ရုရှား-တရုတ်ပူးပေါင်းဆောင်ရွက်မှုက နိုင်ငံတကာအခြေအနေများကို တည်ငြိမ်အောင်လုပ်ဆောင်ရာတွင်  အလွန်အရေးပါဟု ဗလာဒီမာပူတင်ပြော

ရုရှား-တရုတ်ပူးပေါင်းဆောင်ရွက်မှုက နိုင်ငံတကာအခြေအနေများကို တည်ငြိမ်အောင်လုပ်ဆောင်ရာတွင်  အလွန်အရေးပါဟု ဗလာဒီမာပူတင်ပြော

ရုရှား-တရုတ်ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံတကာတွင်ဖြစ်ပွားနေသည့်  အခြေအနေများကို တည်ငြိမ်အောင်လုပ်ဆောင်ရာတွင် အလွန်အရေးပါကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောသည်။

ရုရှားနှင့်တရုတ်နှစ်နိုင်ငံကြား ဆက်ဆံရေးသည် ပြီးခဲ့သည့်နှစ်များအတွင်း စီစဉ်ထားသည့်အတိုင်း တိုးတက်ကောင်းမွန်လာပြီး နှစ်နိုင်ငံကြားကုန်သွယ်ရေးသည် လာမည့်၂၀၂၄ ခုနှစ်အစောပိုင်းတွင်   ဒေါ်လာ၂၀၀ ဘီလီယံအထိရောက်ရှိလာမည်ဖြစ်ကြောင်း သမ္မတပူတင်က တရုတ်ဗဟိုနိုင်ငံခြားရေး ကော်မရှင် ညွှန်ကြားရေးမှူး ဝမ်ယိနှင့်တွေ့ဆုံစဉ်    ပြောကြားခြင်းဖြစ်သည်။

ထို့ပြင် ရုရှားနိုင်ငံအနေဖြင့်  နိုင်ငံအတွင်းသို့လာရောက်မည့် တရုတ်သမ္မတရှီကျင့်ဖျင်၏ ခရီးစဉ်ကို စောင့်ဆိုင်းလျက်ရှိကြောင်း၊သမ္မတရှီ၏ အဆိုပါခရီးစဉ်သည် နှစ်နိုင်ငံကြားဆက်ဆံရေးအား    ပိုမိုတိုးတက်ကောင်းမွန်လာစေမည်ဖြစ်ကြောင်း သမ္မတပူတင်က   ဆက်လက်ပြောကြားသည်။

အလားတူပင်    တရုတ်နိုင်ငံအနေဖြင့်လည်း နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုနှင့် ကဏ္ဍအားလုံးတွင်   ရုရှားနိုင်ငံနှင့် မဟာဗျူဟာမြောက်ဆက်ဆံရေး  ပိုမိုတိုးတက်ကောင်းမွန်လာစေရေး လုပ်ဆောင်ရန်အသင့်ရှိပြီး  တစ်ကမ္ဘာလုံးဖွံ့ဖြိုး တိုးတက်ရေးကို တိုးမြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း  ဝမ်ယိက သမ္မတပူတင်အား တုံ့ပြန်ပြောကြားသည်။

ရုရှားနှင့်တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးသည် ပြီးခဲ့သည့်၂၀၂၂ ခုနှစ်တွင် ဒေါ်လာ၁၈၅ ဘီလီယံအထိမြင့်တက်လာကြောင်း သိရသည်။               

                       Ref: Sputnik