မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော် နယ်လှည့်အထူး‌ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော် နယ်လှည့်အထူး‌ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ  - ၁၅

မကွေးတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် မကွေးမြို့နယ်၊ မိကျောင်းရဲကျေးရွာရှိ တိုက်နယ် ဆေးရုံ၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၇၅၂ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၀၀ ဦး၊ ခွဲစိတ်ရောဂါ ၅၁ ဦး၊ ကလေးရောဂါ ၃၁ ဦး၊ သားဖွားမီးယပ်ရောဂါ ၃၀ ဦး၊ အရိုးရောဂါ ၁၃၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၇ ဦး၊ မျက်စိရောဂါ ၁၈၁ ဦး၊ သွားရောဂါ ၂၆ ဦးနှင့် အထွေထွေရောဂါ ၆၁ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် အထွေထွေခွဲစိတ်လူနာ ၆ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၁၂ ဦးတို့ကို ခွဲစိတ်ကုသ ပေးခြင်းများဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၁၇ ဦး၊ Ultrasound ဖြင့် စမ်းသပ် စစ်ဆေးလူနာ ၇၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၈၆ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၈၇ ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲခန်းယာဉ်တို့ဖြင့် ရောဂါ ရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၁၄ ဦးအား နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။

၎င်းအပြင် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့က ဒေသခံ ပြည်သူများအား သွေးတိုးရောဂါနှင့် ဆီးချို၊ သွေးချိုရောဂါများအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးကုသမှုခံယူနေသည့် ဒေသခံ ပြည်သူများအား စားရေးအဆင်ပြေစေရန်အတွက် တာဝန်ရှိသူများက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးကြသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို မကွေးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။