အမေရိကန်က အရန်ရေနံများကိုထုတ်ရောင်းမည်ဆိုသောကြောင့် ရေနံဈေးနှုန်းကျဆင်း

အမေရိကန်က အရန်ရေနံများကိုထုတ်ရောင်းမည်ဆိုသောကြောင့် ရေနံဈေးနှုန်းကျဆင်း

 

အမေရိကန်အစိုးရက သူတို့ရဲ့နိုင်ငံတော်အရန်ရေနံများကို  ထုတ်ရောင်းမယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်မှာကြေညာလိုက် ပြီးနောက်  ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းသွားတာကို တွေ့ရပါတယ်။

လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံတော်အရန်ရေနံပမာဏက ၁၉၈၃ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအဆင့်ကို ရောက်ရှိနေပေမယ့် ရေနံစည်သန်းပေါင်း    ၂၆    သန်းကို ထုတ်ရောင်းပေးသွားမယ်လို့ အမေရိကန် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာပါ။

Brent    ရေနံစိမ်းဈေးနှုန်းက တစ်စည်ကိုဆင့် ၉၀ ကျဆင်းကာ ၈၅ ဒသမ ၇၁ ဒေါ်လာနှုန်း ဈေးပေါက်ပါတယ်။ အလားတူ  US  ရေနံစိမ်းဈေးနှုန်းက တစ်စည်ကို ၁ ဒသမ ၁၆ ဒေါ်လာကျဆင်းပြီး ၇၈ ဒသမ ၉၈ ဒေါ်လာရှိတာကိုတွေ့ ရပါတယ်။

မနှစ်တုန်းက     အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့အစိုးရအဖွဲ့ဟာ အရန်ရေနံတွေထဲက စည်ပေါင်းသန်း ၁၈၀ ကို စံချိန် တင်ရောင်းချပြီးနောက် ၂၀၂၃ ဘဏ္ဍာနှစ်မှာတော့ အရန်ရေနံထဲကနေ ရောင်းချမှု မပြုတော့ဘူးလို့ စွမ်းအင်ဝန်ကြီးဌာနက ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့လည်း အဲဒီဆုံးဖြတ်ချက်အတည်ဖြစ်ဖို့အတွက် ကွန်ဂရက် ရဲ့သဘောတူညီချက်လိုအပ်ပါသေးတယ်။

ရေနံဈေးနှုန်းကိုကျဆင်းစေတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ အမေရိကန်ရဲ့အကြီးဆုံးသော ရေနံတွင်းခုနစ်ခုကနေ  မတ်လအတွက် ရေနံထုတ်လုပ်မှုပမာဏစံချိန်တင်မယ်လို့ စွမ်းအင်ဝန်ကြီးဌာန ပြန်ကြားရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ငလျင်လှုပ်ခတ်မှုကြောင့် ပိတ်ထားခဲ့ရတဲ့ တူကီယဲနိုင်ငံရဲ့ ဆိပ်ကမ်းတစ်ခုကလည်း ပြန်ဖွင့်လိုက်ပြီဖြစ်တဲ့အတွက် ရေနံစိမ်းတင်ပို့မှု ပြန်လည်စတင်နေပါပြီ။

ဒီအတွက်ကြောင့် ကမ္ဘာ့ရေနံရောင်းလိုအားပမာဏကလည်း အနည်းငယ်မြင့်တက်လာနိုင်တဲ့အတွက် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းက သိသိသာသာကြီးမဟုတ်တောင်  အနည်းငယ်လောက်တော့ ဆက်လက်ကျ ဆင်းနေဦးမှာပါ။                      

ကိုထက်

Ref:CNA