ရုရှား၊ တရုတ်နှင့် တောင်အာဖရိကတို့ သုံးနိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်ခန်းစတင်

ဂျိုဟန်နက်စဘာ့၊ စစ်ရေးလေ့ကျင့်မှု

ရုရှား၊ တရုတ်နှင့် တောင်အာဖရိကတို့ သုံးနိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်ခန်းစတင်

ရုရှား၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့က သုံးနိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို ဖေဖော်ဝါရီ ၁၇ ရက်တွင် တောင်အာဖရိက နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာကမ်းရိုးတန်း၌ စတင်လုပ်ဆောင်ကြောင်းသိရသည်။

Mosi II ဟုအမည်ပေးထားသည့် အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၄ ရက်အထိ လုပ်ဆောင်သွားမည်ဖြစ်ပြီး ရုရှားစစ်ရေယာဉ်တစ်စင်းမှ ဇာကွန်ဒုံးကျည်ကို လက်တွေ့စမ်းသပ်ပစ်ခတ်မှုလည်း ပါဝင်မည်ဟု တောင်အာဖရိက စစ်ဘက်က ထုတ်ပြန် ထားသည်။

ယခုစစ်ရေးလေ့ကျင့်ခန်းသည်  ပုံမှန်လုပ်ဆောင်နေကြ စစ်ရေးလေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး  ၂၀၁၉ ခုနှစ်တွင် Mosi I အမည်ရှိ သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို လုပ်ဆောင်ထားကာ နောက်ပိုင်းတွင် ကပ်ရောဂါအခြေအနေများကြောင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို   ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။

ယခုပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွင် ရုရှားနိုင်ငံမှ Admiral Gorshkov အမည်ရှိ ဖရီးဂိတ်စစ်ရေယာဉ်တစ်စင်း၊ ဆီဖြည့်ရေယာဉ် တစ်စင်း၊ တောင်အာဖရိကနိုင်ငံမှ ဖရီးဂိတ်စစ်ရေယာဉ်တစ်စင်း၊ တရုတ်နိုင်ငံမှ ဖျက်သင်္ဘောတစ်စင်း၊ ဖရီးဂိတ်တစ်စင်းနှင့် ထောက်ပံ့ ရေးယာဉ်တစ်စင်းတို့ ပါဝင်ကြောင်း တောင်အာဖရိက စစ်ဘက်က ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ရေးလေ့ကျင့်ခန်းသည် လက်ရှိတွင် စည်ပင်သာယာလျက်ရှိသည့် ရုရှား၊ တရုတ်၊ တောင်အာဖရိကနိုင်ငံတို့၏ ဆက်ဆံရေးကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်း လုပ်ဆောင်ရခြင်းသည် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ဗဟုသုတများကို မျှဝေသွားနိုင်ရန် ရည်ရွယ်ကြောင်း စစ်ဘက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ယင်းစစ်ရေးလေ့ကျင့်ခန်း၌ တောင်အာဖရိကရေတပ်နှင့် အခြားသောတပ်ဖွဲ့ကြီးများမှ စစ်သည်အင်အား အနည်းဆုံး အယောက် ၃၅၀ ခန့်ပါဝင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

တောင်အာဖရိကနိုင်ငံသည်   ရုရှားနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုရှိသော အာဖရိကနိုင်ငံများစွာအနက် တစ်နိုင်ငံဖြစ်ကြောင်း သိရသည်။

Ref: CNA