စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၅၇)

ခန်ကန်းစီမံကိန်း

ခန်ကန်းစီမံကိန်းကတော့ MOA အဆင့်သာရှိသေးပြီး FSR ပြည့်စုံအောင် ပြန်လည်ဆောင်ရွက်ဆဲဖြစ်ပါတယ်။ ESIA Report ကိုလည်း ဂေါလန်ကဲ့သို့တင်ပြလာပြီးဖြစ်ပါတယ်။ ESIA အခြေအနေကတော့ ဂေါလန်အတိုင်းပါပဲ။ ဒါပေမဲ့ FSR အတည်မပြုရသေးလို့ ဖက်စပ်သဘောတူစာချုပ် (JVA) လက်မှတ်ရေးထိုးရသေးခြင်းတော့ မရှိသေးပါဘူး။ ဓာတ်အားကို မြန်မာနိုင်ငံထဲမှာသုံးပါမယ်။ အခမဲ့ဓာတ်အား၊ အခမဲ့ရှယ်ယာအားလုံး ဂေါလန်နဲ့အတူတူပါပဲ။

တုံရှင်းချောင်စီမံကိန်း

တုံရှင်းချောင်လည်း အလားတူပါပဲ။ ESIA Report တင်ပြလာပြီးဖြစ်ပါတယ်။ Resettlement Plan ပါတင်ပြလာပြီး ဖြစ်ပါတယ်။ FSR လည်းအတည်ပြုပေးပြီးပါပြီ။ ဖက်စပ်စီမံကိန်းသဘောတူညီချက် JVA လက်မှတ်ရေးထိုးပြီးဖြစ်ပါတယ်။ ထွက်သမျှ ဓာတ်အား အားလုံး ပြည်တွင်းသုံးပါမယ်။ အခမဲ့ဓာတ်အား၊ အခမဲ့ရှယ်ယာကတော့ အားလုံးအတူတူပါပဲ။

လောင်းဒင်စီမံကိန်း

ဒီစီမံကိန်းကတော့ FSR  ပြည့်စုံအောင်ဆောင်ရွက်ဆဲ စီမံကိန်းပါ။ ESIA အစီရင်ခံစာတွေတော့ ပြည့်စုံအောင် ဖော်ပြထားပြီး ဖြစ်ပါတယ်။ JVA အဆင့်ထိတော့ လက်မှတ်မထိုးရသေးပါဘူး။ ဓာတ်အား အားလုံး ပြည်တွင်းသုံးစွဲပြီး အခမဲ့ဓာတ်အားနဲ့ အခမဲ့ရှယ်ယာကတော့ ဂေါလန်နဲ့အတူတူပဲဖြစ်ပါတယ်။ ဒီစီမံကိန်းတွေထဲမှာ JVA ရေးထိုးပြီး စီမံကိန်းနှစ်ခုနဲ့ FSR အသေးစိတ် စိစစ်နေဆဲ စီမံကိန်းနှစ်ခုဆိုပြီး တွေ့ကြရမှာပါ။ ဒီလေးခုစလုံးကတော့ ESIA တင်ပြပြီးဖြစ်လို့ ထိခိုက်မှာတွေ၊ ပြောင်းရွှေ့ ပေးရမှာတွေ၊ ပေးလျော်ရမှာတွေအားလုံး ဒေသခံတွေနဲ့တွေ့ဆုံမှုတွေ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ အနှစ်ချုပ်ကတော့ အောက်ပါ အတိုင်း တွေ့ရမှာပါ။

စီမံကိန်းကြောင့် ထိခိုက်မယ့်ရွာများနဲ့ အိမ်ထောင်စုများ

အမည်                ထိခိုက်မယ့်ရွာ               အိမ်ခြေ             လူဦးရေ             အဆင့်

ဂေါလန်                         ၃                      ၂၁၈                  ၁၄၁၄               JVA

ခန်ကန်း                        ၃                      ၂၁၃                  ၁၄၂၁                MOA

တုံရှင်းချောင်                  ၃                      ၉၇                   ၆၇၇                  JVA

လောင်းဒင်                    ၂                        ၈၇                    ၈၇                  MOA

စုစုပေါင်း                       ၁၁                   ၆၁၅                ၃၉၉၅

ဖော်ပြခဲ့တဲ့စီမံကိန်းတွေထဲမှာ ထိပ်ဆုံးက JVA ဂေါလန်စီမံကိန်းဟာ လယ်မြေ ၅၆ ဧကနဲ့ သီးနှံမြေ ၂ ဧကထိခိုက်ပါမယ်။ ဒါလည်း ရေလှောင်ကန်ထဲမှာမဟုတ်ဘဲ စီမံကိန်းတည်ဆောက်မှုဧရိယာထဲမှာ ကျရောက်နေလို့  ထိခိုက်မှုရှိခဲ့မှာပါ။  ဒါကိုလည်း စနစ်တကျ ပြောင်းရွှေ့ပေးရေး စီမံချက်ရေးဆွဲပြီးဖြစ်ပါတယ်။ နောက် JVA ထိုးထားတဲ့ တုံရှင်းချောင်စီမံကိန်းဟာလည်း တည်ဆောက်ရေးနဲ့ မလွတ်ကင်းတဲ့ လယ်မြေ ၁၈၆ဧကနဲ့ ခြံမြေ ၂၄ ဧက ထိခိုက်မှာဖြစ်လို့ ရွှေ့ပြောင်းပေးဖို့ စနစ်တကျ Resettlement Plan ရေးဆွဲပြီးဖြစ်ပါတယ်။

ငေါ်ချမ်းခစီမံကိန်း ၄ ခုကို သုံးသပ်ရင် ဒီစီမံကိန်း ၄ ခုဟာ ၁၂၀၀ မဂ္ဂါဝပ်တပ်ဆင်အားရှိပြီး နှစ်စဉ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၅၇၅၅ ဒသမ ၅ ထွက်ရှိမှာဖြစ်လို့ မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ်က တစ်နှစ်လုံးသုံးစွဲခဲ့တဲ့ ဓာတ်အားယူနစ်သန်းပေါင်းရဲ့ သုံးပုံတစ်ပုံ လောက်ရှိတဲ့အတွက် နိုင်ငံအတွက် လွန်စွာပဲအားထားရလောက်တဲ့ စီမံကိန်း ၄ ခုဖြစ်ပါတယ်။ ရေခဲတောင်အချို့ ခြံရံနေလို့ နွေရာသီမှာပါ အားထားရမယ့်သဘောပါ။ ထိခိုက်မှုပြန်ကြည့်ရင် ရွာ ၁၁ ရွာ၊ အိမ်ထောင်စု ၆၁၅ စု၊ လူဦးရေ ၃၉၉၅ ဦးရှိတဲ့ ကိစ္စအပေါ် ၎င်းတို့ရဲ့ဘဝအတွက် ရေရှည်ဘဝတိုးတက်စေရေး နိုင်နိုင်နင်းနင်း ထိရောက်စွာဆောင်ရွက်နိုင်မယ့် အခြေအနေရှိပါတယ်။ ဒီစီမံကိန်းတွေ အတွက် Resettlement Plan ကုန်ကျစရိတ်(လျော်ကြေးအပါအဝင်) စီမံကိန်းရဲ့ ကုန်ကျစရိတ်စာရင်းမှာ ထည့်သွင်း ကျခံထားပြီးဖြစ်ပါတယ်။ နှစ်စဉ်လည်း စီမံကိန်းတစ်ခုစီကနေ  အမေရိကန်ဒေါ်လာ ၄ သိန်းဝန်းကျင်ကျခံပြီး ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်သွားမှာဖြစ်လို့ ဒေသခံများရဲ့ လူမှုဘဝဟာမြင့်မားလာစရာသာ အကြောင်းရှိပါတယ်။       

နိဂုံးချုပ်အနေနဲ့ ငေါ်ချမ်းခမြစ်ပေါ်က စီမံကိန်း ၄ ခုဟာ ဒေသအတွက်ရော နိုင်ငံအတွက်ပါ လွန်စွာမှအကျိုးကျေးဇူးများမယ့် စီမံကိန်းတွေဖြစ်ပါတယ်။ ကချင်ပြည်နယ်မြောက်ဖျားက ဝေးလံခေါင်သီသောဒေသသာမက နီးစပ်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်များ ကိုပါ လမ်းပန်းဆက်သွယ်ရေးတွေကောင်းပြီး ဓာတ်အားပို့သွားနိုင်မယ့် စီမံကိန်းတစ်ခုလို့ ဆိုရမှာပါ။ လက်ရှိမြစ်ကြီးနားကို  ဓာတ်အားပေးနေတဲ့  ရေအားလျှပ်စစ်ထက် သက်သာတဲ့ဈေးနဲ့ ဖြန့်ဖြူးနိုင်မှာဖြစ်လို့  ဒေသခံများကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းပြပြီး အားပေးထောက်ခံမှု ရယူရေးကိစ္စကတော့ ဒေသအာဏာပိုင်များ၊ ဒေသတွင်း တပ်ရင်းတပ်ဖွဲ့များရဲ့ အခန်းကဏ္ဍဟာ များစွာ အရေးကြီးပါကြောင်း ဖော်ပြလိုက်ပါတယ်။

အခန်း ( ၁၉ )

ရွှေလီမြစ်နဲ့ ရေအားလျှပ်စစ်စီမံကိန်းများ

ရွှေလီမြစ်ဟာ  တရုတ်နိုင်ငံမှ  မြစ်ဖျားခံလာပြီး  ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့အနီးမှာ မြန်မာနိုင်ငံထဲကို စီးဝင်လာတဲ့မြစ်ပါ။ မြစ်က မကြီးပေမယ့် နှစ်နိုင်ငံဖြတ်သန်းစီးဆင်းနေတော့ အပြည်ပြည်ဆိုင်ရာမြစ်ဖြစ်နေပါတယ်။ တရုတ်နိုင်ငံထဲမှာတော့ Lung Chuan Chaing  လို့ခေါ်ပြီး မြန်မာထဲရောက်တော့ ရွှေလီမြစ် (Shweli River)၊ ရှမ်းတွေကတော့ နမ့်မော် (Nam Mao) လို့ ခေါ်ပါ တယ်။

ရွှေလီမြစ်ရဲ့ အဓိကမြစ်ဖျားခံရာနဲ့ ရေဝင်ရောက်မှုဟာ တရုတ်နိုင်ငံထဲက ပိုများပါတယ်။ တရုတ်နိုင်ငံထဲမှာ Long Jiang  မြစ်နဲ့ Mangshi မြစ်တို့ပေါင်းဆုံပြီးနောက် တရုတ်နိုင်ငံ Ruli နဲ့ မြန်မာဘက်က မူဆယ်မြို့ ကြားက ဖြတ်စီးလာတယ်။  နမ့်ခမ်းမြို့ အလွန်မှာ  တရုတ်နိုင်ငံထဲက စီးလာတဲ့ ချောင်းတစ်ချောင်းနဲ့ထပ်ပေါင်းပြီး ရေစီးအားပိုကောင်း လာတယ်။ တရုတ်ဘက် ခြမ်းမှာ ရေဆင်းဧရိယာ ၁၂၃၀၀ စတုရန်းကီလိုမီတာခန့်နဲ့ မြန်မာဘက်ခြမ်းမှာ ၁၇၃၃၀ စတုရန်းကီလိုမီတာ ရှိတော့ စုစုပေါင်း ၂၉၆၃၀ စတုရန်း ကီလိုမီတာ ခန့်ရှိပါတယ်။               

ဆက်လက်ဖော်ပြပါမည်။