စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၅၉)

ဒီအခြေအနေမှာ YMEC ကို Build-Operation-Transfer (BOT) လို့ခေါ်တဲ့ တည်ဆောက်မောင်းနှင် ပြန်လည်လွှဲပြောင်းစနစ်နဲ့ ခရီးဆက်ခဲ့ရပါတယ်။ ငွေချေပြီးသားတွေကိုတော့ ကိုယ့်နိုင်ငံရဲ့ အစုရှယ်ယာအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီလိုဖက်စပ်အဖြစ် ပြောင်းသွားတဲ့အခါ တရုတ်နိုင်ငံ Yunnan United Power Development Co.,Ltd. (YUPD) ကတာဝန်ယူပြီး ဝင်ရောက်ဆောင်ရွက် ပါတယ်။ ၂၀၀၇ ခုနှစ်မှာ YUPD လက်ထဲရောက်သွားတဲ့စီမံကိန်းဟာ ၂၀၀၉ ခုနှစ်မှာ စက်ရုံအားလုံးလည်နိုင်တဲ့ အဆင့်ထိရောက်ရှိခဲ့ ပါတယ်။  အစအဆုံး ၄ နှစ်နဲ့ ပြီးစီးခဲ့တာပါ။

ဒါကြောင့် ကိုယ့်မှာငွေမရှိရင်  နှစ်ဖက် Win-Win အခြေအနေနဲ့ ဖက်စပ်လုပ်ကြပါလို့ အကြိမ်ကြိမ် အကြံပြုနေခြင်း ဖြစ်ပါတယ်။ အဲဒီတုန်းက အာဏာပိုင်တွေကလည်း ဖက်စပ်လုပ်ရင် မြန်တယ်၊ ငွေမစိုက်ရဘူး၊ ဓာတ်အားရတယ်၊ ရှယ်ယာလည်း အခမဲ့ရသင့် သလောက်ရတယ်၊ တချို့ တစ်ဝက် နိုင်ငံခြားရောင်းရင်  ဖက်စပ်ကုမ္ပဏီအနေနဲ့ နိုင်ငံခြားငွေရတယ်၊ နိုင်ငံတော်က ဝင်ငွေခွန်ရတယ်၊ ကုန်သွယ်ခွန်ရတယ်၊ နှစ် ၃၀ နေရင် အားလုံးနိုင်ငံပိုင်ဖြစ်မယ်။ စက်တွေဟောင်းသွားရင်တောင် ထိန်းသိမ်း ပြုပြင်ပြီး ဆက်သုံးရင် နောက်ထပ် နှစ် ၃၀ ကျော် ထပ်သုံးလို့ရတယ်ဆိုပြီး ဖက်စပ်တွေ အများကြီးရေးထိုးခဲ့ကြတယ်။ ဒါပေမဲ့ လုပ်သင့်တဲ့စီမံကိန်းလား၊ မလုပ်သင့်တဲ့စီမံကိန်းလား စိစစ်ဖို့တော့လိုတယ်။ လက်မှတ်ထိုးခဲ့ပေမယ့် အချို့ကိစ္စတွေမှာ ရှေ့ဆက်လို့မ ရတော့တာတွေ ကြုံလာခဲ့ပြီး  ရေအားလျှပ်စစ် ဖက်စပ်တွေကို ပြည်သူအချို့က ယုန်ထင်ကြောင်ထင်ဖြစ်နေကြတယ်။ ဒီကြားထဲမှာ ရေအားလျှပ်စစ် စီမံကိန်းတွေဟာ ဆိုးကျိုးသာဖြစ်စေတယ်ဆိုပြီး ဆွမ်းကြီးဝင်လောင်းနေသူတွေပါ ပါလာတာတွေ့နေရတယ်။ ဒါကြောင့် ဖက်စပ် ဆိုတာ ကောင်းတဲ့နေရာကောင်းတယ်၊ မလုပ်သင့်တဲ့နေရာမှာ ဘာနည်းနဲ့ဖြစ်ဖြစ် မလုပ်သင့်ပါဘူး။ ဒါကို  ဝေခွဲနိုင်ဖို့လိုပါတယ်။ 

ဓာတ်အားပေးစက်ရုံဆိုင်ရာအချက်အလက်များ

အထက်မှာပြောခဲ့တဲ့ ရွှေလီ(၁)စက်ရုံဟာ သဘာဝအခြေအနေအရ ၆ မိုင်ခန့်အတွင်း ပေရာချီနိမ့်ဆင်းသွားတဲ့ အားသာချက်ကို သုံးပြီးဆောင် ရွက်ခဲ့လို့ ရေအားအမြင့်ပိုကောင်းသွားပြီး  အောက်ပါအတိုင်း ဓာတ်အား ထုတ်လုပ်နိုင်မှု တိုးလာခဲ့တယ်။

ရွှေလီ (၁) မူလနဲ့ လက်ရှိဆောင်ရွက်ခဲ့မှုအခြေအနေ  

တပ်ဆင်အင်အား            နှစ်စဉ်ထုတ်လုပ်              ကုန်ကျစရိတ်

 (မဂ္ဂါဝပ်)                        နိုင်မယ့်ဓာတ်အား          (အမေရိကန်ဒေါ်လာ)  

(ကီလိုဝပ်နာရီ)          

မူလ (နိုင်ငံပိုင်)    ၄၀၀                             ၃၀၂၂                                         ၂၄၈

လက်ရှိ(ဖက်စပ်)   ၆၀၀                           ၄၀၂၂                                        ၄၈၀

ဒါကြောင့် ရွှေလီ (၁) ရေထိန်းတမံကနေ ရေအားလျှပ်စစ်စက်ရုံထိ အလျား ၆ မိုင်လောက်ရှည်တဲ့ ဥမင်လိုဏ်နဲ့ ရေသွယ်ယူသွားပြီး စက်ရုံလည်ပတ်နေတာဖြစ်လို့ ဓာတ်အားပိုထွက်ခဲ့တယ်။ ယခုစက်ရုံမှာ ၁၀၀ မဂ္ဂါဝပ် စက် ၆ လုံးတပ်ထားပြီး  မြန်မာဘက်ကို  ၄၀၀ မဂ္ဂါဝပ် (၁၀၀ မဂ္ဂါဝပ် စက် ၄ လုံး) တိုက်ရိုက်ချိတ်ဆက်ပြီး  ဓာတ်အားပေးထားပါတယ်။ ရေနည်းတဲ့နွေရာသီမှာ တရုတ်ဘက်ပေး ထားတဲ့ စက်နှစ်လုံးကို လျှော့ ထုတ်ပြီး မြန်မာနဲ့ချိတ်ထားတဲ့ စက် ၄ လုံးလည်ဖို့သာ  ရေကိုဦးစားပေး အသုံးချနေပါတယ်။

ရွှေလီ(၁) ဟာ နိုင်ငံခြားငွေအတွက် အဓိကအားထားလောက်စရာ မဟုတ်ပေမယ့်  ၂၃၀ ကီလိုဗို့နှစ်ထပ်ဓာတ်အားလိုင်း  (ရွှေလီ၊ မန်ဆန်၊ ရွှေစာရံ (မန္တလေး) ဓာတ်အားလိုင်း)  ခံနိုင်ရည်ရှိသမျှအားလုံး လက်ခံရယူနေတဲ့အတွက် နိုင်ငံအတွက် အလွန်အကျိုးများ ပါတယ်။ စတင် ထုတ်လုပ်တဲ့ ၂၀၁၀ ပြည့်နှစ်ကစပြီး နှစ်စဉ် ကီလိုဝပ်နာရီသန်း ၃၅၀၀ ခန့် (ထုတ်လုပ်မှုစုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းခန့်) မြန်မာဘက်က သုံးနေတာဖြစ်ပါတယ်။ ရဲရွာဓာတ်အားပေးစက်ရုံထက်ပိုပြီး နှစ်စဉ်အားထားရတဲ့ စက်ရုံတစ်ရုံလို့ ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံထဲက တကောင်းနီကယ်စက်ရုံကိုလည်း တရုတ်ဘက်ပို့တဲ့စက်နှစ်လုံးထဲကပဲ တိုက်ရိုက်ပေးနေတာပါ။

ဒီစက်ရုံကနေ ၂၀၁၆ ခုနှစ်ဆန်းထိ ဝင်ခဲ့တဲ့ဝင်ငွေဟာ -

                        -   ၁၇.၅၁၇ သန်း ဥရောပငွေကြေး   (EURO)

အခွန်ရငွေ         - ၂၈၈.၇၅၀ သန်း တရုတ်ငွေကြေး      (RMB)

                        -  ၁၈.၁၄၀ သန်း အမေရိကန်ဒေါ်လာ (USD)

အမြတ်ဝေစုရငွေ -  ၁၀.၆၅၂ သန်း အမေရိကန်ဒေါ်လာ (USD)

စက်ရုံရောင်းဈေးဟာ ပျမ်းမျှ တစ်ယူနစ်အတွက် 3.5 to 4 UScent ခန့်သာဖြစ်တဲ့အတွက် အမြတ်ငွေနည်းပါးပေမယ့် မြန်မာ တစ်နိုင်ငံလုံးအတွက် တစ်နှစ်စာသုံးစွဲသွားသော ဓာတ်အားရဲ့ ၂၅ ရာခိုင်နှုန်းခန့်ကို ဈေးသက်သက်သာသာနဲ့ အမာခံထောက်ကူ ပေးနေတဲ့စက်ရုံတစ်ရုံဖြစ်တာကတော့ အမှန်ပါပဲ။

တစ်နိုင်ငံလုံးက အားကိုးနေကြရပါတယ်ပြောတဲ့ လောပိတစက်ရုံ အမှတ်(၁)(၂)(၃) သုံးရုံပေါင်းရဲ့ တစ်နှစ်ထုတ်လုပ်နိုင်မှုထက် နှစ်ဆကျော် နှစ်စဉ်ထုတ်လုပ်ပေးနေတဲ့စက်ရုံဟာ ဒီရွှေလီ (၁) ဓာတ်အားပေးစက်ရုံ ဖြစ်ပါတယ်ဆိုတာကိုလည်း  သတင်းကောင်းပါး ရင်း  ဖက်စပ်စက်ရုံတစ်ရုံဟာ နိုင်ငံအတွက်   ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ  ဗဟုသုတမျှေ၀ လိုက်ပါတယ်။ ဒါမျိုး အနည်းဆုံး ၅ ရုံလောက်ရှိရင် မြန်မာပြည်သူတွေ အခုသုံးနေတဲ့ လူတစ်ယောက် တစ်နှစ်အတွက် ပျမ်းမျှ ၃၀၀ ယူနစ်ဆိုတာကို ၆ နှစ်အတွင်း နှစ်ဆဖြစ်စေရပါမယ်။ ဓာတ်အားခကလည်း ပြည်သူ တွေထံအရောက်  6-7 UScent ထက်မများတဲ့ ဓာတ်အားခဖြစ်စေရပါမယ်။ ပြည်တွင်းလုပ်ငန်း ဆောင်ရွက်သူတွေကိုလည်း လျှပ်စစ်ဓာတ်အားခ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဖြန့်ဖြူးနိုင်မှာဖြစ်လို့ ပြည်တွင်း ကုန်ထုတ်လုပ်မှုမှာ ကမ္ဘာ့ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းမြင့်လာပါစေရမယ်လို့ ရဲရဲအာမခံနိုင်ပါတယ်။

ရွှေလီ (၂) ရေအားလျှပ်စစ်စီမံကိန်း

မြန်မာနိုင်ငံထဲမှာ ရွှေလီမြစ်ပေါ်မှာ ဒုတိယမြောက်ဆောင်ရွက်မယ့် ရေအားလျှပ်စစ်စီမံကိန်းကတော့ ရွှေလီ(၂)ပါပဲ။ ရွှေလီ(၁) ဓာတ်အားပေးစက်ရုံရဲ့ အောက်ဘက် ၄ မိုင်ခန့်အကွာမှာ  ရွှေလီ(၂)ရဲ့ ရေထိန်းတမံကို တည်ဆောက်ပြီး ရေကို နောက်ထပ် ၅ မိုင်လောက် ဥမင်လိုဏ်နဲ့အောက်ဘက်ကို သယ်သွားပါမယ်။ ဓာတ်အားပေးစက်ရုံကို လည်ပတ်ပြီး ရေကို မူလရွှေလီမြစ်ထဲ ပြန်ထည့်လိုက်မယ့် စက်ရုံစီမံကိန်းပါပဲ။ ရွှေလီ(၁) ရော၊(၂) ရော (Run-off -River Type)  စက်ရုံတွေပါပဲ။  ရွှေလီ (၂) ဟာ မြေမျက်နှာပြင်အရ  မတ်စောက်တဲ့လျှိုထဲမှာ  ဆောင်ရွက်ရမှာဖြစ်လို့ တမံအမြင့်ကတော့ ပေ ၅၉၀ အထိမြင့်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလောက် မြှင့်ထားတာတောင် ကန်ရေပြည့် ရေသိုလှောင်နိုင်တဲ့ပမာဏက ဧကပေ ၄ ဒသမ ၄ သိန်းသာရှိပါတယ်။ တမံမြှင့် ထားတာက ရေအားအမြင့် ပိုရဖို့ပါပဲ။                                   

ဆက်လက်ဖော်ပြပါမည်။