မြောက်ကိုရီးယားကပစ်လွှတ်သော တိုက်ချင်းပစ်ဒုံးကျည် ဂျပန်အထူးစီးပွားရေးဇုန်အတွင်းကျရောက်ဟုဆို

မြောက်ကိုရီးယားကပစ်လွှတ်သော တိုက်ချင်းပစ်ဒုံးကျည် ဂျပန်အထူးစီးပွားရေးဇုန်အတွင်းကျရောက်ဟုဆို

မြောက်ကိုရီးယားစစ်ဘက်က ဖေဖော်ဝါရီ ၁၈ ရက်တွင်  ပစ်လွှတ်လိုက်သော တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းသည်  ဂျပန်အထူးစီးပွားရေးဇုန်အတွင်းရှိ ရေပြင်အတွင်းသို့ကျရောက်သွားကြောင်း တောင်ကိုရီးယားနှင့်ဂျပန်နိုင်ငံတို့က ထုတ်ပြန်ထားသည်။

ယခုနှစ်အတွင်းဆောင်ရွက်ရန် ပြင်ဆင်ထားသော အမေရိကန်နှင့်တောင်ကိုရီးယားတို့၏  ပူးတွဲစစ်ရေး လေ့ကျင့်မှုများနှင့် ပတ်သက်၍ မြောက်ကိုရီးယားက သတိပေးပြီးနောက်   ဒုံးကျည်ပစ်လွှတ်ခြင်းဖြစ်သည်။

ထို့ပြင်  ယခုကဲ့သို့ဒုံးကျည်ပစ်လွှတ်ခြင်းသည်  မြောက်ကိုရီးယားနိုင်ငံအနေဖြင့် သီတင်းပတ်ခုနစ်ပတ်အတွင်း ပထမဆုံးအကြိမ်လုပ်ဆောင်ခြင်းဖြစ်သည်။

မြောက်ကိုရီးယားကပစ်လွှတ်လိုက်တဲ့ တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းက ၆၆ မိနစ်ကြာ ပျံသန်းပြီးနောက်  နိုင်ငံရဲ့ အထူးစီးပွားရေးဇုန်အတွင်း  ကျရောက်လာပါတယ် ဟု ဂျပန်အစိုးရအဖွဲ့  ပြောရေးဆိုခွင့်ရှိသူ ဟီရိုကာဇူမတ်ဆူနိုက ပြောသည်။

အလားတူ ယင်းဒုံးကျည်သည် ကီလိုမီတာ ၁၄၀၀၀ အထိပျံသန်းနိုင်စွမ်းရှိသောကြောင့်  အမေရိကန်နိုင်ငံအတွင်းရှိ မည်သည့်ပစ်မှတ်ကိုမဆို ထိမှန်နိုင်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး ယာဆူကာဇူဟာမာဒါကပြောသည်။

မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို ပစ်လွှတ်လိုက်ကြောင်းနှင့် ယင်းဒုံးကျည်သည် ကီလိုမီတာ ၉၀၀ အထိပျံသန်းသွားကြောင်း တောင်ကိုရီးယားစစ်ဘက်တာဝန်ရှိသူများက     ပြောသည်။

ပျံသန်းချိန် တစ်နာရီကျော်ကြာသည့်အတွက် ထိုဒုံးကျည်သည် ပြီးခဲ့သည့်နှစ်နိုဝင်ဘာလတွင် မြောက်ကိုရီးယား နိုင်ငံက စမ်းသပ်ခဲ့သော Hwasong-17 တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်နှင့်   ဆင်တူကြောင်း တောင်ကိုရီးယား သတင်းဝက်ဆိုက်တစ်ခုက ဖော်ပြထားသည်။

တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့ကြား လုပ်ဆောင်မည့် စစ်ရေးလေ့ကျင့်မှုများသည် မြောက်ကိုရီးယား နိုင်ငံကို ရန်ပြုတိုက်ခိုက်ရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း  မြောက်ကိုရီးယားအစိုးရက  မှတ်ယူထားသည်။

Ref: Bangkok Post