ဖိလစ်ပိုင်နှင့် သြစတြေးလျတို့က တောင်တရုတ်ပင်လယ်တွင် ပူးပေါင်းကင်းလှည့်ရန်ဆွေးနွေး

ဖိလစ်ပိုင်နှင့် သြစတြေးလျတို့က တောင်တရုတ်ပင်လယ်တွင် ပူးပေါင်းကင်းလှည့်ရန်ဆွေးနွေး

ဖိလစ်ပိုင်နှင့်သြစတြေးလျနိုင်ငံတို့သည် တောင်တရုတ်ပင်လယ်အတွင်းရှိ ရေပြင်တွင် ပူးပေါင်းကင်းလှည့်ရန် ဆွေးနွေးလျက်ရှိကြောင်း  ဖိလစ်ပိုင်နိုင်ငံက ဖေဖော်ဝါရီ၂၂ရက်တွင်ထုတ်ပြန်သည်။

ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ကာလီတိုဂါးဗက်ဇ်သည် မနီလာမြို့တော်သို့အလည်အပတ်ရောက်ရှိနေသည့်   သြစတြေးလျ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးရစ်ချက်မားလ်နှင့်တွေ့ဆုံပြီး အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်းပူးတွဲရေကြောင်းကင်းလှည့်မည့်အစီအစဉ်နှင့် စပ်လျဉ်း၍   ဆွေးနွေးခဲ့ကြောင်း၊ ဖိလစ်ပိုင်နှင့်  သြစတြေးလျနိုင်ငံတို့သည် ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ အပေါ်အခြေခံထားသည့် စနစ်ကို လိုက်နာကျင့်သုံးလျက်ရှိကြောင်း  ရစ်ချက်မားလ်က ပြောသည်။

ဖိလစ်ပိုင်နိုင်ငံသည်   အမေရိကန်ပြည်ထောင်စုနှင့် သြစတြေးလျနိုင်ငံတို့နှင့် စစ်ရေးမဟာမိတ်ဖွဲ့ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယင်းသုံးနိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသတွင်း၌ လွတ်လပ်ပြီးပွင့်လင်းမှုရှိသော ဒေသအဖြစ် ဖော်ဆောင်နိုင်ရေးအတွက် လုံခြုံရေးဆက်ဆံမှုကိုတိုးမြှင့်လျက်ရှိသည်။

ဖိလစ်ပိုင်နှင့်   အမေရိကန်တို့သည်တောင်တရုတ်ပင်လယ်အတွင်း အလားတူကင်းလှည့်မှုများလုပ်ဆောင်ရန် စေ့စပ်ဆွေးနွေးမှုများကို    အစောပိုင်းတွင် လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

ရစ်ချက်မားလ်သည်  ၎င်း၏ဖိလစ်ပိုင်ခရီးစဉ်အတွင်း သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာအပါအဝင် ဖိလစ်ပိုင်အစိုးရအဖွဲ့မှ အရာရှိကြီးများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

Ref:ST