စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၅၅)

လုပ်ငန်းမစမီကတည်းက စာချုပ်ချုပ်ပြီးလုပ်ရတာပါ။ ဒါဟာ အပြည်ပြည်ဆိုင်ရာလိုက်နာရမယ့် ထုံးတမ်းစဉ်လာပါ။  သက်ဆိုင်ရာ နိုင်ငံက ပြဋ္ဌာန်းထားတဲ့ဥပဒေအတိုင်း ဖက်စပ်ကုမ္ပဏီကလည်း လိုက်နာဆောင်ရွက်ရမှာပါ။ ငါ့နိုင်ငံရေမြေသုံးတာ အခုတစ်မျိုး တော်ကြာတစ်မျိုး ငါဝင်စွက်ဖက်မယ်ဆိုရင်  စောစောကတည်းက ဘယ်သူမှ  လာရောက်ရင်းနှီး မြှုပ်နှံကြမှာမဟုတ်တော့ပါဘူး။ ဒါကြောင့် နိုင်ငံတကာလုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေဟာ ရင်းနှီးမြှုပ်နှံရမယ့် နိုင်ငံအစိုးရတွေရဲ့ ရပ်တည်ချက်ပုံရိပ်က ဘယ်လိုလဲ၊ ပြဋ္ဌာန်းထားတဲ့ဥပဒေက ခိုင်မာရဲ့လား၊  ဒေသ အစိုးရတွေ၊ အုပ်ချုပ်သူတွေနဲ့ ဒေသခံပြည်သူတွေရဲ့ သဘောထားတွေ ပေါ်မှာမူတည်ပြီး လာချင်စိတ်ရှိမှလာပါလိမ့်မယ်။

မြန်မာဟာ ဘယ်လောက်ပဲ ရင်းနှီးမြှုပ်နှံဖို့ကောင်းတယ်လို့ ကမ္ဘာ့ အဖွဲ့အစည်းတွေက သုံးသပ်တယ်ပဲပြောပြော တကယ်လာရောက် ရင်းနှီးမြှုပ်နှံသူတွေဟာ စီးပွားရေးသမားလုပ်ငန်းရှင်တွေသာ ဖြစ်ပါတယ်။ သူတို့သည် ဘရာဇီးကပိုကောင်းရင် ဘရာဇီးသွားပါ လိမ့်မယ်။ တရုတ်က ပိုကောင်းရင် တရုတ်ကိုသွားပါလိမ့်မယ်။  ကမ္ဘောဒီးယား၊  လာအိုက ပိုကောင်းရင် အဲဒီကိုသွားပါလိမ့်မယ်။ ယုတ်စွအဆုံး အီသီယိုးပီးယားလို လူမျိုးစုပြဿနာတွေရှိနေတဲ့ နိုင်ငံတွေကိုတောင် လက်တွေ့သွားရောက် ဆောင်ရွက်ပြီး အားသာချက် အခွင့်အလမ်းတွေကို ရယူရင်းနှီးမြှုပ်နှံကြပါလိမ့်မယ်။ ဒါကြောင့် စီးပွားရေးတိုးတက်ချင်ရင် ပြည်သူပြည်သားတိုင်းဟာ နိုင်ငံတကာအခြေအနေ၊ ကိုယ့်နိုင်ငံအခြေအနေကို လေးလေးနက်နက်သိထားဖို့ လိုပါလိမ့်မယ်။

ကမ်းလွန်ပင်လယ်ပြင်မှာ နိုင်ငံတကာကိုဖိတ်ခေါ်ပြီး ရေနံနဲ့သဘာ၀ ဓာတ်ငွေ့တူးနေတာ ဖက်စပ်စနစ်နဲ့ပါပဲ။ အချိန်တန်ရင် ကုန်သွားမယ့် တွင်းထွက်သယံဇာတအပေါ် ကိုယ့်နိုင်ငံက ဘယ်လောက်ရှယ်ယာရလိုက်ပါသလဲ၊ ရေနံသဘာဝဓာတ်ငွေ့ ဖက်စပ်တူး လို့လည်း အခမဲ့ရှယ်ယာ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းထိသာရတာပါ။  အခမဲ့ဓာတ်ငွေ့လုံးဝမရပါဘူး။ သက်တမ်းကုန်သွားရင် လက်ချည်းဗလာကျန်ခဲ့မယ့် ရင်းနှီးမြှုပ်နှံမှုပါ။ လက်ထဲမှာ သဘာဝပြန်ပြည့်မြဲ အရင်းအမြစ်တွေကိုင်ထားပြီး ကိုယ်လည်းမလုပ်တတ်၊ ရင်းဖို့ငွေလည်း မတတ်နိုင်၊ လာပြီးရင်းမယ့်သူတွေကိုလည်း နှစ်ဖက်လက်ခံနိုင်မယ့် (Win-Win Situation) အခြေအနေကို မဖန်တီး ပေးနိုင်၊ ရေအားလျှပ်စစ်ရဲ့လုပ်ငန်းသဘာဝအရ ရေနံသဘာဝဓာတ်ငွေ့တူးတာထက် ရေရှည်နိုင်ငံ အကျိုး ဖော်ဆောင်နိုင်မယ် ဆိုတာကို စနစ်တကျမသုံးသပ်ဘဲ တစ်ဖက်သတ်ပြောဆိုဝေဖန်နေကြ၊ ကန့်ကွက်နေကြတဲ့ကိစ္စတွေကြောင့် မိမိတို့နိုင်ငံ အကျပ် အတည်းဖြစ်နေတယ်ဆိုတာ သိဖို့လိုပါတယ်။

တရုတ်နိုင်ငံသံလွင်ပေါ်မှ စီမံကိန်းများ

တရုတ်ပြည်ထဲက သံလွင်မြစ်ပေါ်မှာ တရုတ်ကလျာထားပြီး မလုပ်ဘဲ စောင့်နေတဲ့ စီမံကိန်းတွေအကြောင်းဆက်ပါဦးမယ်။ တရုတ်ပြည် တိဘက် ကုန်းပြင်မြင့်နဲ့ ယူနန်မြောက်ဖျားက မြစ်သုံးစင်းသွယ်တန်းစီးဆင်းလာတဲ့နေရာကို UNESCO က ၂၀၀၃ ခုနှစ်မှာ ကမ္ဘာ့သဘာဝအမွေအနှစ် အဖြစ် ကြေညာခဲ့ပါတယ်။ အဲဒီလို ကြေညာပြီးလျှင်ပြီးချင်းမှာပဲ ယူနန်ပြည်နယ်အစိုးရက အဲဒီနယ်မြေရဲ့ အောက်ပိုင်း၊ သံလွင်မြစ်ရော၊ မဲခေါင်မြစ်ပေါ်မှာရော  စီမံကိန်းတွေ  လျာထားတန်လျာထား၊  ဆောက်တန်ဆောက်ဖို့ လုပ်တော့ တာပါပဲ။ အထက်မှာပြောခဲ့သလို မဲခေါင်ပေါ်မှာတော့ အားလုံးပြီးသွားပါပြီ။ သို့သော် သံလွင်ပေါ်မှာတော့ စီမံချက်အဆင့်နဲ့ပဲ ရပ်ထားပါတယ်။ စီမံကိန်း ၁၃ ခုထဲမှာ ၈ ခုကိုတော့ အပြီးပယ်ဖျက်လိုက် ပါပြီ။ အမျိုးသားဥယျာဉ်နယ်မြေတွေ သတ်မှတ်လိုက် တာလည်း  ရှိပါတယ်။ ဒီစက်ရုံတွေအားလုံးရဲ့အမည်တွေနဲ့  တပ်ဆင်အင်အားတွေကိုတော့ လေ့လာနိုင်အောင် ဖော်ပြပေးပါမယ်။

ဖော်ပြခဲ့တဲ့ ၁၃ ခုထဲမှာ ငါးခုသာ စီမံချက်အဖြစ်ကျန်ခဲ့ပြီး  ငါးခု ပေါင်းရဲ့ တပ်ဆင်အင်အားဟာလည်း ၈၇၈၀ မဂ္ဂါဝပ်သာရှိပါတယ်။ မဲခေါင်မြစ်ပေါ်က ဆောက်လုပ်ထားတဲ့ စီမံကိန်းနှစ်ခုစာပမာဏလောက် တောင် မရှိတာ တွေ့ရပါတယ်။ မဲခေါင်မြစ်အကြောင်းမှာ အသေးစိတ် ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံတွင်း သံလွင်မြစ်ပေါ်မှာ ရေအားလျှပ်စစ်လျာထားစီမံကိန်းများ

ဖော်ပြခဲ့တာကတော့ တရုတ်နိုင်ငံတွင်း သံလွင်မြစ်ပေါ်ကအခြေအနေများနဲ့ မြန်မာနိုင်ငံတွင်း လာရောက်ဆောင်ရွက်ရန်စီစဉ်နေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်များရဲ့ သဘောထားအခြေအနေများပါပဲ။ ဒါဆိုရင် သူတို့ ဘာကြောင့် မြန်မာပြည်လာပြီး ရင်းနှီးမြှုပ်နှံ ကြတာလဲလို့ မေးရင် သူတို့အတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းလိုချင်လို့ပါပဲ။ နှစ် ၃၀ လောက်  လုပ်ကိုင်ခွင့်ကာလမှာ အရင်းကျေ ကာလ  ၁၅ နှစ်လောက်နုတ်ရင် ကျန်တဲ့နှစ်တွေပေါ်က ရမယ့်အကျိုးစီးပွားကိုမက်လို့ပါပဲ။ မြန်မာနိုင်ငံကို ရေအားလျှပ်စစ် ကဏ္ဍ လာရောက်ရင်းနှီးမြှုပ်နှံဖို့ အားထည့်လာသူတွေထဲမှာ နော်ဝေနိုင်ငံက အလယ်ရဲရွာ ၇၀၀ မဂ္ဂါဝပ်၊ သြစတြီးယားနိုင်ငံက ဒီးဒုတ် (ရဲရွာအောက်ဘက်) ၆၄ မဂ္ဂါဝပ်တွေဟာ ဥရောပစီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ပါတယ်။ သူတို့လည်း လက်မှတ်ထိုးပြီး စူးစမ်းလေ့လာ အဆင့်တွေ ပြီးသလောက်ရှိနေပေမယ့် ရှေ့တိုးပြီး မြန်မြန်ဆန်ဆန်တိုက်တိုက်တွန်းတွန်း ရင်းနှီးမြှုပ်နှံလိုတဲ့ဆန္ဒသိပ်မရှိတာကို တွေ့နေရပါတယ်။ သူတို့ ဘာတွေချီတုံချတုံ ဖြစ်နေကြပါသလဲ။ ဒေါ်လာသန်းပေါင်းများစွာရင်းပြီး ရလာမယ့်ဓာတ်အားကို ပြည်တွင်းမှာ အားလုံးဖြန့်ရင် စက်ရုံကထွက်သမျှ အားလုံးဝယ်ပါ့မလား။  အားလုံးမဝယ်ရင် စီးပွားရေးတွက်ခြေမကိုက်တော့ဘူး။    စီးပွားရေးတွက်ခြေမကိုက်လို့  ဓာတ်အားခဈေးပိုတောင်းရင်လည်း မြန်မာဘက်က ပေးဖို့ခက်လိမ့်မယ်၊ ဆုံးဖြတ်ချက်ချဖို့ တိကျပြီး နှစ်ဖက်လက်ခံနိုင်မယ့် ဈေးနှုန်းမူဝါဒ (Tariff Policy) မရှိတာရယ်၊ အခက်အခဲတင်ပြတဲ့အခါ  ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ရဖို့ အချိန်ဟာ လိုတာထက် ပိုကြာနေတာရယ်တွေကြောင့် ရေအားလျှပ်စစ်တွေ ရှေ့မတိုးနိုင်ဖြစ်နေကြတာပါ။         

ဆက်လက်ဖော်ပြပါမည်။

မော်သာထွေး(မန္တလေး)