စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၅၂)

ဒေသခံတွေရဲ့ ဗဟုသုတအားနည်းချက်နဲ့ ရိုးသားမှုကို အခွင့်ကောင်းယူပြီး အဖျက်အမှောင့်လုပ်လာတာတွေကို သတိနဲ့ စောင့်ကြည့် သင့်ပါတယ်။ မြန်မာနိုင်ငံ ဘယ်တက္ကသိုလ်မှာမှ ပြည်ပပညာရှင်ဖိတ်ပြီး ဒီလိုစီမံကိန်းနာမည်တပ်ပြီး ကိုယ့်ပြည်တွင်းရေးကို စွက်ဖက်ခွင့် မပေးကြပါဘူး။ သံလွင်နဲ့ ဝန်းကျင်မြစ်တွေ ရေကြီးရေလျှံဖြစ်နေတဲ့ကိစ္စဟာ သံလွင်ပေါ်မှာ ဘာဆည်မှမရှိသေးတဲ့ အချိန်မှာလည်း ဖြစ်နေတာအားလုံးအသိပါ။ ၂၀၁၈ ခုနှစ် ဇူလိုင်နဲ့ သြဂုတ်လ ရေကြီးရေလျှံမှုမျိုးတွေဟာ နိုင်ငံအတွက် ဆုံးရှုံးမှု ကြီးမားခဲ့ပါတယ်။ သံလွင်၊ ဂျိုင်း၊ အတ္ထရံ၊ ဘီးလင်းအစရှိတဲ့ မြစ်တွေအပေါ်မှာ ဘာဆည်မှမရှိသေးပါဘူး။

တကယ်တမ်းလေ့လာကြည့်ရင် မန္တလေးအနီး ဒုဋ္ဌဝတီမြစ်ပေါ်မှာ ၄၃၃ ပေ မြင့်တဲ့ ရဲရွာတမံကြီးရဲ့ ရေလှောင်ပမာဏဟာ ဧကပေ ၂၁ သိန်းကျော် လှောင်ထားပေမယ့် ဘာတွေဘယ်လိုဖြစ်မယ်ဆိုပြီး မန္တလေးဒေသဝန်းကျင်တက္ကသိုလ်မှာ ဘယ်ပုဂ္ဂိုလ်ကမှလာပြီး မလှုံ့ဆော်ဖူးပါဘူး။ မန္တလေးတက္ကသိုလ်ရဲ့ တာဝန်ရှိသူတွေနဲ့ မန္တလေးဒေသဝန်းကျင်တွေကလည်း ဒီလိုလူတွေနဲ့လုပ်ရပ်ကို လက်ခံမှာမဟုတ်ပါဘူး။ ဒီရဲရွာကြီးဟာ မန္တလေးတိုင်းဒေသကြီးသာမက မွန်ပြည်နယ်၊ ကရင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးရဲ့ ငါးပုံတစ်ပုံသော ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေတဲ့အတွက် ဒေသအကျိုးနဲ့ နိုင်ငံအကျိုးကို မျှတစွာ စဉ်းစားကြတဲ့ အတွက် လက်ခံကြတာဖြစ်ပါတယ်။ ရဲရွာကြီးပြီးသွားပေမယ့် မန္တလေးတိုင်းဒေသကြီးထဲက ရွာအားလုံး မီးမရကြသေးပါဘူး။  ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့လိုအပ်ချက်ကို ဒေသခံအားလုံးက နားလည်ပေးနိုင်ကြပါတယ်။ နမူနာဖော်ပြတာပါ။

လျှပ်စစ်မရှိရင် ဘာတွေဖြစ်လာမလဲ

အထူးသတိပြုရမှာက မြန်မာနိုင်ငံထဲမှာ ဘာရင်းနှီးမြှုပ်နှံမှုမှလုပ်မရတာ ဟာ လျှပ်စစ်မရှိတာက အခြေခံအချက်တစ်ချက်ပါ။ အဲဒီထဲမှာ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေဟာ အချက်အချာကျတဲ့နေရာ၊ ရာသီဥတုကောင်းတဲ့နေရာ၊ စွမ်းအင်အရင်းအမြစ်တွေ ပေါတဲ့နေရာ၊ ပင်လယ်ထွက်ပေါက်ရှိတဲ့ နေရာတွေမှာရှိနေပြီး လျှပ်စစ်မလုံလောက်၊ စီးပွားရေးလည်း လုပ်ကိုင်စရာအခွင့်အလမ်းနည်းပါးလွန်းလို့ ဒီဒေသကြီးသုံးခုက မိမိတို့တိုင်းရင်းသား အရွယ်ကောင်းအများစုဟာ အိမ်နီးချင်း ထိုင်းနိုင်ငံ နယ်စပ်ဘက်မှာ အလုပ်သွားလုပ်နေကြရတာပါ။

၂၀၁၅ ခုနှစ် ပြည်သူ့အင်အားဦးစီးဌာနက ထုတ်ပြန်ခဲ့တဲ့ တစ်နိုင်ငံလုံး သန်းခေါင်စာရင်း အစီရင်ခံစာပါ အချက်အချို့ကို ကောက်နုတ် ဖော်ပြရရင် -

၁။ မြန်မာတစ်နိုင်ငံလုံးမှ ပြည်ပထွက်ခွာအလုပ်လုပ်နေသူ ၂၀၂၁၉၀၀ ဦး

၂။ တစ်နိုင်ငံလုံးမှ ထိုင်းနိုင်ငံသို့ ရောက်ရှိအလုပ်လုပ်နေသူ ၁၄၁၈၄၇၂ ဦး(၇၀.၁ ရာခိုင်နှုန်း)

၃။ ဒေသ ၃ ခုမှ ထိုင်းနိုင်ငံရောက်ဦးရေ

   - ကရင်ပြည်နယ်                                  ၃၀၄၉၈၆ ဦး

   - မွန်ပြည်နယ်                                      ၃၈၅၄၈၇ ဦး

   - တနင်္သာရီတိုင်းဒေသကြီး                    ၁၈၇၉၆၈ ဦး

     စုစုပေါင်း                                          ၈၇၈၄၄၁ ဦး

၄။ ထိုင်းနိုင်ငံရောက် တစ်နိုင်ငံလုံးမှ ဦးရေနှင့်   ၆၂  ရာခိုင်နှုန်း

     ဒေသကြီး ၃ ခုမှ ဦးရေအချိုး

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေသူဦးရေ စုစုပေါင်း ၂ ဒသမ ၀၂ သန်းရှိသည့်အနက် လုပ်အားရှိသော အရွယ်ဖြစ်သည့် အသက် ၁၅ နှစ်မှ ၃၉ နှစ်အရွယ် အရေအတွက်မှာ ၈၃ ရာခိုင်နှုန်း ရှိနေပါတယ်။ တစ်ကမ္ဘာလုံးကို ထွက်ခွာ လုပ်ကိုင်နေသူများထဲမှ ထိုင်းနိုင်ငံကို ရောက်ရှိလုပ်ကိုင်နေသူသက်သက်ကပင် ၇၀ ရာခိုင်နှုန်းခန့်ထိ မြင့်မားနေတာကို တွေ့ရပါ တယ်။ ဒီလူဦးရေဟာ ဒုတိယမြို့ကြီးဖြစ်တဲ့ မန္တလေးမြို့တစ်မြို့လုံးမှာရှိတဲ့ လူဦးရေလောက် ဖြစ်နေပါတယ်။ ဒီထဲကနေ ထပ်မံ ကောက်နုတ်ရရင် ထိုင်းနိုင်ငံကို ရောက်ရှိအလုပ်လုပ်နေတဲ့ ကရင်၊ မွန်၊ တနင်္သာရီဒေသသုံးခုက အရွယ်ကောင်းဦးရေဟာ တစ်နိုင်ငံလုံး ထိုင်းနိုင်ငံသွား အလုပ်လုပ်နေသူအရေအတွက်ရဲ့ ၆၂ ရာခိုင်နှုန်းထိ ရှိနေပါတယ်။ ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ် နေကြသူတွေထဲမှာ ကရင်၊ မွန်၊ တနင်္သာရီက အများဆုံးဆိုတာ ပေါ်လွင်အောင်ဖော်ပြတာပါ။ ၂၀၁၈ ခုနှစ်မှာ ဒီထက်ပိုများ လာတယ်လို့လည်း သိရပါတယ်။

ဒီဒေသသုံးခုဟာ  အခြားပြည်နယ်/တိုင်းဒေသကြီးအားလုံးထက် ရာသီဥတု အလွန်ကောင်းတယ်။ စိုက်ပျိုးရေး၊ ရေလုပ်ငန်းတွေလည်း ကောင်းတယ်။ ဒါပေမဲ့ လျှပ်စစ်မလုံလောက်ဘူး၊ လျှပ်စစ်မလုံလောက်တော့ ရင်းနှီးမြှုပ်နှံမယ့် အလုပ်ရုံ စက်ရုံမရှိဘူး။ ဒီလိုဖြစ် နေတော့ လူငယ်တွေ အလုပ်လုပ်စရာ အခွင့်အလမ်းမရှိတော့ဘူး။ စားဝတ်နေရေး အဆင်မပြေတော့ဘူး။ ဒီတော့ တစ်ဖက်နိုင်ငံက ရည်ရွယ်ချက်ရှိရှိနဲ့ နီးစပ်ရာနယ်စပ်တစ်လျှောက်မှာ လာပြီးတည်ထောင်ထားတဲ့ စက်ရုံတွေမှာ အလုပ်သွား လုပ်ကြရတယ်။ ဟိုဘက်ကလည်း ဒီလုပ်အားတွေကို အားပြုပြီး စက်ရုံအလုပ်ရုံတွေကို နယ်စပ်မှာ လာပြီးတည်ထားကြတာဆိုတော့ ဒီစက်ရုံတွေမှာ အလုပ်လုပ်နေသူ လုပ်သားသိန်းဂဏန်းသာ မြန်မာနိုင်ငံပြန်သွားရင် သူတို့အတွက် အကြီးအကျယ်စီးပွားပျက်မယ်။ ဒါကြောင့် သူတို့ရဲ့ စီးပွားကိုပျက်စေမယ့် မြန်မာနိုင်ငံဘက်အခြမ်းမှာ ဆောင်ရွက်လာမယ့် ဘယ်ဖွံ့ဖြိုးရေးလုပ်ငန်း၊ ဘယ်အထူး စီးပွားရေး လုပ်ငန်း၊ ဘယ်လျှပ်စစ်စီမံကိန်းတွေကိုမှ မလုပ်နိုင်အောင် လက်လှမ်းမီသလောက် တစိုက်မတ်မတ်ဖျက်ဆီးဖို့ ကြိုးပမ်းနေကြ တယ်လို့ ဒေသခံအချို့ကဆိုကြတယ်။ ဒေသခံအချို့ကို လိုတာထောက်ပံ့ပြီး ကန့်ကွက်ဆန္ဒပြပွဲတွေ၊ ဆန့်ကျင်ပွဲတွေဖြစ်လာအောင် နောက်ကွယ်ကနေ အကုန်အကျခံပေးနေကြတယ်လို့ ဒေသခံအချို့ထံကသိရတယ်။ ပိုပြီးသိသာတာက ဘယ်ဖွံ့ဖြိုးမှု လုပ်ငန်းပဲ ဖြစ်ဖြစ် ဆန့်ကျင်နေတာတွေ့ရတယ်။

နယ်စပ်မှာလာပြီး စက်ရုံတည်၊ လုပ်အားခ ဈေးသက်သက်သာသာနဲ့ ကုပ်သွေးစုပ်နေတဲ့ တစ်ဖက်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင် တွေဟာ သူ့နိုင်ငံ သူ့အကျိုးအတွက် သူတို့လုပ်နေကြတာပဲ။ ဒါကို မိမိတို့နိုင်ငံ သက်ဆိုင်ရာ ဒေသတာဝန်ရှိသူတွေက သဘောပေါက် ပါတယ်။  သိလို့ ဒေသတွေမှာ ဖွံ့ဖြိုးရေးစီမံကိန်း၊ ဖွံ့ဖြိုးစေမယ့် စက်ရုံ၊ အလုပ်ရုံတွေ ဖြစ်စေချင်တယ်။ ဥပမာအားဖြင့်ပြောရရင် ဘိလပ်မြေစက်ရုံဆိုတာ ထုံးကျောက်ကို သုံးရတယ်။ ထုတ်လုပ်ရာမှာ စွမ်းအင်အဖြစ် ကျောက်မီးသွေးကို သုံးကြရတယ်။ ဒါက တစ်ကမ္ဘာလုံးလုပ်နေတဲ့နည်းပဲ။ မြန်မာနိုင်ငံမှာ ကြံခင်းဘိလပ်မြေစက်ရုံ၊ သရက်ဘိလပ်မြေစက်ရုံ၊ ဘားအံဘိလပ်မြေစက်ရုံ၊ ကျောက်ဆည်ဘိလပ်မြေစက်ရုံ၊ သာစည်-တောင်ကြီးလမ်းပေါ်က လှိုင်းတက်ဘိလပ်မြေစက်ရုံ၊ နေပြည်တော်ကောင်စီနယ်မြေထဲက တောင်ဖီလာဘိလပ်မြေစက်ရုံ၊ တီကျစ်က နဂါးဘိလပ်မြေစက်ရုံ စတာတွေမှာလည်း ဒီနည်းကို သုံးတာပါပဲ။ ဒေသခံတွေလည်း သိနေတာပဲ။ အချို့ဆိုရင် နှစ် ၃၀/၄၀ ခန့် တောင်ကြာနေပြီပဲ။ ဒါပေမဲ့ အခု ထပ်မံဆောင်ရွက် လာတဲ့ ကရင်နဲ့မွန်က ဘိလပ်မြေ စက်ရုံတွေကို သဘာဝပတ်ဝန်းကျင်ရှုထောင့်ကို အမည်တပ်ပြီး တိုက်ခိုက်လာနေကြတယ်။ အလွန်သိသာတဲ့ လုပ်နည်းလုပ်ဟန် တွေလို့ ဒေသခံအချို့ကလည်း ဆိုပါတယ်။ ထားဝယ်က အထူးစီးပွားရေးဇုန် မအောင်မြင်ရေးကိစ္စမှာလည်း အိမ်နီးချင်းနိုင်ငံတွေရော ဒေသတွင်း ဖွံ့ဖြိုးပြီးနိုင်ငံအချို့ကပါ နောက်ကွယ်က အနှောင့်အယှက်မျိုးစုံပေးနေကြတယ်လို့လည်း ဒေသခံတွေထဲက သတင်းထွက် နေပါတယ်။ ဒီနေ့အထိ ၅ နှစ်ကျော်ကြာမြင့်နေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ဟာ ဘာမှတိုးတက်မလာတာကြည့်ရင် သိသာပါ တယ်။ ဒေသခံတွေ၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်သူတွေပူးပေါင်းပြီး အဖြေရှာမှရမှာပါ။

ယခုဖော်ပြခဲ့တဲ့ ဟတ်ကြီးလိုစီမံကိန်းမျိုးလုပ်ဖြစ်ရင် Run -off - River Type  လည်းဖြစ်တယ်၊  ပတ်ဝန်းကျင်လည်း  သက်ရောက်မှု စိစစ်ချက်ကောင်းကောင်းလုပ်လိုက်လို့ သက်သာမယ်ဆိုရင် ထွက်လာမယ့်ဓာတ်အားဟာ ကရင်၊ မွန်၊ တနင်္သာရီလိုဒေသအတွက် လုံလောက်တဲ့အပြင် ပိုလျှံမယ်။ ပြည်မကြီးကိုပါ ပို့ပြီးရောင်းလို့ရမယ်။ ဒီနေရာမှာ ၅၀ ရာခိုင်နှုန်းလောက်ထိ ထိုင်းကိုရောင်းနိုင်ရင် ထိုင်းက ဓာတ်အားခ ဈေးကောင်းပေးမှုဟာ တစ်ကီလိုဝပ်နာရီ (တစ်ယူနစ်) အတွက် 7 UScent ဆင့်နဲ့အထက်ရမှာဖြစ်လို့ တရုတ်ကိုရောင်းတာထက် တစ်ယူနစ်အပေါ် 2 UScent ဆင့်နီးပါးလောက်ပိုရမယ်။

ဆက်လက်ဖော်ပြပါမည်။