အမေရိကန်၏ မိုးပျံပူးဖောင်းများ တရုတ်လေပိုင်နက်ထဲသို့ ၁၀ ကြိမ်ကျော်ဝင်ရောက်ခဲ့

အမေရိကန်၏ မိုးပျံပူးဖောင်းများ တရုတ်လေပိုင်နက်ထဲသို့ ၁၀ ကြိမ်ကျော်ဝင်ရောက်ခဲ့

အမေရိကန်နိုင်ငံမှ မိုးပျံပူဖောင်းများသည် တရုတ်နိုင်ငံ၏လေပိုင်နက်ထဲသို့ ၂၀၂၂ ခုနှစ်အစောပိုင်းမှစ၍  ၁၀  ကြိမ်ကျော်ဝင်ရောက်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖော်ပြထားသည်။

အမေရိကန်ရဲ့  မိုးပျံပူဖောင်းတွေက တခြားနိုင်ငံရဲ့လေပိုင်နက်ထဲကို အခွင့်မရှိဘဲဝင်ရောက်လာတာဟာ ထူးဆန်းပြီးရှားပါးတဲ့ ကိစ္စရပ်တစ်ခုတော့  မဟုတ်ပါဘူး။

ဒါကြောင့် အမေရိကန်အနေနဲ့ သူတစ်ပါးကို အသရေဖျက်မယ်၊ သားပုပ်လေလွင့်စွပ်စွဲမယ်၊ ထိပ်တိုက်ရင်ဆိုင်မှုဆီ ဦးတည်စေမယ်ဆိုရင် ကိုယ့်မျက်ချေးကိုယ်ပြန်မြင်ဖို့ လိုပါလိမ့်မယ်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ဘင်းက သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် အလားတူကိစ္စရပ်များနှင့်ကြုံတွေ့ရပါက လိုအပ်သော နည်းလမ်းများကို ကိုယ့်သဘောနှင့်ကိုယ်လုပ်ဆောင်သွားခွင့်ရှိကြောင်း ဝမ်ဝန်ဘင်းက ဆက်ပြောသည်။

မကြာသေးမီကဖြစ်ပွားသည့် အရပ်ဘက်သုံးတရုတ်မိုးလေဝသစောင့်ကြည့်လေ့လာရေးမိုးပျံပူဖောင်းတစ်လုံးက အမေရိကန် လေပိုင်နက်ထဲသို့  မတော်တဆရောက်ရှိသွားခြင်းသည် ရှောင်လွှဲမရသည့် လေတိုက်နှုန်းပြင်းထန်မှုကြောင့်သာ  ဖြစ်ကြောင်း ၎င်းကပြောသည်။

အလားတူ အဆိုပါမိုးပျံပူဖောင်းကို အမေရိကန်စစ်ဘက်က F-22 တိုက်လေယာဉ်အသုံးပြုပြီး ဒုံးကျည်ဖြင့်ပစ်ချလိုက်ခြင်းသည် မလိုအပ်ဘဲဇာချဲ့ခြင်းသာဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

အမေရိကန်နိုင်ငံသည် သူတစ်ပါးနိုင်ငံအပေါ်ထောက်လှမ်းရန်နှင့် ကင်းထောက်ခြင်းကို အရမ်းကာရော အသုံးပြုခြင်းဖြင့် ရာဇဝတ်မှုတစ်ခုကို  အကြိမ်ကြိမ်ကျူးလွန်သူဖြစ်ကြောင်း၊  တရုတ်နိုင်ငံအပေါ် စောင့်ကြည့်ထောက်လှမ်းမှုများ လုပ်ဆောင်နိုင်ရေးအတွက် လေယာဉ်များနှင့် စစ်သင်္ဘောများကို စေလွှတ်လေ့ရှိကြောင်း၊ ယခုနှစ်ဇန်နဝါရီလအတွင်းမှာပင် တောင်တရုတ်ပင်လယ်သို့   အမေရိကန်လေယာဉ်များ ဝင်ရောက်ပျံသန်းမှု  ၆၄  ကြိမ်ရှိပြီဖြစ်ကြောင်း   ဝမ်ဝန်ဘင်းကထောက်ပြထားသည်ဟု သိရသည်။            

Ref:Sputnik