စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၆၂)

အင်းလေးကန်နဲ့ မိုးဗြဲဆည်ကို နမူနာထားကြည့်လျှင် သိသာပါတယ်။ ရေရှည်မှာ သစ်တောမပြုန်းတီးရေး၊ ဒေသခံများရဲ့ နေ့စဉ်ဝင်ငွေရရေးကိစ္စတွေကို အသေးစိတ်ညှိနှိုင်းခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ စီမံကိန်းဘယ်တော့ပြီးမလဲဆိုတာ မသိနိုင်တဲ့အတွက် တိတိကျကျ အချိန်ဇယားနဲ့ အကောင်အထည်ဖော်ဖို့ခက်နေပါတယ်။ စီမံကိန်းကို နိုင်ငံတော်က ဆက်လုပ်မှာလား၊ ဖက်စပ်လုပ် မှာလား၊ ပုဂ္ဂလိကက ဆက်လုပ်မှာလား ဆုံးဖြတ်ပြီး မြန်မြန်ဆောင်ရွက်သင့်ပါတယ်။ လုပ်ငန်းသဘာဝကို တိတိကျကျသိပြီး မှန်ကန်တဲ့ ပြည်သူ့အကျိုး၊ ဒေသအကျိုး နှစ်ဖက်အကျိုးရှိမယ့် ဆုံးဖြတ်ချက်တစ်ခု အမြန်ချမှတ်ဖို့ပါပဲ။ ဓာတ်အားထုတ်လုပ်မှုမှာ ရေအားအရင်းအမြစ်ကို အမြင့်ဆုံးအသုံးချနိုင်မှသာ ဓာတ်အားခသက်သာမယ်ဆိုတာလည်း မမေ့ဖို့လိုပါတယ်။ ရေအားအရင်းအမြစ် တစ်ခုကို တစ်နေရာမှာ တစ်ခါသာသုံးလို့ရတာဖြစ်လို့ အမြင့်ဆုံး၊ အကောင်းဆုံး ရလဒ်ရအောင်တော့ တာဝန်ရှိသူများက မျက်ခြည် မပြတ်ဖို့လိုပါတယ်။

ဒီလိုသာလုပ်ရင် ဓာတ်အားတစ်ယူနစ်ကို အများဆုံး 6 UScent အောက်နဲ့ဓာတ်အားစနစ်ထဲကို ဓာတ်အားရောက်ရှိလာမှာပါ။ ရွှေလီ(၁) ၆၀၀ မဂ္ဂါဝပ်၊ ရွှေလီ (၂) ၅၂၀ မဂ္ဂါဝပ်၊ ရွှေလီ(၃) ၁၀၅၀ မဂ္ဂါဝပ်သုံးခုစလုံးဟာ စုစုပေါင်း ၂၁၇၀ မဂ္ဂါဝပ်ဖြစ်ပြီး အဆင့်ဆင့် ရေလွှတ်ချပြီး ပြန်သုံးတဲ့လုပ်ငန်းဖြစ်ပါတယ်။ စီမံကိန်းရဲ့ အောက်ဘက် ၄ မိုင်ခန့်အကွာမှာရှိတဲ့  ရွာဟာလည်း တစ်ချိန်မှာ  မြို့တစ်မြို့အသွင်ထိ  တိုးတက်လာမှာပါ။  ကြိုတင်ပြင်ဆင်မှုတွေအားလုံးလိုလို  ပြီးစီးနေတဲ့စီမံကိန်းကို ရပ်ထားသလိုဖြစ်နေတာ အများကြီးနစ်နာနေပါတယ်။ လက်ရှိ ရွှေလီမြစ်ကူး တန် ၈၀ ခံနိုင်ဝန်တံတားတစ်စင်းကို စီမံကိန်းစရိတ်နဲ့ဆောက်လုပ်ပေးပြီးဖြစ်လို့ မိုးမိတ်နဲ့ မဘိန်းမြို့များဆက်သွယ်ရေးကောင်းပြီး ၂၄ နာရီ ယာဉ်ကြီး၊ ယာဉ်ငယ်များသွားလာနိုင်နေကြပါပြီ။ မဘိန်းမြို့မှ မန္တလေးမြို့ အထိ နေ့ဝက်ခရီးနဲ့သွားလာနိုင်ကြပါပြီ။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အလွန်ကောင်းတဲ့ အခြေခံကောင်းတွေပေါ်မှာ ဖင်ခုထိုင်ပြီးမှ အခွင့်အလမ်းတွေ လက်လွှတ်ခံနေရတာကိုတော့ အကျိုးရှိအောင်လုပ်သင့်ပါပြီ။ ရွှေလီ (၁)(၂)(၃) သုံးခုကထွက်လာမယ့် စုစုပေါင်း နှစ်စဉ်ဓာတ်အားဟာ ရဲရွာစက်ရုံမျိုး သုံးရုံစာပမာဏရှိပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံး ထိန်ထိန်ညီးစေမယ့်   သဘာဝပတ်ဝန်းကျင်နဲ့   လူမှုပတ်ဝန်းကျင် သက်ရောက်မှု အနည်းဆုံးဖြစ်စေမယ့် ရေအားလျှပ်စစ်များ မိမိလက်တစ်ကမ်းမှာ ရှိနေပါလားလို့တွေးရင်း ရွှေလီမြစ်ပေါ်က ရေအားလျှပ်စစ် စီမံကိန်းများအကြောင်းကို နိဂုံးချုပ်ပါတယ်။

အခန်း ( ၂၀ )

ယမ်စီမြစ်ကိုအသုံးချခြင်း

နိုင်ငံတိုင်းဟာ ကိုယ့်နိုင်ငံမှာရှိတဲ့ မြစ်ကြီးတွေကို တန်ဖိုးထားကြတယ်။ အနိမ့်ဆုံးအဆင့် ရွာတစ်ရွာအနီးမှာ စီးဆင်းနေတဲ့ ချောင်းငယ်လေးတစ်ချောင်းကိုပင် အဲဒီရွာတွေက တန်ဖိုးထားကြတယ်၊ ချစ်ခင်နှစ်သက်ကြတယ်။ ဒီနေရာမှာ ဘာကိုတန်ဖိုးလို့ သတ်မှတ်ပြီး ဘာကိုချစ်ခင်တာလဲလို့ မေးရင် စိုက်ပျိုးရေရတာ၊ သောက်ရေသုံးရေမပူရတာ၊ လှေ၊ မော်တော် စတာတွေနဲ့ ခရီးသွားလို့ရတာ၊ စားနပ်ရိက္ခာရတာစတာတွေကို တန်ဖိုးလို့ပဲ ပြောကြမှာပါ။ အဲဒီမြစ်/ချောင်းနဲ့ ဝေးတဲ့နေရာက လူအချို့က ချစ်တယ်ဆိုတာတွေကတော့ ခံစားမှုတစ်ခုပဲဖြစ်မှာပါ။ မြစ်ချောင်းမရှိတဲ့အပူပိုင်းဒေသက လူတွေ၊ စားဝတ်နေရေးကို ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ရွာတွေက ဒေသခံတွေကို မေးကြည့်ရင်လည်း ရေမရှိတဲ့ တံလျှပ်တွေထနေတဲ့ ကွင်းပြင်ကြီးတွေကိုလည်း ချစ်ခင်နေကြတာပါပဲ။ မီးအလင်းရောင်မရှိတဲ့ဒေသက ဒေသခံတွေ ရေတစ်စည်ရဖို့ တစ်နေကုန် အချိန်ပေး ခပ်နေရသူတွေ မေးကြည့်ရင်လည်း သူ့ဝန်းကျင်ကို  သူချစ်မြတ်နိုးနေကြတာပါပဲ။

ကိုယ့်ဒေသမှာ  ကောင်းတာရော ဆိုးတာပါ သတိတရရှိကြတယ်ဆိုတာ လူတိုင်းမှာရှိနေတဲ့ ပုံမှန်ခံစားမှုပါပဲ။ ဥတုကြောင့် မြစ်ချောင်း တွေ ရေကြီးရေလျှံပြီး ဒုက္ခသည်တွေ ဖြစ်ကုန်ပြီဆိုတဲ့အချိန်မှာ ဒီချစ်စရာကောင်းတဲ့မြစ်တွေ၊ ချောင်းတွေဟာ ကြောက်စရာ ဖြစ်ကုန်တာပါပဲ။ ဒီကြောက်စရာတွေ ကျော်လွန်သွားတဲ့အခါမှာလည်း ဒီဒေသဝန်းကျင်မှာပဲ ကျင်လည်နေကြပြန်ပါတယ်။ မြစ်ချောင်းတွေရဲ့  ပုံမှန်နှစ်စဉ်ရေကြီးရေလျှံပမာဏကို မှန်းဆလို့ရလို့ ကြိုတင်ပြင်ဆင်နိုင်ကြပေမယ့် နှစ် ၅၀ တစ်ကြိမ်၊ နှစ် ၁၀၀ တစ်ကြိမ်၊ နှစ် ၁၀၀၀ တစ်ကြိမ်လောက်သာ ဖြစ်ပေါ်လာတတ်တဲ့  ရေကြီးရေလျှံဒုက္ခမျိုး  ဒါမှမဟုတ် အချို့နှစ်တွေမှာ ရေခန်း ခြောက်ခြင်းဒုက္ခမျိုးတွေနဲ့တွေ့ရပြီဆိုရင်တော့ မှန်းဆလို့မရလောက်အောင် လူမှုစီးပွားတွေပျက်စီးကြ၊ ဘေးဒုက္ခရောက် ကြရတော့ တာပဲ။ ဒီလိုပျက်စီးဆုံးရှုံးမှုဖြစ်နေတဲ့ ဒေသတွေရဲ့ စီးပွားရေး၊ လူမှုရေးတွေဟာ သမင်မွေးရင်း ကျားစားရင်းဖြစ်နေကြပါတော့တယ်။

ဒီနေ့ မြို့ကြီးပြကြီးတွေ ခေတ်မီတိုးတက်လာနေတဲ့အချိန်၊ လူဦးရေထူထပ်လာနေတဲ့အချိန်မှာ နိုင်ငံအများစုမှာ ဒါတွေကို ဒီလို သဘာဝအတိုင်း အလှထိုင်ကြည့်မနေကြတော့ပါဘူး။ ဖြစ်ချင်ရာဖြစ်နေတဲ့သဘာဝကို နည်းပညာတွေသုံးပြီး ဒုက္ခမကြုံရအောင် ဘယ်လိုကြိုတင်ကာကွယ်မလဲဆိုတာ စဉ်းစားလာကြပါတယ်။ ဒီလိုကာကွယ်မှုလုပ်ရာမှာလည်း ကာကွယ်ရုံမဟုတ်ဘဲ ပိုပြီး အကျိုးဖြစ်ထွန်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားနေကြပါပြီ။                  

ဆက်လက်ဖော်ပြပါမည်။