဒီနေ့ထိ လုပ်လို့မရတဲ့နေရာ ဖြစ်နေပါသေးတယ်။ စူးစမ်းလေ့လာပြီး ရလာတဲ့အချက်အလက်အချို့နဲ့ FSR ကို ၂၀၀၈ ခုနှစ်ကတည်းက တင်ပြလာပေမယ့် ပြည့်စုံမှုမရှိတဲ့အတွက် လုပ်မယ်မလုပ်ဘူး၊ လုပ်ရင်လည်း အချိန်ဘယ်လောက်ကြာမယ်၊ အသေးစိတ်ဒီဇိုင်းဆွဲတာ ဘယ်လောက်ကြာမယ်ဆိုတာကအစ ခန့်မှန်းဖို့ခက်နေပါတယ်။ စူးစမ်းလေ့လာမှု မပြည့်စုံဘဲ FSR တင်ပြလာတဲ့အပေါ် ဌာနအနေနဲ့ ကလည်း အတည်ပြုပေးလို့မရပါဘူး။ တင်ပြလာတဲ့ စူးစမ်းလေ့လာတွက်ချက်မှုအပေါ် ပြည့်စုံမှ ဆက်ပြီးဆွေးနွေး လို့ရမှာပါ။ ဆွေးနွေးတဲ့အချိန်မှာ ဘက်စုံထည့်သွင်းဆွေးနွေးပြီး လုပ်သင့်ပြီး လက်ခံနိုင်တဲ့အဆင့်ရောက်ရင် ဝန်ကြီးဌာနကတစ်ဆင့် နိုင်ငံတော် အဆင့်ကို အခြေအနေသုံးသပ်ချက်နဲ့ အစီရင်ခံတော့မှ ရှေ့ဘာဆက်လုပ်ကြမလဲဆိုတဲ့အဖြေရမှာပါ။

စီမံကိန်းဆိုင်ရာ အချက်အလက်အချို့

အခုလောလောဆယ်တော့ ပြည့်စုံတဲ့စူးစမ်းလေ့လာမှု ဆောင်ရွက်လို့မရတဲ့ဒေသအခြေအနေကြောင့် ဒီအတိုင်း ဇာတ်မျောဖြစ်နေ တာပါပဲ။ ဒါပေမဲ့ အခြေခံအချက်အလက်တွေကတော့ ရရှိပြီးဖြစ်ပါတယ်။ ဒါတွေကတော့ အောက်ပါအတိုင်းပါပဲ။

၂၀၀၈ ခုနှစ်တွင် တင်ပြလာသော ဟတ်ကြီးစီမံကိန်းဆိုင်ရာအချက်အလက်အချို့

၁။ တမံအမျိုးအစား         ကွန်ကရစ်

၂။ တမံအမြင့်                  ၃၈၆ ပေ (ရဲရွာ ၄၃၃ ပေ)

၃။ တမံအလျား               ၃၆၉၈ ပေ

၄။ တပ်ဆင်အင်အား        ၁၃၆၀ မဂ္ဂါဝပ် (ရဲရွာ ၇၉၀ မဂ္ဂါဝပ်)

၅။ နှစ်စဉ်ထုတ်လုပ်ပေးနိုင်မည့်ဓာတ်အား  ၇၃၂၅    ကီလိုဝပ်နာရီသန်းပေါင်း(ရဲရွာထက်နှစ်ဆကျော်)

၆။ စီးပွားရေးတွက်ခြေကိုက်မှုစိစစ်ချက်       ၁၁.၃၂ ရာခိုင်နှုန်း

   (Internal Rate of Return) (IRR)

ဟတ်ကြီးစီမံကိန်းရဲ့ တမံအမြင့်ဟာ ၃၈၆ ပေဖြစ်နေတာကလည်း တမံတည်ဆောက်မယ့်မြစ်ကြမ်းပြင်မှာ ပေ ၁၅၀ လောက် ရုတ်တရက်နိမ့်ဆင်းသွားတဲ့ ချောက်တစ်ခုဖြစ်ပေါ်နေလို့ပါ။ ပုံမှန်မြစ်ကြမ်းပြင်ကနေဆိုရင်တော့ ပေ ၂၀၀ ခန့် အမြင့်သာရှိမှာပါ။ သံလွင်မြစ်ရဲ့တောင်ကြောတွေ မြင့်မားမှုကြောင့် စီမံကိန်းဧရိယာအတွင်း လူမှုဝန်းကျင်နဲ့ သဘာ၀၀န်းကျင်သက်ရောက်မှု အလွန်နည်းတယ်လို့လည်း သိရှိရပါတယ်။ Run-Off-River ပုံစံအတိုင်း ပုံမှန်စီးဆင်းရေကို အဓိကသုံးမှာဖြစ်လို့ တမံဆိုင်ရာ ပြဿနာတွေလည်း နည်းပါးစေမှာပါ။ တစ်ဖက်ကလည်း မူလကတည်းက မြစ်ကြောင်းသွားလာမှုခက်ခဲတဲ့နေရာဖြစ်လို့ သွားလာရေး ကိစ္စ အနှောင့်အယှက်ဖြစ်မှုလည်း မရှိတဲ့စီမံကိန်းပါပဲ။

ဟတ်ကြီးကို ပျက်အောင်ဖျက်မယ့်လူတွေ ဘယ်သူတွေလဲ

ဟတ်ကြီးစီမံကိန်းအတွက် ၂၀၁၂ ခုနှစ်မှာ ထိုင်းနိုင်ငံတက္ကသိုလ်တစ်ခုက ဦးဆောင်ပြီး ပြုစုခဲ့တဲ့ သဘာဝနဲ့ လူမှုပတ်ဝန်းကျင် ဆန်းစစ်မှုအစီရင်ခံစာ (ESIA) တစ်ခုရှိပြီးဖြစ်ပါတယ်။ ဒါကိုလည်း ပြည်တွင်းက တတိယအဖွဲ့အစည်းများပါဝင်ပြီး ကမ္ဘာ့အဆင့်မီ လေးစားလောက်တဲ့ အပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံအဖွဲ့တစ်ဖွဲ့နဲ့ စနစ်တကျပြန်လည်ဆန်းစစ်ဖို့လိုပါတယ်။ ကွင်းဆင်းဖို့ အခက်အခဲတွေ ရှိနေတာကြောင့် အဖြူအမည်း သဲကွဲအောင်လုပ်ဖို့ ခက်နေပါတယ်။ အသေးစိတ်ကွင်းဆင်းပြီး ဆန်းစစ်မှုမလုပ်နိုင်ရင် အကျိုးအပြစ် ဘယ်လိုမှ အဖြေမထွက်ပါဘူး။ ဒီအခြေအနေမှာ ဟတ်ကြီးစီမံကိန်းလုပ်ရင် ဘာတွေဘယ်လိုထိခိုက်မယ်ဆိုပြီး ဒေသထဲက တက္ကသိုလ်ကြီးမှာ ထိုင်းနိုင်ငံက စီမံကိန်းဆန့်ကျင်သူ ပုဂ္ဂိုလ်များကိုဖိတ်ပြီး စာတမ်းတွေ မကြာခဏဖတ်နေတာ ဟာလည်း မိမိကိုယ်မိမိ ပြန်ထောင်းနေတဲ့လုပ်ရပ်တွေပါပဲ။ မြန်မာစီးပွားရေးတက်လာဖို့ ဒီလို Run-Off- River Type ရေအားလျှပ်စစ် တွေတောင် လုပ်လို့မရ အောင် အိမ်နီးချင်းနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေက ပညာရှင်အမည်ခံတွေဟာ မိမိတို့နိုင်ငံရဲ့ အထင်ကရ တက္ကသိုလ်ကြီးထဲထိလာပြီး ဆန့်ကျင်ဟောပြောနိုင်အောင် ဖိတ်ခေါ်လာသူများနဲ့ ခွင့်ပြုချက်ပေးနေသူတွေကိုလည်း အံ့သြမိပါတယ်။                   

ဆက်လက်ဖော်ပြပါမည်။

မော်သာထွေး(မန္တလေး)