ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ်အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံမှ ရုရှားဖက်ဒရေးရှ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ်အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့ထံသို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခါသမယတွင် မိမိအနေဖြင့် အဆွေတော်ထံသို့ လှိုက်လှဲစွာ   ဂုဏ်ယူဝမ်းမြောက်ကြောင်း   နှုတ်ခွန်းဆက်သပါသည်။

လွန်ခဲ့သော (၇၅)နှစ်တာကာလတွင် မြန်မာနှင့်ရုရှားနိုင်ငံတို့သည် ကာလရှည်ကြာချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများကို ထိန်းသိမ်းတန်ဖိုးထားခဲ့ကြပါသည်။ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ဒေသတွင်းနှင့် အာဆီယံ၊ အေဆမ်နှင့်  ကုလသမဂ္ဂအပါအဝင်  နိုင်ငံတကာ မျက်နှာစာများတွင် နီးကပ်သောပူးပေါင်းဆောင်ရွက်မှုများရှိသည့်အပေါ်တွင်လည်း များစွာကျေနပ်အားရမိပါသည်။

မိမိတို့အနေဖြင့်   နှစ်နိုင်ငံသံတမန်ဆက်သွယ်ထူထောင်မှု (၇၅)နှစ်မြောက် စိန်ရတုအခါသမယကို ဆင်နွှဲလျက်ရှိသည့်အားလျော်စွာ ရှေ့လာမည့်နှစ်များအတွင်း နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် မိမိတို့နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွား ဖြစ်ထွန်းစေရန် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန်မျှော်လင့်ပါသည်။  တစ်ဆက်တည်းမှာပင် မိမိတို့ ဝန်ကြီးဌာန နှစ်ခုနှင့် နှစ်နိုင်ငံအကြား ရင်းနှီးချစ်ကြည်၍ ပူးပေါင်းဆောင်ရွက်တတ်သော ဆက်ဆံရေးကိုခိုင်မာစေရန်အတွက်  အဆွေတော်နှင့် အတူ ပူးတွဲအားထုတ်မှုများ လုပ်ဆောင်သွားရန် မိမိအနေဖြင့် အသင့်ရှိကြောင်း ပြောကြားလိုပါသည်။

အဆွေတော် ကျန်းမာ၊ ပျော်ရွှင်ပါစေကြောင်းနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပြည်သူများ ရေရှည်သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

အဆွေတော်အား ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။