ကိုရီးယားကျွန်းဆွယ်ကို စက်ပစ်ကွင်းအဖြစ်ပြောင်းလဲရန် အမေရိကန်၏ကြိုးပမ်းမှုကို UNSC လျစ်လျူရှုဟုဆို

ပြုံယမ်း၊ စစ်ရေး

ကိုရီးယားကျွန်းဆွယ်ကို စက်ပစ်ကွင်းအဖြစ်ပြောင်းလဲရန် အမေရိကန်၏ကြိုးပမ်းမှုကို UNSC လျစ်လျူရှုဟုဆို

ကိုရီးယားကျွန်းဆွယ်ကို စက်ပစ်ကွင်းအဖြစ် ပြောင်းလဲရန် အမေရိကန်၏ကြိုးပမ်းမှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC)က လျစ်လျူရှုနေကြောင်း မြောက်ကိုရီးယားအစိုးရက ပြောသည်။

အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ကိုရီးယားကျွန်းဆွယ်နှင့်ဒေသတွင်းရှိ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်အေးချမ်းရေးကို ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်နေသူများဖြစ်သည်ကို လက်တွေ့ကျကျမြင်တွေ့နိုင်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီး ဌာနမှ  ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၁၇ ရက်တွင်ပြောသည်။

သို့သော် UNSC သည် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများကို ပြေလျော့စေရေးအတွက် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ် ကာ စိတ်ရှည် သည်းခံ လျက်ရှိသော မြောက်ကိုရီးယားနိုင်ငံအပေါ်ကိုသာ အပြစ်တင်လျက်ရှိကြောင်းနှင့် ကိုရီးယားကျွန်းဆွယ်ကို စက်ပစ်ကွင်း တစ်ခုအဖြစ်နှင့် စစ်အခြေစိုက်စခန်းတစ်ခုအဖြစ် ပြောင်းလဲရန် အမေရိကန်၏ ကြိုးပမ်းမှုနှင့် ပတ်သက်၍ စိုးရိမ်စိတ် စိုးစဉ်းမျှ မရှိသည့်အပြင် တားမြစ်ရန်လည်း ပျက်ကွက်လျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

အလားတူ အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ယခုနှစ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းစုစုပေါင်း အကြိမ် ၂၀ ခန့် လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း ပြောရေးဆိုခွင့်ရှိသူကဆိုသည်။

ထို့ပြင် အဆိုပါနှစ်နိုင်ငံသည် ယခုနှစ်အတွင်းလုပ်ဆောင်မည့် စစ်ရေးလေ့ကျင့်ခန်းများကို အင်အားအများအပြားနှင့် ဆောင်ရွက် သွားရန် စီစဉ်ထားသည်။ အကယ်၍ အမေရိကန်နှင့်တောင်ကိုရီးယားနိုင်ငံတို့အနေဖြင့် စီစဉ်ထားသည့်အတိုင်း စစ်ရေးလေ့ကျင့် ခန်းကြီးများကို လုပ်ဆောင်လာပါက ထိုလုပ်ဆောင်မှုကို စစ်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုဟု မြောက်ကိုရီးယားကသတ်မှတ်ကာ ယခင်ကမကြုံဖူးသည့် လက်တုံ့ပြန်မှုများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရက ပြောထားသည်ဟု သိရသည်။

Ref: Sputnik