စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၅၄)

အောက်ဘက်က တောင်ပိုင်းပြည်နယ်တွေဖွံ့ဖြိုးအောင် ဓာတ်အား ပို့လွှတ်ချင်တယ်။ တောင်တွေမတ်စောက်နေလို့ ရေအားလျှပ်စစ် အတွက် အဓိကကျတဲ့ရေအားအမြင့်ကို လိုသလိုမြှင့်ပြီး တည်ဆောက်နိုင်မယ်။ ဒီအချက်တွေကြောင့် မဲခေါင်မြစ်မှာ ရေအားလျှပ်စစ် စီမံကိန်းတွေကို မဂ္ဂါဝပ်ပေါင်း သောင်းဂဏန်းအထိ ဆောင်ရွက်ခဲ့တာဖြစ်တယ်။

အထက်မှာဖော်ပြခဲ့တဲ့ မြစ်သုံးသွယ်စတင်စီးဆင်းရာ မြင့်မား မတ်စောက်တဲ့တောင်ကြားတွေကို United Nations Educational Scientific and Cultural Organization (UNESCO) ရဲ့ ကမ္ဘာ့ ယဉ်ကျေးမှုမွေအနှစ် (World Heritage) အဖြစ် သတ်မှတ်ထားပြီး ဖြစ်တယ်။ ဒီတော့ တရုတ်နိုင်ငံထဲမှာကျရောက်နေတဲ့  သံလွင်မြစ်ဟာ မြန်မာနိုင်ငံကို မဝင်မီထိ မြစ်ကိုအသုံးချပြီး ဖွံ့ဖြိုးမှုလုပ်ဖို့ နေရာ မိုင်ရာဂဏန်းလောက်သာ ကျန်ပါတော့တယ်။ သံလွင်မြစ်အထက်ပိုင်းက နေရာတွေ ကလည်း မတ်စောက်တဲ့ တောင်ကြား တွေဖြစ်နေတယ်။ ရေထုစီးနှုန်းကလည်း မြစ်သုံးစင်းမှာ သိသိသာသာအနည်းဆုံးဖြစ်နေတယ်။ နောက်ဆုံးတစ်ချက်က ထွက်လာမယ့် ဓာတ်အားကို သယ်ပို့မယ်ဆိုရင် ဈေးကွက်ကလည်း သူ့နိုင်ငံထဲရောက်ဖို့ မြင့်မားတဲ့တောင်တန်းတွေကိုဖြတ်သန်းပြီး ဓာတ်အားလိုင်း သွယ်တန်းရမယ်၊ မဲခေါင်မြစ်ကိုပါ ထပ်ပြီးကျော်ဖြတ်ရမယ်။ ပြည်ပကို ဓာတ်အားရောင်းဖို့ စဉ်းစားတော့လည်း ကပ်လျက်က မြန်မာနိုင်ငံပဲရှိတယ်။ မြန်မာကလည်း နိုင်ငံထဲမှာ ရေအားလျှပ်စစ်ထုတ်စရာတွေ ပေါများလွန်းတာကြောင့် သူ့အရင်းအမြစ် သူသုံးနိုင်ရင် ဝယ်မှာမဟုတ်ဘူးလို့ စဉ်းစားကြတယ်။ ဒါကြောင့် စီးပွားရေးတွက်ခြေကိုက်မှုဆန်းစစ်ချက်မှာ  အားနည်းသွားပြီဆိုတာ သေချာပါတယ်။ ရလာမယ့်ဓာတ်အား ပမာဏတွေကလည်း စီမံကိန်းတစ်ခုလုပ်ရင် အများဆုံးမဂ္ဂါဝပ်  ၁၀၀၀ ခန့်သာ ရစရာရှိတော့ စီမံကိန်းရင်းနှီးမြှုပ်နှံစရိတ်ကလည်း  တွက်ခြေကိုက်မှုနည်းပါတယ်။ ဒီအချက်တွေကြောင့် တရုတ်ဟာ သံလွင်မြစ်ပေါ်မှာ  ယနေ့ထိ ရေအားလျှပ်စစ်စက်ရုံတွေကို  လျာထားရုံလောက်သာလျာထားပြီး အသေးစိတ်ဒီဇိုင်းသာကိုင်ထားပြီး  ယမ်စီနဲ့မဲခေါင်မြစ်ကိုသာ ဦးစားပေးဆောင်ရွက်နေတာပါပဲ။ တကယ်လို့ မြန်မာနဲ့သာ ညှိလို့ရရင် သူ့နိုင်ငံထဲကဓာတ်အားကို ဘင်္ဂလားဒေ့ရှ်ကို သူရောင်းပါ လိမ့်မယ်။  အိန္ဒိယကိုတောင် ရောင်းချင်ရင် ရောင်းပါလိမ့်မယ်။ အဲဒီအခါမှာ သံလွင်မြစ်ပေါ်မှာ တရုတ်က တစ်ခုနှစ်ခုလောက် လုပ်ချင် လုပ်လာပါလိမ့်မယ်။ ဒါမှ ဓာတ်အားလိုင်းသွယ်တန်းမှု စရိတ်သက်သာမယ်။သူရောင်းရမယ့်ပမာဏနဲ့ အရွယ်အစား သိပ်မကွာတဲ့ အရင်းအမြစ်တွေကို သူရွေးပြီးသုံးပါလိမ့်မယ်။ ကိုယ့်မှာ သဘာဝကပေးထားတဲ့ အခွင့်အလမ်းကို  ကိုယ်မသုံးတတ်ရင်တော့ တရုတ်က အမြတ်ထွက်ဦးမှာပါ။ အဲဒီကျရင်သာ သူများကိုအပြစ်တင်တာထက် ကိုယ့်အားနည်းချက်ပါလားလို့ သဘောထားနိုင်ကြ ဖို့ပဲ လိုပါတယ်။ ဒီလိုမဟုတ်ရင် သူ့ပြည်သူ ဓာတ်အားရာနှုန်းပြည့်မရသေးတဲ့ အိန္ဒိယလိုနိုင်ငံကတောင်ကြားက ဝင်စားသွားပါ လိမ့်မယ်။  မိမိထက်ဖွံ့ဖြိုးမှုနည်းခဲ့တဲ့လာအိုကို ဆရာခေါ်ရပါလိမ့်မယ်။

တရုတ်ရဲ့ မဟာဗျူဟာ

တရုတ်ရဲ့မဟာဗျူဟာကို အကဲခတ်မိဖို့လိုပါတယ်။ တရုတ်က မြန်မာနိုင်ငံကိုလာပြီး ရေအားလျှပ်စစ်တွေထုတ်တယ်ဆိုတာ သူလျှပ်စစ် လိုချင်လို့ဆိုပြီး တချို့ကထင်နေကြပါတယ်။ တရုတ်က မြန်မာပြည်ထဲမှာ လာလုပ်ပြီး သူ့နိုင်ငံထဲကို ဓာတ်အား ပြန်သယ်ရင် ဘာတွေသူ့အတွက် ဆုံးရှုံးမယ်ဆိုတာ စဉ်းစားထားပြီးသားပါ။ အဲဒါတွေကတော့-

(က)     သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုထဲက အချိုးတစ်ခုကို မြန်မာကို အခမဲ့ ဓာတ်အားနဲ့ ရှယ်ယာပေးရမယ်။ သူ့နိုင်ငံထဲမှာလုပ်ရင်   ဘယ်သူ့မှ အခမဲ့ပေးစရာမလိုဘူး။  ဒါဟာ အကျိုးအမြတ်ရဲ့  ၂၅ ရာခိုင်နှုန်းလောက်အထိ များပြားတဲ့ငွေပါ။

(ခ)       ထွက်လာတဲ့ဓာတ်အားကို ပြန်သယ်ဖို့ ဓာတ်အားလိုင်းကလည်း ရှည်လျားပြီး ခက်ခဲတဲ့တောင်တန်းဒေသတွေကို ဖြတ်သန်းရမှာ ဖြစ်တဲ့အတွက် သူ့နိုင်ငံထဲမှာလုပ်တဲ့ ရေအားစက်ရုံတွေကနေ ဓာတ်အားသွယ်ယူတာထက် အများကြီး ပိုပြီးစရိတ် ကြီးမှာပါ။

(ဂ)       သူ့နိုင်ငံထဲကို ဓာတ်အားပြန်သယ်ရင်လည်း သယ်ယူသွားတဲ့ ဓာတ်အားအပေါ်မှာ ကုန်သွယ်ခွန်ဆောင်ရပါလိမ့်မယ်။ ရောင်းရ ငွေရဲ့ ၅ ရာခိုင်နှုန်းဝန်းကျင်ရှိပါတယ်။

(ဃ)     နောက်ဆုံးအချက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရကြားက ပြဿနာကလည်း သူ့စီးပွားရေးလုပ်ငန်းကို ထိခိုက်နိုင်တယ်။ အခန့်မသင့်ရင် သူ့လုပ်ငန်းတွေ ရပ်သွားနိုင်တယ်။ ဒီလိုဖြစ်ခဲ့ရင် သူ့နိုင်ငံမှာလုပ်ရင် မကုန်တဲ့၊ မလိုအပ်တဲ့ စရိတ်တွေ သူသုံးရလိမ့်မယ်။ စက်ရုံနဲ့ဓာတ်အားလိုင်းတွေ လုံခြုံရေးကိစ္စကအစ အပိုကုန်ကျစရိတ်တွေ သူသုံးရပါမယ်။

သူ့မှာ မဲခေါင်နဲ့ယမ်စီအပါအဝင် များပြားလှတဲ့ ရေအားအရင်းအမြစ် တွေသူသုံးပြီး ဓာတ်အားထုတ်ချင်ရင် မဂ္ဂါဝပ်သိန်းပေါင်းများစွာ ထုတ်လို့ရနေတယ်။ လုပ်လည်းလုပ်နေတယ်။ ဈေးနှုန်းကလည်း အထက်မှာဖော်ပြခဲ့သလို အရှေ့တောင်အာရှမှာ အနည်းဆုံးဈေးနဲ့ ညီမျှတဲ့ဈေးနဲ့ သူ့ပြည်သူကို လုံလောက်အောင်ဓာတ်အားဖြန့်နိုင်တယ်။ သူ့ပြည်သူက သူ့နိုင်ငံထဲမှာတည်ဆောက်မယ့် နျူကလီးယား (ရေအားနဲ့ဈေးချင်း အတူတူ အရင်းအမြစ်) ဓာတ်အားပေးစက်ရုံတွေကို ပြဿနာမရှာသလို သူ့နည်းပညာနဲ့သူ တာဝန်ခံပြီး တည်ဆောက်နိုင်တယ်။ ဒါတွေကြောင့် မြန်မာနိုင်ငံမှာလာပြီး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ဆိုတာ တရုတ်အတွက် ဓာတ်အားလိုအပ်ချက်ကြောင့် အဓိက မဟုတ်သလို  ဈေးပေါလို့လည်း မဟုတ်ဘူးဆိုတာ  သေချာပါတယ်။ မြန်မာက တရုတ်ကို  ဓာတ်အားရောင်းရင်လည်း  တစ်ယူနစ်စက်ရုံ ထုတ်ဈေး 4 UScent/KWh လောက်နဲ့ ရောင်းရမှာပါ။ ဒီတော့ တရုတ် ဖက်စပ်ကုမ္ပဏီက သူ့နိုင်ငံကို ဓာတ်အားပြန်ပို့ပြီး ငွေရှာတဲ့အခါ ဈေးကောင်းကောင်းရမှာ မဟုတ်တဲ့အတွက် စီမံကိန်းစီးပွားရေး ဆန်းစစ်ချက် လုပ်တဲ့အခါ အရင်းကျေကာလတွေ ပိုကြာပါလိမ့်မယ်။ စီးပွားရေးတွက်ခြေ ကိုက်မှုအချိုးလည်း  နည်းမှာသေချာ ပါတယ်။  တကယ်လို့  ထိုင်းတို့၊ ဘင်္ဂလားဒေ့ရှ်တို့ကို တိုက်ရိုက်ရောင်းနိုင်ရင်တော့ ဒီထက်ဈေးကောင်း ပိုရပါလိမ့်မယ်။ ဖက်စပ် ကုမ္ပဏီရောင်းတဲ့ဈေးဟာ ဘယ်သူ့ကိုရောင်း သည်ဖြစ်စေ ဈေးက တစ်မျိုးတည်းသာ ရောင်းမှာဖြစ်တဲ့အတွက် မြန်မာက ပြန်ဝယ်ရင် လည်း ဈေးအတူပေးပြီးသာ ဝယ်ယူကြရပါလိမ့်မယ်။

ဒီနေရာမှာ အနည်းငယ်ရှင်းပြချင်တာက ရင်းနှီးမြှုပ်နှံသူနဲ့ ရေမြေ ပိုင်ဆိုင်သူဟာ စီမံကိန်းကို ရှယ်ယာနဲ့ဖက်စပ်လုပ်ပြီဆိုကတည်းက အဲဒီ စီမံကိန်းကို ဘယ်နိုင်ငံအစိုးရကမှ ပိုင်တာမဟုတ်တော့ပါဘူး၊ ပါဝင်ပတ်သက်တဲ့ ဖက်စပ်ကုမ္ပဏီကသာ ပိုင်တော့တာပါ။ ဘယ်သူက ဓာတ်အားလိုချင်သည်ဖြစ်စေ ဖက်စပ်ကုမ္ပဏီကိုသာ ငွေချေပြီးဝယ်ကြရမှာပါ။ နှစ်နိုင်ငံအစိုးရက   ဝင်ရောက်စွက်ဖက်လို့ မရပါဘူး။   

ဆက်လက်ဖော်ပြပါမည်။

မော်သာထွေး(မန္တလေး)