ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ မီခေးလ် မီရှုစတင်ထံသို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊  ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခါသမယတွင် မြန်မာနိုင်ငံအစိုးရကိုယ်စားနှင့် မိမိအနေဖြင့် အဆွေတော် နှင့် အဆွေတော်မှတစ်ဆင့် ရုရှားနိုင်ငံအစိုးရအဖွဲ့ထံသို့ လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်သ ပါသည်။

ဆိုဗီယက်ပြည်ထောင်စုသည် မြန်မာနိုင်ငံ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိပြီးနောက် ပထမဆုံးသံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့်နိုင်ငံများတွင် အပါအဝင်ဖြစ်ပါသည်။ ထိုအချိန်မှစ၍ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ဘုံအကျိုးစီးပွားဖြစ်ထွန်းစေသည့် နယ်ပယ်ကဏ္ဍစုံတွင် တိုးမြှင့်ဆောင်ရွက် နိုင်ခဲ့ကြပါသည်။

ယခုအခါသမယသည် မိမိတို့၏ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရေး ကျယ်ပြန့်သည့်အလားလာများ ဖြစ်ထွန်းစေနိုင်ရန်တို့အတွက်   ကဏ္ဍသစ်တစ်ရပ်ဖွင့်လှစ်နိုင်မည့် အခွင့်အလမ်းကောင်း တစ်ရပ်ဖြစ် သည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။ လာမည့်နှစ်များတွင် မိမိတို့ ပူးပေါင်းကြိုးပမ်းမှုများဖြင့် မိမိတို့နှစ်နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်သွားနိုင်မည်ဟု မိမိအနေဖြင့် မျှော်မှန်း ပါသည်။

ယခုကဲ့သို့   မင်္ဂလာရှိသောအခါသမယတွင် အဆွေတော် ကျန်းမာ၊ ပျော်ရွှင်ပါစေကြောင်း၊ အနာဂတ်လုပ်ငန်းဆောင်တာများတွင် အောင်မြင်မှုများရရှိပါစေကြောင်းနှင့် ရုရှားနိုင်ငံ အစဉ်တိုးတက်၊ သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းပို့သအပ်ပါသည်။

အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။