OPEC+ က ရေနံလျှော့ချထုတ်လုပ်မှုသဘောတူညီချက်ကို ယခုနှစ်ကုန်အထိ ဆက်လက်ထားရှိမည်

ဒိုဟာ၊ စက်သုံးဆီ

OPEC+ က ရေနံလျှော့ချထုတ်လုပ်မှုသဘောတူညီချက်ကို ယခုနှစ်ကုန်အထိ ဆက်လက်ထားရှိမည်

ရေနံတင်ပို့သည့်နိုင်ငံများ အဖွဲ့အစည်းနှင့် မိတ်ဖက်နိုင်ငံများ (OPEC+) က ရေနံလျှော့ချထုတ်လုပ်မှုသဘောတူညီချက်ကို ယခုနှစ် ကုန်အထိ ဆက်လက်ထားရှိရန် သဘောတူကြောင်း သိရသည်။

ယခုနှစ်အတွင်း ရေနံဝယ်လိုအားတိုးမြင့်မည့် အရိပ်အယောင်များ မြင်တွေ့နေရသော်လည်း ရေနံလျှော့ချထုတ်လုပ်မှုကို ဆက်လက် အသက်သွင်းသွားမည်ဖြစ်ကြောင်း ဆော်ဒီစွမ်းအင်ဝန်ကြီး အဗ္ဗဒူလာဇစ်ဘင်ဆယ်မန်အယ်ဆော့က ပြောသည်။

“ဒီနှစ်အစောပိုင်းမှာ ရေနံဝယ်လိုအား မြင့်တက်နိုင်ခြေရှိတယ်ဆိုတဲ့ အချက်အပေါ်အခြေခံပြီး ရေနံထုတ်လုပ်မှု တိုးမြှင့်ခြင်းကို မလုပ်ဆောင်နိုင်တဲ့အတွက် ရေနံလျှော့ချထုတ်လုပ်မှု သဘောတူညီချက်ကို ယခုနှစ်ကုန်အထိဆက်လက် ထိန်းသိမ်းသွားမှာပါ” ဟု ၎င်းကပြောသည်။

ထို့ပြင် ၎င်းင်းအနေဖြင့် ဈေးကွက်အတွင်း ဝယ်လိုအားအခြေအနေကို ကြိုတင်မခန့်မှန်းနိုင်ကြောင်း၊ တိုးတက်လာသည့် ဝယ်လိုအား ကို မျက်မြင်တွေ့ရှိမှသာ ယုံကြည်မည်ဖြစ်ကြောင်း ဆော်ဒီစွမ်းအင်ဝန်ကြီးက ဆက်ပြောသည်။

ထို့အတူ ယခုကဲ့သို့သော ဆုံးဖြတ်ချက်များကို OPEC+ အဖွဲ့ဝင်များက တညီတညွတ်တည်းချမှတ်ခြင်းဖြစ်ပြီး ဆော်ဒီအာရေဗျ တစ်နိုင်ငံတည်းက ဆုံးဖြတ်ခြင်းမဟုတ်ကြောင်း ၎င်းကဆက်ပြောသည်။

OPEC+ သည် ကိုဗစ်-၁၉ ရောဂါများဖြစ်ပွားစဉ် ၂၀၂၀ ပြည့်နှစ် မေလတွင် ရေနံစိမ်းထုတ်လုပ်မှုကို တစ်ရက်လျှင် စည်ပေါင်း ၉ ဒသမ ၇ သန်း လျှော့ချခဲ့သည့်အပြင် ၂၀၂၂ ခုနှစ်အောက်တိုဘာလတွင်လည်း တစ်ရက်လျှင် နောက်ထပ်ရေနံစိမ်းစည် ၂ သန်းကို လျှော့ချ ထုတ်လုပ်ရန် အဖွဲ့ဝင်နိုင်ငံများက တညီတညွတ်တည်း သဘောတူခဲ့ကြောင်းသိရသည်။

Ref: Sputnik