စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၆၀)

ဒါကြောင့်လည်း တပ်ဆင်စက်အင်အားဟာ ၅၂၀ ဝပ်အထိ တိုးတက်ရရှိခဲ့တာပေါ့။ ဒီစက်ရုံကလည်း နှစ်စဉ် ကီလိုဝပ်နာရီသန်း ၂၈၁၄ ထုတ်ပေးမှာဖြစ်လို့ လက်ရှိ (ရဲရွာ ၇၉၀ မဂ္ဂါဝပ် တပ်ဆင်အင်အားနဲ့ သိုလှောင်ရေ ဧကပေ ၂၁ သိန်း) ကနေထုတ်ပေးတဲ့ နှစ်စဉ် ဓာတ်အားထုတ်လုပ်ပေးနိုင်မှုနဲ့ အတူတူလောက်ပါပဲ။

Run-off -River Type စက်ရုံများဟာ ရေအရင်းအမြစ်ကောင်းရင် ရေများစွာသိုလှောင်သုံးစွဲနေရတဲ့ ရေလှောင်တမံကြီးတွေနဲ့ တွဲဖက်ထားတဲ့ စက်ရုံတွေထက် အများကြီးအကျိုးကျေးဇူး ပိုရှိတယ်ဆိုတာ ပြတာပါပဲ။ အလားတူပဲ ကွမ်းလုံ၊ နောင်ဖ၊ ဟတ်ကြီး အစရှိတဲ့ သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် စက်ရုံတွေဟာလည်း သိုလှောင်ရေကို အဓိကအားမပြုဘဲ တမံအမြင့်ပေ ၃၀၀ ဝန်းကျင်စီနဲ့ပဲ ရေစီးရေလာကို အသုံးပြုပြီး ရဲရွာထက် နှစ်ဆခန့်များတဲ့ နှစ်စဉ်ဓာတ်အားကိုပေးနိုင်ကြမယ့် ရေစီးအားသုံး စီမံကိန်း တွေဖြစ်ပါတယ်။  ရွှေလီ(၂)စက်ရုံက  ထုတ်ပေးမယ့် ဓာတ်အားခဈေးနှုန်းဟာလည်း ဓာတ်အားတစ်ယူနစ် စက်ရုံထုတ်ဈေး အမေရိကန်ငွေကြေး  5.5 to 6 UScent ဝန်းကျင်မှာပဲရှိပါတယ်။ ဒီစက်ရုံက ဓာတ်အားကို အောက်ဘက်က ရွှေလီ(၃) စီမံကိန်းအထိ ပို့လွှတ်မယ့် ဓာတ်အားလိုင်းစရိတ်ပါ စီမံကိန်းကကျခံမှာပါ။ ပြည်တွင်းသုံးဖို့ သက်သက်တည်ဆောက်ဖို့ သဘောတူထားတဲ့ စီမံကိန်းပါ။

ရွှေလီ(၂)စီမံကိန်းအကောင်အထည်ဖော်ဖို့ ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၁၂ ရက်မှာ တရုတ်နိုင်ငံ Huaneng Lancang River Hydropower Co.,Ltd. နဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီကုမ္ပဏီဟာ မဲခေါင်မြစ် (Lancang River) ပေါ်မှာ မဂ္ဂါဝပ် ထောင်ပေါင်းများစွာ တပ်ဆင်ထားတဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော်ခဲ့ပြီး ကူမင်းမြို့ကနေ အဝေးထိန်းစနစ်နဲ့ စက်ရုံတွေကို မောင်းနှင်နေတဲ့ကုမ္ပဏီပါ။ ကုမ္ပဏီဟာ အလွန်ခေတ်မီတဲ့ စီမံခန့်ခွဲမှုနဲ့ ဆောင်ရွက်နေတဲ့ကုမ္ပဏီပါ။ ဒီကုမ္ပဏီက တင်ပြလာတဲ့  စီမံကိန်းဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာ  (FSR)  ဟာ အတော်ပြည့်စုံကောင်းမွန်ပါတယ်။ ဒါပေမဲ့ နှစ်နှစ်လောက် အပြန်အလှန် ဆွေးနွေးပြီးမှ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှာ အတည်ပြုပေးခဲ့ပါတယ်။ ဒီဒေသမှာ အမှန်တကယ်သုံးရမယ့် မမြင်နိုင်တဲ့ အသုံးစရိတ်တွေ (ဒေသနှင့်ဆိုင်သောကိစ္စ)ရှိနေပေမယ့် မဂ္ဂါဝပ် ၅၂၀ အတွက် စီမံကိန်းတစ်ခုလုံး ကုန်ကျစရိတ်ခန့်မှန်းခြေစာရင်းဟာ အမေရိကန်ဒေါ်လာ ၆၈၄ ဒသမ ၈၉ သန်းနဲ့ဆောင်ရွက်ဖို့ စိစစ်ထားပြီးဖြစ်ပါတယ်။ တစ်မဂ္ဂါဝပ် ကုန်ကျစရိတ်ဟာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ သန်းသာဖြစ်ပါတယ်။ စီမံကိန်းကာလဟာ အကြာဆုံးငါးနှစ်ပါပဲ။ Capacity Factor (စက်စွမ်းရည်) ကလည်း ဝ.၆၂ (၆၂%) ရှိတော့ ရေအသုံးချမှုကောင်းမွန်အကျိုးရှိတဲ့စီမံကိန်းပါ။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ MOA ရေးထိုးပြီးချိန်မှစပြီး ရွှေလီ(၂)အတွက် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် သက်ရောက်မှုလေ့လာခဲ့ရာမှာ ၂၀၁၁ ခုနှစ်မှာ KHIDI ရဲ့ ESIA အစီရင်ခံစာပြီးစီးခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံထဲက တတိယအဖွဲ့အစည်းတစ်ခုခုပါအောင် မြန်မာနိုင်ငံက Resource & Environment Myanmar Ltd (REM) အဖွဲ့ကို ပါဝင်ဆောင်ရွက်စေခဲ့ပါတယ်။ တစ်နှစ်လောက်ကြာအောင်လေ့လာပြီး REM ဟာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလကုန်မှာ ESIA Report ပြီးစီးပြီး သက်ဆိုင်ရာဝန်ကြီးဌာနကို အစီရင်ခံစာ ဆက်လက်တင်ပြခဲ့ပါတယ်။ ESIA အစီရင်ခံစာပါ အချက်အလက်တွေကို အောက်မှာဖော်ပြလိုက်ပါတယ်-

၂၀၁၂ ခုနှစ် ရွှေလီ (၂) ESIA ပါအချက်အလက်အချို့

၁။ ရေမြုပ်မည့် စိုက်ပျိုးမြေဧရိယာ           - ၈၇ ဧက

၂။ ရေမြုပ်မည့် သစ်တောဧရိယာ            - ၁၃၄၀၉ ဧက

၃။ ဤရေအားစက်ရုံကိုသုံးခြင်းဖြင့်

   နှစ်စဉ်လျှော့ချနိုင်မည့် CO2 ပမာဏ      - တန်ချိန် ၉ သိန်း

   (တစ်ကီလိုဝပ်နာရီထုတ်လုပ်ရန်

   ကျောက်မီးသွေး    ၃၂၀ ဂရမ်

   အသုံးပြုမည့် စက်ရုံနှင့်နှိုင်းယှဉ်ခြင်း)

၄။ ရေဝပ်ဧရိယာအတွင်း ကျရောက်ကျေးရွာ - မရှိပါ

စီမံကိန်းအကောင်အထည်ဖော်ဆဲမှာရော စက်ရုံလည်ပတ်တဲ့အချိန်မှာပါ လိုက်နာဆောင်ရွက်ရမယ့်ကိစ္စတွေကိုပါ အစီရင်ခံစာမှာ တစ်ပါတည်းဖော်ပြပြီးဖြစ်တဲ့အတွက် ထိခိုက်မှုအလွန်နည်းတဲ့စီမံကိန်းပါပဲ။ ဒါပေမဲ့ ဒီဒေသမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတာကြောင့် တောထဲမှာ အဖွဲ့အစည်းလိုက် စီးပွားရှာနေသူတွေက ဒေသခံတွေကိုသုံးပြီး တရားမဝင်သစ်ထုတ်ပြီး ငွေရှာ နေတာ အလွန်အကျွံပါပဲ။ နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားကလည်း အဲဒီဒေသမှာ ထိရောက်စွာ ကိုင်တွယ်နိုင်ဖို့ ခက်ခဲနေပုံရပါတယ်။ နေ့စဉ် ပုံစံမျိုးစုံနဲ့ သစ်တော၊ သစ်ပင်တွေကို တစ်ဖက်နိုင်ငံကို ကုန်ကြမ်းအဖြစ်ပေးပို့ရောင်းချနေတာက နောင်မှာ သဘာဝ ဘေးဒဏ်ပြဿနာကြီးတစ်ခုဖြစ်လာဖို့ သေချာပါတယ်။ ရွှေလီမြစ်ဟာ ဧရာဝတီမြစ်ထဲကိုစီးဝင်တဲ့ အဓိကမြစ်ဆိုတာလည်း ထည့်စဉ်းစားဖို့ သင့်ပါတယ်။လက်ရှိ မြန်မာနိုင်ငံမှာ သစ်တော၊ သစ်ပင်ကို တရားမဝင် ပြည်ပကိုပုံစံမျိုးစုံနဲ့ ထုတ်လုပ်ရောင်းချ နေသူတွေဟာ ဒေသထဲမှာ ဒီလိုရေအားလျှပ်စစ် စီမံကိန်းမျိုးတွေရောက်လာရင် လမ်းပန်းဆက်သွယ်ေ ရးပိုကောင်းလာပြီး နိုင်ငံတော်အုပ်ချုပ်ရေး ထိထိရောက်ရောက်ကိုင်တွယ်လာမှာကို အတော်စိုးရိမ်ကြဟန်ရှိပါတယ်။ ဒါကြောင့် ၎င်းတို့ရဲ့စီမံမှု အောက်မှာ ၎င်းတို့ကို မှီခိုနေရတဲ့ ကျေးရွာသူ၊ ကျေးရွာသားတွေကို မဟုတ်မမှန်သတင်းတွေနဲ့ဝါဒဖြန့်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်လို့မရအောင် ကြိုတင်တားဆီးနေကြတာလည်း တွေ့ရပါတယ်။ အချို့ဟာ ရန်ကုန်မှာရှိနေတဲ့ နှောင့်ယှက်ဖျက်ဆီး လိုသူတချို့ရဲ့ ပူးပေါင်းမှုကိုယူပြီး စီမံကိန်းတွေကို ကန့်ကွက်ကြောင်း တောနဲ့မြို့ အချိန်ကိုက် ပိုစတာထောင်၊ ဓာတ်ပုံရိုက်၊ လူမှုကွန်ရက်မှာဖြန့်၊ သတင်းစာရှင်းလင်းပွဲတွေလုပ် စတာတွေလုပ်နေကြပါတယ်။ နိုင်ငံအကျိုးရှေးရှုပြီး ဒီလိုနေရာတွေမှာရှိနေတဲ့ တရားမဝင် လုပ်ကိုင်နေသူ၊ ဥပဒေမဲ့ မတရားစီးပွားရှာနေသူတွေကို တစ်နည်းနည်းနဲ့ ရှင်းလင်းနိုင်မှသာ ဖွံ့ဖြိုးရေးတွေလုပ်ဆောင်နိုင်မှာပါ။ ဒီလိုလုပ်လို့ရလာတဲ့ အကျိုးကျေးဇူးတွေထဲက အချို့ကိုလည်း ဒေသဖွံ့ဖြိုးရေးအတွက် တိုက်ရိုက်သုံးစွဲဖို့ခွင့်ပြုပေးရန်လည်း စီစဉ်ပေးဖို့ လိုပါတယ်။ ဒေသအာဏာပိုင်တွေကလည်း နိုင်ငံတော်က လုပ်တဲ့အလုပ်ဟာ သူ့ဒေသ ဘယ်လိုတိုက်ရိုက် အကျိုး ကျေးဇူးရမလဲဆိုတာကို မျှော်နေကြပါတယ်။ ဒါလည်းဖြစ်သင့်ပါတယ်။ ဒေသကို ဘယ်လိုအကျိုးရှိစေမယ်ဆိုတာကို တစ်ကျောင်း တစ်ဂါထာ မဟုတ်စေဘဲ သင့်လျော်တဲ့ အချိုးအစားတစ်ခုနဲ့ မက်လုံးပေးမယ်ဆိုရင် ယနေ့တွေ့ကြုံနေရတဲ့ အခက်အခဲတွေ  အများကြီး ပြေလည်သွားမှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေက ကန့်သတ်ထားလို့ဆိုရင်လည်း သက်ဆိုင်ရာဖက်စပ်ကုမ္ပဏီရဲ့အစီအစဉ်နဲ့ ဒေသဖွံ့ဖြိုးရေး၊ ဒေသရသင့်ရထိုက်တာ ရရှိစေရေး လုပ်လို့ရပါတယ်။ ဓာတ်အားခဈေးနှုန်းတော့ ညှိရမှာပေါ့။ အကျပ်အတည်း တစ်ခုတွေ့ရင် ထွက်ပေါက်ရှာဖို့တော့ လိုပါလိမ့်မယ်။

ရွှေလီ(၃) ရေအားလျှပ်စစ်စီမံကိန်း

ဒီစီမံကိန်းဟာ မြန်မာနိုင်ငံထဲက ရွှေလီမြစ်ပေါ်မှာ တတိယမြောက်နဲ့အောက်ဘက်အကျဆုံးစီမံကိန်းပါ။ဒီစီမံကိန်းကိုလည်း ပြီးခဲ့တဲ့ ၁၀ စုနှစ်များစွာကတည်းက လုပ်လို့ရတယ်ဆိုတာ ပညာရှင်တွေသိလို့ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာကတည်းကစပြီး လုပ်သင့်တာတွေ ကြိုတင်လုပ်ခဲ့တာပါ။ ဒါပေမဲ့ ရှေ့လည်းမတိုးနိုင်၊ နောက်လည်းမဆုတ်နိုင်ဖြစ်နေခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူနဲ့ပူးပေါင်းပြီး ဖက်စပ် ရွှေလီ(၃) (Joint Venture) လုပ်မယ်ဆိုပြီး ပြင်ပကုမ္ပဏီတစ်ခုက အဆိုပြုလာတာဟာ ၂၀၁၄ ခုနှစ်မှာပေါ့။ မိမိနိုင်ငံအတွက် ရှယ်ယာ ၂၀ (သို့မဟုတ်) ၂၅ ရာခိုင်နှုန်းထည့်ဝင်နိုင်ဖို့ အနည်းဆုံးအတိုးနှုန်းနဲ့ နှစ်ရှည်ဆိုင်းငံ့နဲ့ ချေးပါမယ်လို့ ကမ္ဘာ့ဘဏ်ကပါ ချဉ်းကပ် လာခဲ့ပါတယ်။               

 ဆက်လက်ဖော်ပြပါမည်။