စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၆၁)

ကမ္ဘာ့ဘဏ်က ငွေချေးမယ်ဆိုကတည်းက ဒီစီမံကိန်းဟာ အဘက်ဘက်က အားသာချက်တွေရှိလို့ဆိုတာ ဘယ်သူမှ ငြင်းစရာ မရှိပါဘူး။ဒါကို အခုထက်ထိ ဟိုနိုင်ငံက ဟိုကုမ္ပဏီနဲ့လုပ်မှာလိုလို၊ ဒီကုမ္ပဏီနဲ့ပဲလုပ်တော့မှာလိုလို ဘာလိုလိုနဲ့ အချိန်တွေ နှမြောစရာဖြစ်နေပါတယ်။ အဓိကက ဘယ်သူနဲ့လုပ်လုပ် ဓာတ်အားခသက်သာဖို့က အဓိကပါပဲ။ ဓာတ်အားခသက်သာအောင် လုပ်ရမယ့်လုပ်ငန်းအဆင့်တွေကို စနစ်တကျလုပ်၊ မလုပ် မိမိတို့ကစိစစ်ရမယ်။  ဓာတ်အားခ တစ်ယူနစ်တစ်ကျပ်ပိုများရင် စက်ရုံကထွက်မယ့် နှစ်စဉ် ယူနစ်သန်းပေါင်းက ၃၀၀၀၀န်းကျင်ဆိုရင် ငွေကျပ်သန်းပေါင်း ၃၀၀၀ ဝန်းကျင် နှစ်စဉ်ပိုပြီးကုန်ကျမှာပါ။ ဒါပြည်သူတွေအပေါ် ကျရောက်လာမယ့်ငွေပါပဲ၊ ဒါကြောင့် ဘယ်စီးပွားရေးသမား၊ ဘယ်နိုင်ငံခြားသားမှ ပုံပြီးမအပ်လိုက်ပါနဲ့၊ ကိုယ့်မှာလည်း နားလည်တဲ့ဌာနတွေရှိပါတယ်။ အငြိမ်းစားပညာရှင်တွေရှိပါတယ်။ သူတို့ကိုနေရာပေးပါ။ စိစစ်ခိုင်းပါ။ အကြံဉာဏ် တောင်းပါ။ ကမ္ဘာ့ဘဏ်ရော International Finance Corporation (IFC) ရောကိုပါ ကြိုဆိုပါ။ နိုင်ငံတကာဘဏ်တွေကနေ  အတိုးနှုန်း သက်သာစွာနဲ့ချေးပြီး ဝင်ရောက်လုပ်ကိုင်ကြမယ့် ကမ္ဘာ့နာမည်ကြီးကုမ္ပဏီတွေကို ဦးစားပေးလက်ခံဖို့တော့လိုပါမယ်။ ပြည်တွင်း၊ ပြည်ပပွဲစားများလက်ထဲကို စီမံကိန်းတွေရောက်မသွားအောင် အထူးသတိပြုရပါမယ်။ ဒီလောက်ရင်းနှီးမြှုပ်နှံမှုကြီးတဲ့ စီမံကိန်းကြီးတွေကိုလည်း ပြည်သူက စိတ်ဝင်တစားရှိနေကြပါတယ်။            

ရွှေလီ (၃) ရဲ့ အချက်အလက်အချို့ကို ပြောရရင်-

ရွှေလီ (၃) စီမံကိန်းဆိုင်ရာ အဓိကအချက်အလက်များ

-  တပ်ဆင်စက်အင်အား                          ၁၀၅၀ မဂ္ဂါဝပ် (မူလဒီဇိုင်း)

-  တစ်နှစ်ထုတ်လုပ်မည့်ဓာတ်အား             ၃၂၀၀ ကီလိုဝပ်နာရီသန်း

-  တမံအမျိုးအစား                                  R.C.C (Roller Compacted Concrete)

-  တမံအမြင့်                                          ၁၂၀ မီတာ (၃၉၃-ပေ)

-  ကန်ရေပြည့် ရေလှောင်ပမာဏ             ၅၄၆၄ ကုဗမီတာသန်း

                                                            (၄၄ သိန်းဧကပေ)

-  ကန်ရေသေရေလှောင်ပမာဏ               ၁၇၅၄ ကုဗမီတာသန်း

                                                            (၁၄ သိန်းဧကပေ)

-  အကျိုးပြုရေလှောင်ပမာဏ                  ၃၆၁၀ ကုဗမီတာသန်း

                                                            (၂၉ သိန်းဧကပေ)

-  တည်ဆောက်ရေးကာလ                      ၆ နှစ်ခွဲ (မူလရည်မှန်းပြီးစီးမည့်နှစ် ၂၀၁၀ မှ ၂၀၁၈ ခုနှစ်ထိ)

-  စီမံကိန်းကုန်ကျစရိတ်                          ၁၃၅၇ သန်း အမေရိကန်ဒေါ်လာ

-  တစ်မဂ္ဂါဝပ်ကုန်ကျစရိတ်                      ၁.၂၉ သန်း အမေရိကန်ဒေါ်လာ

(၂၀၁၂ ခုနှစ် ပေါက်ဈေးဖြင့် မိတ္ထီလာအထိ ၅၀၀ ကီလိုဗို့နှစ်ထပ် ဓာတ်အားလိုင်းစရိတ်ပါ ထည့်သွင်းတွက်ချက်ထားခြင်းဖြစ်သည်။)

စီမံကိန်းအတွက် နိုင်ငံတော်ကနေ သီးခြားငှားရမ်းထားတဲ့ ဆွစ်ဇာလန် နိုင်ငံက A.F Colenco အတိုင်ပင်ခံအဖွဲ့ဟာ စီမံကိန်း ကာလအတွက် ဆောင်ရွက်ရမယ့် လုပ်ဆောင်ရန်များအားလုံး အသေးစိတ်ဒီဇိုင်းပါ ရေးဆွဲတင်ပြပြီးဖြစ်ပါတယ်။ သူ့ကိုငှားထားတဲ့ ကာလကလည်း စီမံကိန်းလုပ်ဆောင်ဆဲမှာ ကျွမ်းကျင်မှုဆိုင်ရာ စောင့်ကြည့်စစ်ဆေးဖို့၊ စီမံကိန်းရဲ့ ကျွမ်းကျင်မှုဆိုင်ရာ အစီအမံတွေ ကြိုတင်လုပ်ဆောင်ဖို့ပါပဲ။ ဒါပေမဲ့ ငှားရမ်းထားပြီး ဆက်တိုက်လုပ်ဆောင်ရမယ့်အလုပ်တွေကို လက်တွေ့မလုပ်နိုင်တဲ့အတွက် စရိတ်ထောင်းနေတာဟာလည်း နိုင်ငံနစ်နာတာပါပဲ။ စာချုပ်နဲ့လုပ်ရတာဖြစ်တော့ လွယ်လွယ်ရပ်စဲရင် လျော်ရမယ့်ကိစ္စတွေပါ ထည့်တွက်ရမှာဖြစ်သလို နောင်မှာ ဘယ်သူနဲ့ပဲဖက်စပ်လုပ်လုပ် နိုင်ငံဘက်က အတိုင်ပင်ခံပညာရှင်တစ်ဖွဲ့ လိုအပ်မှာဖြစ်တော့ စာချုပ်ကို ရပ်လိုက်ဖို့လည်း မသင့်ပါဘူး။ စီမံကိန်းကိုသာ အမြန်စတင်နိုင်အောင် လုပ်ဖို့ပါပဲ။

စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ထိခိုက်မှုအစီရင်ခံစာကိုလည်း စနစ်တကျပြုစုပြီးပါပြီ။ Colenco နဲ့ တွဲဖက်ပြီး နိုင်ငံတကာမှ သီးခြားကျွမ်းကျင်သူအဖွဲ့ ငှားရမ်းဆောင်ရွက်ခဲ့ပြီး စနစ်တကျကွင်းဆင်းခြင်း၊ ပြန်လည်နေရာချထားရေး၊ ကုစားရေးကိစ္စတွေပါ နေရာထိုင်ခင်းမှအစ သက်ဆိုင်ရာဒေသအာဏာပိုင်တွေ၊ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပြီးလည်း ဖြစ်ပါတယ်။ ရွှေလီ (၃) စီမံကိန်းဆောင်ရွက်ရင် ပြောင်းရွှေ့ပေးရမယ့်ရွာက လေးရွာရှိပါတယ်။ ဒါတွေကတော့-

ရွာအမည်           အိမ်ထောင်စုဦးရေ                     လူဦးရေ

  မိုးလို                           ၃၁၇                             ၁၃၆၉

  နယုတ်                        ၆၇                               ၂၆၇

  ကျူဆာ                        ၇                                 ၃၁

  ရေပူအင်း                     ၂၁                               ၉၃

  စုစုပေါင်း                     ၄၁၂                              ၁၇၆၀

ဒီအထဲမှာ  လယ်ယာလုပ်ငန်းလုပ်ကိုင် စားသောက်သူကနည်းပြီး အထက်ရွှေလီ (၂) ကိစ္စမှာဖော်ပြခဲ့သလို သစ်ခုတ်ပြီး အသက်မွေး နေသူက အများစုပါပါတယ်။ လေးရွာပေါင်းရေမြုပ်မယ့် လယ်ယာ၊ ကိုင်းဟာ ဧက ၄၉၉ ဧကရှိပါတယ်။ ရွှေလီမြစ်ဟာ မိုးရာသီ ရေစီးသန်တယ်၊ နွေမှာရေနည်းတယ်။ ဒါကြောင့် ရွှေလီမြစ်အထက်ပိုင်း စီမံကိန်းဧရိယာများမှာ ငါးလုပ်ငန်းက ဟင်းစားလောက်သာ လုပ်ကြပါတယ်။ ရေဝပ်ဧရိယာတစ်ခု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာရင် သွားရေးလာရေး ပိုမိုလွယ်ကူလာပြီး ရေလုပ်ငန်းကိုပါ စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်လာနိုင်မှာ သေချာပါတယ်။                            

ဆက်လက်ဖော်ပြပါမည်။