အရင်ထက် စွမ်းဆောင်ရည်နှစ်ဆပိုမြင့်တဲ့ အသံနှုန်းလွန်နည်းပညာကို ဖန်တီးနိုင်သူ တရုတ်ပညာရှင်များ

အရင်ထက် စွမ်းဆောင်ရည်နှစ်ဆပိုမြင့်တဲ့ အသံနှုန်းလွန်နည်းပညာကို ဖန်တီးနိုင်သူ တရုတ်ပညာရှင်များ

    တရုတ်စစ်ဘက်မှ သုတေသနပညာရှင်များက   အသံနှုန်းလွန် ပျံသန်းမှုအတွက် လောင်စာအခဲကို အသုံးပြုတဲ့   လေရှူအင်ဂျင်များရဲ့ ထိရောက်မှုကိုမြှင့်တင်နိုင်မယ့် နည်းပညာပိုင်းဆိုင်ရာ  အောင်မြင်မှုကြီး တစ်ခုကို ရရှိခဲ့ပါပြီ။

ဒီလိုအောင်မြင်မှုကြောင့် တရုတ်နိုင်ငံရဲ့   အသံနှုန်းလွန်ဒုံးကျည်များ အနေနဲ့ စစ်ဆင်ရေးနယ်ပယ်ကို အရင်ထက်နှစ်ဆချဲ့ထွင်နိုင်စေတော့မှာပါ။

အခုလိုနည်းပညာကို ဖန်တီးလိုက်နိုင်သူများကတော့   ဟူနန်ပြည်နယ် ချန်းရှားမြို့ရှိ အမျိုးသားကာကွယ်ရေး နည်းပညာ တက္ကသိုလ်မှ တွဲဖက်ပါမောက္ခမာလီကွန်း ဦးဆောင်တဲ့ အဖွဲ့ပဲဖြစ်ပါတယ်။

“လက်ရှိဖော်ထုတ်လိုက်နိုင်တဲ့ နည်းပညာအသစ်က တူညီတဲ့ အခြေအနေမှာပင် သမားရိုးကျစခရမ် ဂျက်အင်ဂျင်ရဲ့  အလုပ်လုပ်နိုင်စွမ်းကို နှစ်ဆ တိုးမြှင့်လိုက်နိုင်တာတွေ့ရပါတယ်”လို့ တွဲဖက်ပါမောက္ခ မာလီကွန်းက ဆိုပါတယ်။

အခုနည်းပညာက ဝင်လာတဲ့လေတွေကို အသံနှုန်းအောက်နည်းအောင်  လျှော့ချလိုက်ချိန်မှာ အဲဒီလေက မီးလောင်အခန်းထဲ ရောက်ရှိချိန်မှာတော့   လောင်စာကိုအကြွင်းအကျန်မရှိလောင်ကျွမ်းစေပါတယ်။

သုတေသနပညာရှင်များက သူတို့ရဲ့နည်းပညာကို စမ်းသပ်ဖို့အတွက် ရှေ့ပြေး အင်ဂျင်တစ်လုံးကိုဖန်တီးပြီး   မြေပြင်ရှိ သဏ္ဌာန်တူလေ့ကျင့်ရေး စခန်းတစ်ခုမှာ စမ်းသပ်တာပါ။

အဲဒီစမ်းသပ်မှုမှာ ပင်လယ်ရေမျက်နှာပြင် အထက် ၂၅ ကီလိုမီတာမှာ အသံထက် ခြောက်ဆမြန်တဲ့  ပျံသန်းနေစဉ်   ဆီစား သက်သာမှုက ၇၉ ရာခိုင်နှုန်း ရှိတာကို တွေ့ရပါတယ်။

ရှေ့ပြေးအင်ဂျင်အတွက်    အသုံးပြုတဲ့ စွမ်းအင်တွေထဲကမှ အဓိက အကျဆုံးက ဘိုရွန်အမှုန့်များ ဖြစ်ပါတယ်။ မီးခိုးရောင်ရှိတဲ့ ဘိုရွန်အမှုန့်များက အောက်ဆီဂျင်နဲ့ ထိတွေ့ဓာတ်ပြုတဲ့အခါ အရှိန်ပြင်းပြင်းနဲ့ကိုလောင်ကျွမ်းတာပါ။

သုတေသနပညာရှင်များက အင်ဂျင်ရဲ့ မီးလောင်ခန်းအတွက်  လောင်စာအဖြစ် ဘိုရွန်အမှုန့်ကို အသုံးပြုပြီး    အရင်က နော်ဇယ်တစ်လုံးတည်းနဲ့ လောင်စာဖျန်းပေးရာမှ အခုတော့ နော်ဇယ်အများအပြားနဲ့ လောင်စာဖျန်းပေးအောင် ပြုလုပ်ထားပါတယ်။

အဲဒီအခါမှာ သူတို့ဆီကနေ ထွက်လာတဲ့ တုန်ခါလှိုင်းနှုန်းများက လေတံခါးပေါက်ဆီကို ရောက်သွားပါတယ်။ ဒီလိုရောက်သွားတာနဲ့ တစ်ပြိုင်နက် လေအဝင်နှုန်းကိုလည်း နှေးသွားစေပါတယ်။

ဒီလို  လေအဝင်နှုန်းနှေးသွားတဲ့အခါ အင်ဂျင်မီးလောင်ခန်းမှာ ရှိတဲ့ ဘိုရွန်အမှုန့်များက   လေမော်လီကျူးများနဲ့ထိတွေ့မှု ကောင်းစွာရရှိပြီး ပိုမိုမြင့်မားတဲ့ ဓာတုဗေဒ ဓာတ်ပြုမှုကို ဖြစ်ပေါ်စေပါတယ်။

အဲဒီလိုမျိုးနဲ့လောင်စာက အကြွင်းအကျန် မရှိလောင်ကျွမ်းသွားတဲ့အခါ   အင်ဂျင်ပေါက်ကွဲမှု အားကောင်းပြီး တွန်းအားကို ပိုမိုဖြစ်ပေါ်စေပါတယ်။   ဒါကြောင့်လည်း အင်ဂျင်က အရင်ထက်ပိုမိုဝေးကွာတဲ့ အကွာအဝေးကို ပိုမိုလျင်မြန်စွာ သွားလာနိုင်တာပါလို့ သုတေသနပညာရှင်များက ပြောထားပါတယ်။

အသံနှုန်းလွန်ဒုံးကျည်များဖြစ်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်များဟာ အသံရဲ့အလျင်ထက်    ငါးဆမြန်တဲ့နှုန်းနဲ့ သွားနိုင်တဲ့ ဒုံးကျည်များကို ခေါ်ဆိုတာဖြစ်ပါတယ်။

အဲဒီဒုံးကျည်တွေမှာ အခုလိုမျိုး ဘိုရွန်လောင်စာ အသုံးပြုအင်ဂျင်ကို   တပ်ဆင်လိုက်မယ်ဆိုရင် သူတို့ရဲ့လှုပ်ရှား စစ်ကစားနိုင်စွမ်းကို တိုးတက်စေမယ့်အပြင် ဒုံးကျည်ကာကွယ်ရေး စနစ်တွေအနေနဲ့ တုံ့ပြန်ချိန် အနည်းငယ်သာရရှိမှာပါ။

တရုတ်အစိုးရက     အသံနှုန်းလွန် တွန်းကန်အားစနစ်များ အတွက် အဆင့်မြင့် နည်းပညာများ ထွက်ပေါ်လာစေဖို့ ပံ့ပိုးမှု တွေကို   စဉ်ဆက်မပြတ် ပေးနေတာဖြစ်ပါတယ်။  

Ref: IE