စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်-၂၆

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်-၂၆

အမှတ်စဉ်(၂၆)

    မိမိတို့နိုင်ငံမှာ   Tariff Policy    မရှိတော့   ဓာတ်အားခဈေးနှုန်း သတ်မှတ်တာတွေ၊ ကာလအလိုက် ဈေးနှုန်းပြောင်းပေးရမယ့် ကိစ္စတွေမှာ တာဝန်ရှိသူတစ်ယောက်ယောက်ရဲ့ ဆုံးဖြတ်ချက်ဟာ  ဓာတ်အားခ ဈေးနှုန်းဖြစ်သွားမယ့် သဘောဖြစ်နေတော့ မူမရှိသလို ဖြစ်နေတာကိုလည်း ရင်းနှီးမြှုပ်နှံသူတွေ လန့်နေကြပါတယ်။

နောက်ဆုံးတစ်ချက်က ဒီလောက်များတဲ့ နိုင်ငံခြားငွေ ဒေါ်လာသန်း ရာထောင်ချီရင်းပြီးကာမှ ဓာတ်အားခကို မြန်မာငွေနဲ့ ပြန်ရမှာကိုလည်း သူတို့သိနေပါတယ်။ ဒီလိုမြန်မာငွေနဲ့ ရှင်းပေးရင် ရင်းထားရတဲ့ နိုင်ငံခြားငွေတွေအတွက် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်မှာ ပြန်ပြီးလဲလှယ်တဲ့အခါ မြန်မာဘက်က သတ်မှတ်တဲ့အတိုင်း လဲရမှာဖြစ်နေလို့ စွန့်စားကြရဦးမှာပါ။  မြန်မာငွေနဲ့  ဒေါ်လာလဲလှယ်နှုန်းဟာ နှစ်စဉ် သိသိသာသာ အတက်ဘက်ကိုသာ အပြောင်းအလဲတွေ ဖြစ်တတ်တာကြောင့် စွန့်စားရတဲ့ လုပ်ငန်းကြီးတစ်ခုလို ဖြစ်နေကြတာကလည်း အတားအဆီး တစ်ခုပါပဲ။ ဒါကြောင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများဟာ ရေအားလျှပ်စစ် လုပ်ငန်းများကို ချီတုံချတုံနဲ့ စိတ်ပူပန်နေကြပါတယ်။ ဒီအချိန်မှာ ပုဂ္ဂလိက ဓာတ်ငွေ့သုံး၊ LNG သုံး  ဓာတ်အားပေး စက်ရုံတွေကိုတော့ ဒေါ်လာနဲ့ ဓာတ်အားခ  သတ်မှတ်စာချုပ်ပါတယ်။ စိတ်ဝင်စားစရာပါပဲ။ လျှပ်စစ်ကြောင့် ဒီထက်ပိုပြီး မရှူနိုင်မကယ်နိုင်မဖြစ်စေဖို့၊  လူကိုအခြေမခံစေဖို့  မူဝါဒတွေ၊ ဥပဒေတွေ၊ စံချိန်စံညွှန်းတွေ တစ်ပြေးညီခိုင်မာဖို့ လိုတယ်လို့သာ ဆိုပါရစေ။

အခန်း ( ၁၈ )

ငေါ်ချမ်းခမြစ်နဲ့ ရေအားလျှပ်စစ်စီမံကိန်းများ ငေါ်ချမ်းခမြစ်ဆိုတာ  ကချင်ပြည်နယ်  အရှေ့မြောက်ဖျားမှာ ရှိပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၂၈၀၀ အမြင့် တောင်တန်းများရှိတဲ့ ပြည်တွင်းမှာပဲ မြစ်ဖျားခံပြီး  ချီဖွေမြို့မြောက်ဘက်မှာ မေခမြစ်ထဲကို  စီးဝင်သွားတယ်။ မေခနဲ့ဆုံတဲ့အချိန်မှာ ပင်လယ်ရေမျက်နှာပြင် အထက် ၁၀၆၈ ပေသာ ရှိတော့တယ်။ ငေါ်ချမ်းခမြစ် အစအဆုံးဟာ ၉၃ မိုင်သာ ရှည်လျားတဲ့အတွက် ဒီအကွာအဝေးအတွင်း လျှောစောက်ဟာ ၂ ဒသမ ၄၆ ရာခိုင်နှုန်း (ပေ ၁၀၀ ရှည်တိုင်း ၂ ဒသမ ၄၆ ပေခန့် နိမ့်မြင့်ကွာခြားသည်)ခန့် ရှိနေတာဖြစ်လို့ ရေစီးကြမ်းတယ်။ ရေကြောင်းခရီး လုံးဝသွားလာလို့မရပါဘူး။ မြစ်လို့သာခေါ်နေတာ ချောင်းလောက်ပဲ ရှိတာပါ။ အကျယ်ဆုံးနေရာမှာ ပေ ၃၀၀ ခန့်ရှိပြီး အကျဉ်းဆုံးနေရာက ပေ ၁၀၀ တောင်မပြည့်တဲ့အတွက် မိုးရာသီမှာ ရေစီးကြမ်းပြီး ရေကျတွေ အဆင့်ဆင့်ဖြစ်ပေါ်နေတယ်။

မြစ်ဖျားဒေသတွေက ရေခဲတောင်တွေဟာ ဖေဖော်ဝါရီလထိ တည်ရှိနေပြီး မတ်လ၊ ဧပြီလထဲမှာ တဖြည်းဖြည်း အရည်ပျော်ကျနေတာဖြစ်လို့ မိုးတွင်းမှာ ရေစီးကြမ်းသလို နွေမှာလည်း ရေမခန်းတဲ့မြစ်တစ်စင်းပါ။

နေရာတချို့မှာ  အနိမ့်တမံ (Run-off - River Type) ရေအားလျှပ်စစ်စက်ရုံတွေ အဆင့်ဆင့် တည်ဆောက်နိုင်တယ်။ ရေခဲအရည်ပျော်လာတဲ့ စီးဝင်ရေနဲ့ပေါင်းရင် နွေရာသီမှာ ပြည်မကြီးက ရေအားလျှပ်စစ်တွေ၊ ရေနည်းချိန်မှာ ဒီမြစ်ပေါ်က ရေအားလျှပ်စစ်တွေဟာ အားထားရမယ့် စက်ရုံတွေဖြစ်လာမယ်။    စီမံကိန်း  ၄  ခုကနေ  မဂ္ဂါဝပ်  ၁၂၀၀ တပ်ဆင်ပြီး နှစ်စဉ် ကီလိုဝပ် နာရီသန်းပေါင်း ၅၇၅၅ ထိ ထုတ်လုပ်ပေးနိုင်မယ့်  အကျိုးများတဲ့မြစ်ဖြစ်ပါတယ်။  လက်ရှိ ရဲရွာရေအား လျှပ်စစ်စက်ရုံရဲ့  နှစ်ဆခန့်ရှိတဲ့  ဓာတ်အားယူနစ်ကို နှစ်စဉ်ထုတ်ပေးမယ့် သဘောပါပဲ။

မြစ်အထက်ပိုင်းမှစပြီး အစီအစဉ်အလိုက် ဆောင်ရွက်မယ့် စီမံကိန်းများနဲ့ ဆိုင်တဲ့ အချက်အလက်တချို့ကို ကောက်နုတ်ဖော်ပြပါမယ်-

ပုံ(၁)

ငေါ်ချမ်းခမြစ်ပေါ်မှ ရေအားလျှပ်စစ်စီမံကိန်း ၄ ခု၏ အဓိက အချက်များ

    ဒီစီမံကိန်း ၄ ခုကို အကောင်အထည်ဖော်ဖို့ လွှမ်းခြုံတဲ့ နားလည်မှု စာချွန်လွှာ (Umbrella MOU) ကို  ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်မှာ  ရေးထိုးခဲ့ပါတယ်။  ၂၀၁၀ ပြည့်နှစ်  ဇူလိုင်လ  ၂၃  ရက်မှာ သဘောတူညီမှု စာချွန်လွှာ (MOA) လက်မှတ်ရေးထိုးခဲ့တယ်။

စီမံကိန်းတစ်ခုနဲ့တစ်ခုဟာ အခြေအနေမတူတဲ့ အတွက် သီးခြားစီ ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာ (Feasibility Study Report) (FSR) ကို တင်ပြစေခဲ့တယ်။ အသေးစိတ်စိစစ်ပြီး တချို့ကို ပြန်လည်ပြင်ဆင် တင်ပြစေခဲ့ပါတယ်။   လက်ခံနိုင်တဲ့ အခြေအနေရောက်သည်ထိ  နှစ်ချီကြာမြင့်စွာ  အပြန်အလှန်ဆွေးနွေးပြီးမှ ဖက်စပ်ဆောင်ရွက်ရန် (Joint Venture Agreement) (JVA) လက်မှတ်ရေးထိုးနိုင်ခဲ့တာ စီမံကိန်းနှစ်ခုသာ ရှိပါသေးတယ်။ ကျန်စီမံကိန်းနှစ်ခုအတွက် ဒေသကွင်းဆင်းမှုတွေ လုပ်ဆဲဖြစ်ပါတယ်။ တစ်ခုချင်းစီရဲ့အခြေအနေကို ဖော်ပြပါ့မယ်။

ဂေါလန်စီမံကိန်း

    ဒီစီမံကိန်းဟာ ဖြစ်မြောက်နိုင်စွမ်း ရှိတဲ့အတွက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်မှာ သဘောတူညီချက်ပေးခဲ့တယ်။ ဂေါလန်စက်ရုံကနေ မြစ်ကြီးနား(ဝိုင်းမော်)အထိ ၁၈၆ ကီလိုမီတာ (မိုင် ၁၂၀ ခန့်)ကို ဓာတ်အားလိုင်း သွယ်တန်းပြီး ဓာတ်အား ပို့လွှတ်ပါမယ်။ စီမံကိန်း ၄ ခုကို တုံရှင်းချောင်စက်ရုံမှာပေါင်းပြီး    အဲဒီစက်ရုံကနေ ဝိုင်းမော်ထိ ၅၀၀ ကေဗွီနှစ်ထပ်လိုင်းနဲ့  တစ်ပေါင်းတည်း သွယ်ယူလာမှာဖြစ်လို့ ဓာတ်အားလိုင်း ကုန်ကျစရိတ်အားလုံးကို   စီမံကိန်း  ၄  ခုက  မျှပြီး ကျခံရပါမယ်။ စီမံကိန်းကို့ YEIG International Energy Development Co.,Ltd. ၊ IGOEC Co.,Ltd.၊ မြန်မာ့လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဖက်စပ်ကုမ္ပဏီ ထူထောင်ပြီး ဆောင်ရွက်မှာပါ။

မြန်မာဘက်က အခမဲ့ဓာတ်အား ၁၀ ရာခိုင်နှုန်း၊ အခမဲ့ရှယ်ယာ ၁၅ ရာခိုင်နှုန်းရရှိပြီး   ဓာတ်အား  ၁၀၀  ရာခိုင်နှုန်းကို  မြန်မာဘက်ကပဲ အားလုံးသုံးပေးရမှာပါ။ ဒီလို ၁၀၀ ရာခိုင်နှုန်း ကိုယ့်ဘက်ကို ရယူလိုက်တဲ့ အတွက် ပြည်ပကို ဓာတ်အားလိုင်း မသွယ်တော့ပါဘူး။ ကချင်ပြည်နယ် မြောက်ပိုင်းဒေသတချို့ကိုတော့ လိုအပ်သလို တိုက်ရိုက်ဓာတ်အား ဖြန့်ဖြူးပေးမယ့် စီမံကိန်းတွေပါပဲ။   မိမိရယူလိုက်တဲ့ ၁၀၀ ရာခိုင်နှုန်းကို  မိမိအကုန် အသုံးပြုနိုင်အောင် စီမံရမှာကတော့ ဝန်ကြီးဌာနရဲ့ တာဝန်ပဲဖြစ်ပါတယ်။ စီမံကိန်းလိုလိုဟာ လုပ်ငန်းစတင်သည်မှ ၄ နှစ်အတွင်း ဓာတ်အားထွက်မှာဖြစ်လို့  ဓာတ်အားလက်ခံရေး  အဆင်သင့် ဆောင်ရွက်ထားကြရမှာပါ။ ဈေးနှုန်းဟာ တစ်ယူနစ်စက်ရုံထုတ်ဈေး  6 UScent အောက်နဲ့ရအောင် ယခင်က ညှိပြီးဖြစ်တဲ့အတွက် သက်သာတဲ့ ဈေးနှုန်းဖြစ်ပါတယ်။ 

(၅၀၀ ကီလိုဗို့နှစ်ထပ်လိုင်း မိုင် ၁၂၀ စာဖိုး အပါအဝင်)  ဒီစီမံကိန်း အတွက်  ESIA  Report  ကို Power China Kunming Engineering Corporation Ltd.(KHIDI)  နဲ့  မြန်မာပညာရှင်များဖြစ်တဲ့ Power China Kunming Engineering Corporation Ltd.(KHIDI) အဖွဲ့တို့  ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်  သစ်တောရေးရာ ဝန်ကြီးဌာနကို  တင်ပြခဲ့ရာမှ  ဝန်ကြီးဌာန မှတ်ချက်အရ ပြန်လည်ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပြီး ၂၀၁၅ ခုနှစ်မှာ  ပြန်လည်တင်ပြခဲ့ပြီး ဖြစ်ပါတယ်။  ဖက်စပ်စီမံကိန်း သဘောတူညီချက် JVAလက်မှတ်ရေးထိုးပြီး စီမံကိန်းဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။