သာလွန်အစွမ်းများနဲ့ ပွဲထွက်လာတော့မယ့် ရုရှားရဲ့မျိုးဆက်သစ် တိုက်လေယာဉ်  SU-57

သာလွန်အစွမ်းများနဲ့ ပွဲထွက်လာတော့မယ့် ရုရှားရဲ့မျိုးဆက်သစ် တိုက်လေယာဉ်  SU-57

    SU-57ဆိုတဲ့ နာမည်ကိုတော့ ကြားဖူးနေတာကြာပါပြီ။ သူ့ကို ရုရှားရဲ့မျိုးဆက်သစ်အဆင့်မြင့် တိုက်လေယာဉ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အတူ ယှဉ်တွဲပြီးမှတ်မိနေတာပါ။ SU-57ကို ၁၉၇၀ ပြည့်နှစ်အလွန် ကာလများတုန်းက   ဒီဇိုင်းရေးဆွဲခဲ့တာဖြစ်ပြီး အင်ဂျင်နှစ်လုံးတပ် ဘက်စုံသုံး ကိုယ်ပျောက်တိုက်လေယာဉ် တစ်စင်းဖြစ်ပါတယ်။

သို့သော်လည်း ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားချိန်မှာ လေယာဉ်တီထွင် ထုတ်လုပ်မှုလုပ်ငန်းများက ရပ်တန့်သွားရပါတယ်။

ဒါပေမဲ့ ပိုမိုဆန်းသစ်ပြီး အဆင့်မြှင့်တင်ထားတဲ့  SU-57အမျိုးအစားဟာ ရုရှား တပ်မတော်မှာ တာဝန်ထမ်းဆောင်ဖို့အတွက် တဖြည်းဖြည်းရုပ်လုံးပြန်ပေါ်လာပါတယ်။

ပထမဆုံးထုတ်လုပ်ပြီးတဲ့ SU-57 တိုက်လေယာဉ်ပထမအသုတ်ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ရှိ လေကြောင်းတပ်ရင်းကြီးဆီ လွှဲပြောင်းပေးလိုက်ခြင်းအားဖြင့် တပ်တော်ဝင်သွားပြီဖြစ်တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ်မှာ ထုတ်ပြန်ထားပါတယ်။

၂၀၂၅  ခုနှစ်   အရောက်မှာတော့ တပ်ရင်းကြီးတစ်ရင်းစာရှိတဲ့    SU-57တိုက်လေယာဉ် ၂၄ စင်းအထိကို ထုတ်လုပ်အသုံးပြုသွားနိုင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာန ကစီစဉ်ထားပါတယ်။

လက်ရှိမှာဆိုရင်    လေယာဉ်အတက်အဆင်းဘီးအတွက် သမားရိုးကျ ပုံစံကနေခွဲထွက်ပြီး သရီးဒီပရင်တာနဲ့ ထုတ်လုပ်လိုက်နိုင်ပါပြီ။

ဒီလိုလုပ်ဆောင်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က ကုန်ကျစရိတ်ကို လျှော့ချနိုင်ဖို့အပြင် အလေးချိန်ပိုမို ပေါ့ပါးစေဖို့ဖြစ်ပါတယ်။

လေယာဉ်အတက်အဆင်း ဘီးအတွက် ကုန်ကြမ်းကိုတော့ အလူမီနီယံ သတ္တုကိုသာ အသုံးပြုထားတာဖြစ်ပြီး အဆင့်မြင့်ကွန်ပျူတာနဲ့ ဒီဇိုင်းရေးဆွဲထားတဲ့ တည်ဆောက်မှုပုံစံနဲ့အတူ   ထွက်ပေါ်လာတာဖြစ်တယ်လို့  United   Aircraft

Corporation ကထုတ်ပြန်ထားပါတယ်။

အခုလိုမျိုး   အဆင့်မြင့်ကိရိယာကို အသုံးပြုလာနိုင်ခြင်းက သိပ်မကြာခင်အချိန် အတွင်းမှာ ပြည်တွင်းအတွက်သာမက ပြည်ပပို့ဆောင်မှုအတွက်ပါ အရှိန်အဟုန်မြှင့်လာနိုင်တော့မယ့် လက္ခဏာတစ်ရပ်လို့ ဆိုနိုင်ပါတယ်။

လက်ရှိဖန်တီးလိုက်တဲ့ သရီးဒီပရင်တာထုတ် အလူမီနီယံလေယာဉ် အတက်အဆင်းဘီးက သမားရိုးကျ လေယာဉ်အတက်အဆင်းဘီးများရဲ့အလေးချိန်ထက် လေးပုံတစ်ပုံ လျော့နည်းသွားတယ်လို့ ဆူခွိုင်းဒီဇိုင်းဗျူရိုရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အခုဒီဇိုင်းအသစ်က လေယာဉ် အတက်အဆင်းဘီး  ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်း လိုအပ်ချက်ကိုလည်း လျှော့ချပေးနိုင်တယ်လို့ အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။

SU-57 ရဲ့    လေယာဉ်ကိုယ်ထည်ကို ပေါ်လီမာ၊ ဖိုင်ဘာဂလက်၊ အလူမီနီယံတို့ကဲ့သို့ အမျိုးမျိုးသော ပေါင်းစပ်ပစ္စည်းများ နဲ့ တည်ဆောက်ထားတာပါ။

ဒီလိုကုန်ကြမ်းပစ္စည်းတွေကို  အသုံးပြု တည်ဆောက်ထားတာကြောင့် ရန်သူ့ရေဒါရဲ့ ထောက်လှမ်းမှု၊ အနီအောက်ရောင်ခြည်သုံး ရှာဖွေမှုတို့ကို ရှောင်လွှဲနိုင်ပြီး အသံထက်မြန်နှုန်းနဲ့ ပျံသန်းမယ်ဆိုရင် လေယာဉ်ဆီစားနှုန်းကိုလည်း ပိုမိုချွေတာစေနိုင်ပါတယ်။

ဒါ့အပြင်  SU-57 လေယာဉ်ကိုယ်ထည် တစ်ခုလုံးကို ရေဒီယိုလှိုင်းနှုန်း စုပ်ယူနိုင်စွမ်းရှိတဲ့ အလွှာတစ်လွှာနဲ့ ထပ်အုပ်ထားတယ်လို့ ဆိုပါတယ်။

လေကြောင်းနည်းပညာတွေမှာ ဆိုရင်လည်း လက်ရှိရုရှားလေတပ်မှာ အသုံးပြုနေဆဲဖြစ်တဲ့လေယာဉ်တွေထက် ပိုမိုအဆင့်မြှင့်တင် ထားပါတယ်။ အဲဒီလို အဆင့်မြှင့်တင်မှုတွေထဲမှာ AESA  ရေဒါနဲ့ ELINT တို့လည်း အပါအဝင်ပါ။

လက်နက်တပ်ဆင်မှု အပိုင်းမှာတော့ ဝေဟင်မှမြေပြင်ပစ် ဒုံးကျည်များ၊ ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်များ၊ အနီးကပ်တိုက်ပွဲအတွက် ၃၀ မီလီမီတာ စက်သေနတ်များပါဝင်တယ်လို့ သိရပါတယ်။

Ref: PM