မြစ်တို့၏သဘော

ယမန်နေ့မှအဆက်

သူသည် မခင်ရီနှင့် အသက်ချင်း သိပ်ကွာခြားဟန်မရှိ။ မခင်ရီထက် အရပ်မြင့်၍ မခင်ရီထက် တုတ်ခိုင်၏။

မခင်ရီက လျှို့ဝှက်သိပ်သည်းသော ဟန်ဆောင်ပေမယ့် မမြသွေးမှာ အညာသူပီပီ ပွင့်လင်းဟန်ရှိသည်။

''ဒါဖြင့် အန်ကယ်သောင်းတော့ အိမ်တစ်ဆောင် မီးတစ်ပြောင်ဖြစ်ဦးမှာပေါ့''

ပန်းက မင်းစေကလေး လာပို့သောကော်ဖီကို မိခင်ရှေ့တွင်ချပေးရင်းပြောရာ''ဟ အခုတော့ အိမ်မရှိလို့လား''

''အခုရှိတဲ့အိမ်က အိမ်ရှင်မ မရှိတဲ့အိမ်ပဲ။ ဘယ်မှာအိမ်နဲ့တူပါ့မလဲ''

''ပြောပြော၊   နင်ပဲပြော။   ဒါပေမဲ့   ပန်းပြောတာ ဟုတ်သကွ။ အေးလေ ဖြည်းဖြည်းတော့ဖြစ်လိမ့်မယ်ထင်ပါရဲ့''

''အန်ကယ့်စကားကလည်း ဘာပြောတယ်ဆိုတာတောင် အဓိပ္ပာယ်ကောက်လို့ မရတော့ဘူး''

မခင်ရီရော   မမြသွေးပါ   ကိုချစ်သောင်းအား အဓိပ္ပာယ်တစ်မျိုးစီဖြင့်ကြည့်နေကြ၏။

''ဒီလိုမခင်ရီရေ့။  ကျွန်တော်စောင့်နေတဲ့  ချစ်သူဟောင်း ရောက်လာတာမှန်ပါရဲ့။ သူကလည်း လက်ထပ်ပါ့မယ်တဲ့။ သို့သော် ကိစ္စလေးတစ်ခု မပြတ်သေးလို့ဆိုတော့။ မောတာပေါ့ မခင်ရီရယ်''

''သြော် သြော် ဟုတ်ကဲ့''

''ကျွန်တော့်တော့ မေးနေပြီး ခင်ဗျားတို့သားအမိကို ကျွန်တော်ကမေးရဦးမယ်။ ဘာတွေမေးလိုက်သလဲ''

''အရင်တုန်းက မေးခွန်းတွေပါပဲရှင်''

''ပန်းကော''

''ဒီလိုပါပဲ အန်ကယ်''

တယ်လီဖုန်းမြည်လာသည်။    ဦးချစ်သောင်းက ကောက်ယူနားထောင်၏။

''ဟုတ်ပါတယ်ခင်ဗျား။ ပန်းလား၊ ရှိပါတယ်ခင်ဗျား။ ပန်းရော့ဟေ့''

ဦးချစ်သောင်းက ပန်းအားလှမ်းပေးသည်။ ပန်းသည် များများပြောရခြင်းမရှိ။ ဟုတ်ပါတယ်နှင့် မမှန်ပါဘူး တို့ကိုသာဖြေပြီး ပြန်ချလိုက်၏။

ဘယ်ကလာသော  တယ်လီဖုန်းနည်း။   ဘာတွေပြောကြသနည်း။

ဒီအခန်းထဲတွင်ရှိသောလူများအနက် မမြသွေးကသိချင်၏။ သိချင်သော မျက်လုံးတို့ဖြင့် ကြည့်နေသည်။

မခင်ရီကလည်း  သိချင်သည်။  သို့ကြောင့်  သူက ''ဘယ်ကလဲ သမီး''ဟု လှမ်းမေး၍ ''ရဲမင်းကြီးဆီကပါ မေမေ''ဟု ဖြေသည့်ခဏဝယ် မမျှော်လင့်သော ကိစ္စတစ်ရပ်ဖြစ်ပွားလာလေ၏။

ပန်းပါးစပ်က   အဖြေထွက်လာလျှင်   ချက်ချင်း၊ မမြသွေး၏နှုတ်ခမ်းသည် ဖြူရော်ကာ၊ မျက်လုံးပြူးထွက်လာပြီး ပက်ခနဲ လဲကျသွားလေသည်။

''ဟင်။ ဦးချစ်သောင်း လုပ်ပါဦး၊ လုပ်ပါဦး''

မခင်ရီက ပြေးပွေ့ရင်းပြော၏။

ကိုချစ်သောင်းက ''မြသွေး၊ မြသွေး''ဟုခေါ်ကာ လှုပ်သည်။

''မေမေ မေမေ့သွေးဆေးရှူပေးပါ။ ရေမွှေးလည်း ပါတယ်မဟုတ်လား''

''ဟုတ်သားပဲ ပါတယ်''

မခင်ရီမှာ မူးဝေတတ်သူဖြစ်သဖြင့် ပစ္စည်းအပြည့်အစုံ ပါသည့်အတွက် သွေးဆေးမှုတ်ပေး အော်ဒီကလုံး ရေမွှေးတေ့ပေးကြသည်။

''ဆရာဝန်ခေါ်လိုက်မယ်''

''ရပါတယ် နှလုံးလေရိုက် သွားတာထင်ပါတယ်''

မခင်ရီ  ပြန်ပြောရင်းနှိပ်နယ်ပေးရာ   မမြသွေးမှာ သတိရလာပြီး  မခင်ရီ၏ ရင်ခွင်ကိုမှီလျက်  ထထိုင်နိုင်သည်။

''မြသွေး သတိရလာပြီလား''

''ကြောက်တယ် မောင်ကြီး၊ မြသွေးကြောက်တယ်''

''ကျွန်မတို့ဖက်ထားတယ်လေ။ ဒီအခန်းထဲမှာ ဘာမှ ကြောက်စရာမရှိပါဘူး''

မမြသွေးသည် မောပန်းစွာ အသက်ရှူ၏။ ချွေးပြန်နေ၏။ တစ်စုံတစ်ရာကို တကယ်ကြောက်ရွံ့သည့် အလား ပြူးကြောင်စွာ လှည့်ပတ်ကြည့်သည်။

''ဘာမှမရှိပါဘူး မြသွေးရဲ့။ မောင်ကြီးဆီမှာသွားပြီး အိပ်နေမလား''

''မြသွေးကိုပစ်မထားပါနဲ့ မောင်ကြီးရယ်။ မြသွေး မြသွေး''

''မောင်ကြီးက ဘာဖြစ်လို့ပစ်သွားရမှာလဲကွယ့်။ ကဲ ပန်းရေ တွဲခဲ့ပါကွယ်။ အန်ကယ့်အိမ်ကို ခေါ်သွားရအောင်''

မမြသွေးအားကူတွဲပေးရာ မခင်ရီနှင့်ပန်းပါ ကိုချစ်သောင်း၏ ကားဖြင့် လိုက်ပါသွားကြသည်။

မခင်ရီက  မမြသွေး၏မျက်လုံးကို  တစ်လမ်းလုံး အကဲခတ်လာခဲ့သည်။    မမြသွေးမှာ   တစ်စုံတစ်ရာ လျှို့ဝှက်သောရန်သူ သို့မဟုတ် ဘေးအန္တရာယ်ကို ကြောက်ရွံ့ဟန်တူ၏။

သို့စဉ်တွင် ကိုချစ်သောင်းက ကားမောင်းလျက် လှမ်းပြော၏။

မခင်ရီတို့သားအမိလည်း  ကိုယ့်အိမ်ကိုယ့်ရာကို ပြန်ပြီးပြောင်းသင့်ပြီထင်တယ်။

''ဘာဖြစ်လို့လဲ အန်ကယ်''

ပန်းက စိတ်ဝင်စားသံဖြင့်မေးသည်။

''ဦးသန်းနိုင် စိတ်ကောင်းအောင်လို့ပေါ့ကွယ်။

ခုနေသာပြန်ပြောင်းလာကြရင် သူလည်း စိတ်အားတက်သွားမယ်။ သြော် သူတို့ဟာ လောကကို ရင်ဆိုင်ခဲ့ကြပါကလား၊ ငါ့အယူအဆကို သဘောပေါက်ကြပါကလားလို့ ဝမ်းတောင်သာလိမ့်ဦးမယ်''

''အရင်လိုပဲ ပြောမြဲပြောနေရင်ကော အန်ကယ်ရယ်''

''ဒီဘဝရောက်မှတော့ အပြောအဆိုခံရမှာ ကြောက်နေရသေးသလား ပန်းရယ်။ အဆုံးစွန်ကိုရောက်နေပြီ မဟုတ်လား ပန်းရဲ့''     

ဆက်လက်ဖော်ပြပါမည်။