စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

မြစ်အလျားကတော့ စုစုပေါင်း ၆၁၀ ကီလိုမီတာ (မိုင် ၄၀၀ ခန့်) ရှိ ပါတယ်။ မြစ်ဟာ တကောင်းမြို့အထက်ဘက် မိုင် ၄၀ ခန့်အကွာမှာရှိတဲ့  အင်းရွာဘေးကနေ ဧရာဝတီမြစ်ထဲကို ပေါင်းစီးသွားတယ်။

တရုတ်နိုင်ငံတွင်း ရွှေလီစီမံကိန်းများ

တရုတ်နိုင်ငံဘက်ခြမ်း Long Jiang နဲ့ Mangshi မြစ်ပေါ်မှာ ရေအသုံးချမှု အဆောက်အအုံတွေ မြောက်မြားစွာတည်ထားပါတယ်။ ထိပ်ဆုံးကစတွက်ရင် Long Jiang(1)၊ Long Jiang(2)၊ Long Jiang (3) ၊ Long Jiang (4)၊ Teng Longqiao၊ La Zhai၊ Nong Ling၊ Long Jiang Multipurpose Project၊ Mu Kang၊ Deng Ga ၊ Ga Zhang ၊ Maliba ၊ Zhang Feng ၊ Rui Baqiao စတဲ့ မြောက်မြားလှစွာသော ရေအားလျှပ်စစ်နဲ့ ရေအသုံးချလုပ်ငန်းတွေ အဆင့်ဆင့်လုပ်ပြီး နေကြပါပြီ။ ဒီအထဲမှာ Long Jiang တမံဟာ  ရေလှောင်တမံအမျိုး အစား (Reservoir Type)  ရေအားလျှပ်စစ်စက်ရုံဖြစ်လို့  နွေရာသီရေနည်းချိန်မှာ ရေခွဲဝေသုံးစွဲရေးက အရေးပါလာပါတယ်။

နှစ်နိုင်ငံဖြတ်သန်း စီးဆင်းနေတဲ့ မြစ်တွေမှာ   အထက်ဘက်ခြမ်းကို ပိုင်ဆိုင်တဲ့နိုင်ငံတွေဟာ  ကိုယ့်နိုင်ငံထဲက မြစ်ကို   ကိုယ့်သဘောနဲ့ကိုယ် စီမံကြတာများပါတယ်။ ဂင်္ဂါမြစ်မှာတုန်းက ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယဟာ ရေခွဲဝေသုံးစွဲရေးပြဿနာ ဖြစ်ခဲ့ပါတယ်။ နိုင်းမြစ်ပေါ်က  Blue River ပေါ်မှာ အီသီယိုးပီးယားက အကြီးအကျယ် ရေအားလျှပ်စစ်တွေထုတ်တဲ့ ကိစ္စကိုတော့ အောက်ဘက်ကနိုင်ငံတွေနဲ့ပါ ညှိနှိုင်းခဲ့လို့ ပြေလည်သွား ခဲ့တယ်။ တရုတ်နိုင်ငံထဲက မဲခေါင်မြစ်ပေါ်မှာဆိုရင် ရေလှောင်တမံကြီး ၁၁  ခု  လုပ်လိုက်တယ်။  အောက်ဘက်ကနိုင်ငံတွေရဲ့ အသံကိုလည်း သိပ်နားမထောင်ပါဘူး။ အခုလည်း ရွှေလီမြစ်ရဲ့အပေါ်ဘက်မှာ မွစာကျဲနေတဲ့ အဆင့်ဆင့် (Cascade) ရေစီမံခန့်ခွဲမှုတွေ အများကြီးလုပ်ထားတယ်။ မြစ်ဖျားခံရာဒေသဟာ တောတောင်ထူထပ်လို့ ရေစီးအားကောင်းပေမယ့်  နွေရာသီမှာ အောက်ဘက်က  စီမံကိန်းအသစ်တွေအတွက် ရေစီမံခန့်ခွဲဖို့ အခက်အခဲရှိလာတတ်ပါတယ်။ ဒီလို မွစာကျဲလုပ်နေတဲ့ကိစ္စ တွေကိုဖြေရှင်းဖို့ နိုင်ငံတော်အဆင့် ရေအရင်းအမြစ်ကော်မတီအချင်းချင်း မျက်နှာချင်းဆိုင်တွေ့ဆုံမှုတွေလုပ်ပြီး  ပြောဆိုကြရမှာပါ။  စာရေးသူ အလုပ်ထဲရှိစဉ်က တရုတ်အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုအဖွဲ့ (National Energy Administration-NEA) ရဲ့ ဒုတိယအကြီးအကဲ Mr.Luxi ကို ဒီလိုကိစ္စတွေလုပ်မယ်ဆိုရင် အသိပေးဖို့ တရားဝင်စာပို့ပြီး အသိပေး ဖူးသလို  ဝန်ကြီးဌာနအဆင့် အစည်းအဝေးမှာလည်း နှစ်နိုင်ငံမျက်နှာ ချင်းဆိုင်ဆွေးနွေးဖူးပါတယ်။  ရွှေလီနဲ့သံလွင်မြစ်ဟာ တရုတ်နိုင်ငံထဲမှာ မြစ်ဖျားခံနေလို့  တရုတ်အကျိုးစီးပွားအတွက်   လုပ်သင့်တယ်ထင်တာ လုပ်တာကို   ကန့်ကွက်ဖို့ခက်ခဲပေမယ့်   ဒီလိုလုပ်နေတာတွေကြောင့် အောက်ဘက်ကနိုင်ငံတွေအပေါ် သက်ရောက်မှုတွေ စိစစ်ဖို့တော့လိုတယ် လို့  မျက်နှာချင်းဆိုင်ပြောတော့ ရွှေလီမြစ်ပေါ်က စက်ရုံတွေအကြောင်း စကားမဟဘဲ သံလွင်မြစ်ပေါ်မှာတော့ သူတို့ဘာမှမလုပ်ရသေးဘူးလို့ပဲ ဆိုပါတယ်။ တကယ်တော့ လုပ်မယ်ဆိုရင် အောက်ကနိုင်ငံကို အသိပေး သင့်ကြောင်းတော့ တရားဝင်ပြောလိုက်ပါတယ်။  စာနဲ့ပါ  တရားဝင် အကြောင်းကြားခဲ့ပါတယ်။  ဝန်ကြီးဌာနအဆင့်နဲ့   ရေးသားဆွေးနွေး မှုဟာ ထိရောက်မှုနည်းမှာပါ။  နိုင်ငံခြားရေး ဝန်ကြီးဌာနကို  တာဝန်ပေး ထားတယ်လို့ ဆိုရုံနဲ့တော့ မလုံလောက်ပါဘူး။ ဒီကိစ္စဟာ နိုင်ငံခြားရေး ကိစ္စသာမက ကျွမ်းကျင်မှုဆိုင်ရာတွေ များစွာပါနေပါတယ်။  မြန်မာနိုင်ငံ အနေနဲ့  မြစ်အပေါ်ပိုင်းက လုပ်လိုရာ လုပ်နေတာတွေကို   နှစ်နိုင်ငံ ချစ်ကြည်ရေးမပျက်ဆွေးနွေးဖို့ နိုင်ငံအဆင့် ဘာသာရပ်စုံပါတဲ့အဖွဲ့ဖွဲ့ပြီး   နှစ်ဖက်ဆွေးနွေးညှိနှိုင်းပွဲတွေ နှစ်စဉ်ပြုလုပ်သင့်ပါတယ်။

ရွှေလီ (၁) ရေအားလျှပ်စစ်စက်ရုံ

ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ   နမ့်ခမ်းမြို့ အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာ  မန်တက်ကျေးရွာအနီးမှာ တည်ရှိပါတယ်။  နှစ်နိုင်ငံနယ်စပ်ကနေ အောက်ပိုင်း ၈၁ ကီလိုမီတာ    (၅၅ မိုင်) ခန့်အကွာ ရွှေလီမြစ်ပေါ်မှာ တည်ဆောက်ထားတာပါ။ ၁၉၅၅ ခုနှစ်လောက်တုန်းကတော့   မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့နဲ့ ယူဂိုဆလားဗီးယားနိုင်ငံ  Ingra  Electro  Project ကုမ္ပဏီက ပညာရှင်တွေ ပူးပေါင်းလေ့လာခဲ့တဲ့ စီမံကိန်းနေရာဖြစ်ပါတယ်။ 

၁၉၉၄ ခုနှစ်မှ ၁၉၉၆ ခုနှစ်အတွင်းမှာ Kunming Hydroelectric Investigation, Design and Research Institute (KHIDI) ပညာရှင်များကလည်းကောင်း၊ ၁၉၉၈ ခုနှစ်မှာ ကိုရီးယားသမ္မတနိုင်ငံ Daewoo Co.,Ltd. က လည်းကောင်း၊ တရုတ်နိုင်ငံ့ကညညေ Yunan Machi-nery & Equipment Export & Import Corporation (YMEC) က ၁၉၉၉ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်ကြားတွင်လည်းကောင်း၊ ဂျပန်နိုင်ငံ Tokyo Electric Co.,Ltd. (TEPCO) က  ၂၀၀၀  ပြည့်နှစ်တွင် လည်းကောင်း စူးစမ်းလေ့လာခဲ့ကြပြန်ပါတယ်။ ဒီအစီရင်ခံစာတွေအရ မြန်မာနိုင်ငံ ဘက်ခြမ်း ရွှေလီမြစ်ပေါ်မှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံသုံးနေရာတည်ဆောက်နိုင်ကြောင်း   အနီးစပ်ဆုံး တည်နေရာများနဲ့တကွ  ပါရှိလာခဲ့ပါတယ်။

ဖက်စပ်ဘာကြောင့်လုပ်ရသလဲ

အလျဉ်းသင့်လို့ မြန်မာနိုင်ငံမှာ ဖက်စပ်စီမံကိန်းတွေ ပေါ်ပေါက်လာ ပုံလေးရှင်းပြပါမယ်။ ရွှေလီမြစ်ပေါ်မှာ ဒီလိုအဆင့်သုံးဆင့်နဲ့ ရေအားလျှပ်စစ်ထုတ်လို့ရတယ်၊ နိုင်ငံအတွက်လည်းအကျိုးရှိတယ်၊ တချို့တစ်ဝက် ကို  ပြည်ပရောင်းရင်လည်း  အဲဒီခေတ်က တရုတ်က အလုံးအရင်းနဲ့ လျှပ်စစ်လိုနေတာ (အခုတော့ သူက ပြန်ရောင်းဖို့ ကြိုးစားနေပါပြီ)  ဆိုတော့ နိုင်ငံခေါင်းဆောင်တွေက  နိုင်ငံပိုင်စက်ရုံပဲလုပ်မယ်ဆိုပြီး ထိပ်ဆုံး က ရွှေလီ (၁)စက်ရုံကို စဉ်းစားခဲ့တယ်။

အစပထမမှာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနကသာ  နိုင်ငံပိုင်အဖြစ် အကောင်အထည် ဖော်မယ်ဆိုပြီး  စခဲ့ပါတယ်။ တချို့လုပ်ငန်းတွေကိုတော့ YMEC   ကုမ္ပဏီကို နိုင်ငံတော်ရန်ပုံငွေနဲ့  Turn Key - Engineering  Procurement  and Construction (EPC) ကန်ထရိုက်စနစ်နဲ့ ငှားပြီးစတင်ခဲ့တယ်။ စတင်ခါစက စာချုပ်အရ တစ်လတစ်ကြိမ် လုပ်ငန်းပြီးစီးမှုတိုင်းတာတွက်ချက်ပြီး  ငွေပေးချေနိုင် ပေမယ့် လအနည်းငယ် အတွင်းမှာ နိုင်ငံတော်က ငွေမချေနိုင်တော့ပါဘူး။ 

          ဆက်လက်ဖော်ပြပါမည်။