OPEC က ယခုနှစ်အတွက် ကမ္ဘာ့ရေနံဝယ်လိုအား အခြေအနေကို တိုးမြှင့်ခန့်မှန်း

OPEC က ယခုနှစ်အတွက် ကမ္ဘာ့ရေနံဝယ်လိုအား အခြေအနေကို တိုးမြှင့်ခန့်မှန်း

ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့အစည်း (OPEC) က ယခုနှစ်အတွက် ကမ္ဘာ့ရေနံ ဝယ်လိုအားအခြေအနေကို တိုးမြှင့်ခန့်မှန်းလိုက်ပါတယ်။  အဓိကကတော့  တရုတ်နိုင်ငံရဲ့အခြေအနေအပေါ်မူတည်ပြီးတော့ တိုးမြှင့်ခန့်မှန်းလိုက်တာပါ။

တရုတ်နိုင်ငံက  ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကန့်သတ်ချက်များကို ဖြေလျှော့လိုက်တာကြောင့် ကမ္ဘာ့စီးပွားရေးအခြေအနေအပေါ်  ပိုမိုခိုင်မာလာစေမယ်လို့ ခန့်မှန်းထားကြတာပါ။

တရုတ်နိုင်ငံရဲ့အခုလိုအခြေအနေကြောင့် ဒီနှစ်အတွင်း  ကမ္ဘာ့ရေနံဝယ်လိုအားက တစ်ရက်ကို ရေနံစည်သန်းပေါင်း ၂ ဒသမ ၃၂ သန်းအထိမြင့်တက်လာမယ်လို့ OPEC က ခန့်မှန်းထားတာဖြစ်ပါတယ်။

တိုးတက်မှုရာခိုင်နှုန်းကတော့ ၂ ဒသမ ၃ ရာခိုင်နှုန်းရှိပါတယ်။ ဒါဟာ ပြီးခဲ့တဲ့လကထုတ်ပြန်တဲ့  ခန့်မှန်းချက်ထက် တစ်ရက်ကိုရေနံစည်သန်းပေါင်း ၁ သိန်းခန့်ပိုမိုများပြားလာတာပါ။

၂၀၂၃ ခုနှစ်အတွင်း ရေနံဝယ်လိုအားကိုမြင့်တက်လာစေတဲ့ အဓိကအကြောင်းရင်းက တရုတ်နိုင်ငံအနေနဲ့ သူတို့ရဲ့ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုဖြေလျှော့ပေးလိုက်ခြင်းက တရုတ်နိုင်ငံကိုသာမက ဒေသတွင်းနဲ့ တစ်ကမ္ဘာလုံးအပေါ်ကို သက်ရောက်မှုရှိစေပါတယ်လို့ OPEC အဖွဲ့ရဲ့ ဖေဖော်ဝါရီ ၁၄ ရက်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဥဏနဃ အဖွဲ့က ကမ္ဘာ့စီးပွားရေးအခြေအနေတိုးတက်နိုင်မှုကို နှစ်ထောင်းအားရမှုရှိနေပေမယ့်လည်း စီးပွားရေးတိုးတက်မှုကိုနှေးကွေးစေမယ့် အကြောင်းရင်းတချို့လည်းရှိနေတယ်လို့ဆိုပါတယ်။

အဲဒီအကြောင်းရင်းတွေထဲကမှတစ်ခုက ငွေကြေးဖောင်းပွမှုအလွန်မြင့်မားခြင်းဖြစ်ပြီး သူနဲ့ဆက်စပ် ဖြစ်ပေါ်လာနိုင်တဲ့ အတိုးနှုန်းတိုးမြှင့်နိုင်ခြေပါပဲ။

လက်ရှိမှာတော့ ကမ္ဘာ့ရေနံဈေးကွက်ကိုအထောက်အပံ့ဖြစ်စေဖို့အတွက် OPEC+ အဖွဲ့က သူတို့ရဲ့ရေနံထုတ်လုပ်မှုကို လျှော့ချဖို့ တညီတညွတ်တည်းသဘောတူလိုက်ပြီးနောက် ဇန်နဝါရီလအတွက် ရေနံစိမ်းထုတ်လုပ်မှုပမာဏကျဆင်းသွားတာကို တွေ့ရပါတယ်။                        

ကိုထက်

Ref:CNA