စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၆၃)

တန်ဖိုးထားနေပါတယ်ဆိုတဲ့၊ ချစ်နေပါတယ်ဆိုတဲ့ မြစ်တွေ၊ ချောင်းတွေ ကြောင့် မိမိဒေသ၊ မိမိနိုင်ငံ၊ မိမိကမ္ဘာအတွက် ကြုံလာမယ့် အန္တရာယ်ကို လည်းကာကွယ်ရင်း ပိုပြီးအကျိုးရှိအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ စဉ်းစားလာနေကြပါပြီ။

စာဖတ်ပရိသတ်လည်း ကြားဖူးနားဝရှိပြီး အိမ်နီးချင်းနိုင်ငံကြီးမှာရှိနေ တဲ့ မြစ်တစ်စင်းအကြောင်း နမူနာထားပြီး စဉ်းစားကြည့် ရအောင်ပါ။ အဲဒီမြစ်ကတော့ တရုတ်နိုင်ငံက ယမ်စီ (Yangtze) မြစ်ပါပဲ။

ယမ်စီ (Yangtze) ကိုလေ့လာမယ်

ယမ်စီမြစ်ဟာ တရုတ်နိုင်ငံအနောက်ဖျားက တိဘက်ကုန်းပြင်မြင့်ကို မြစ်ဖျားခံပြီး မဲခေါင်မြစ်၊ သံလွင်မြစ်တို့နဲ့အပြိုင် မြစ်သုံးစင်း စတင်စီးဆင်း လာပါတယ်။ သို့သော် သံလွင်နဲ့မဲခေါင်မြစ်က တောင်ဘက်အရပ်သို့ ဖြောင့် ပြီးစီးဆင်းသွားပေမယ့် ယမ်စီမြစ်ကတော့ တရုတ်နိုင်ငံ အရှေ့မြောက်ဘက် ကို ဦးတည်ပြီး ဆက်လက်စီးဆင်းသွားတယ်။ နောက်ဆုံးမှာ အရှေ့တရုတ် ပင်လယ်ပြင်ထဲကို ရှန်ဟိုင်း (Shanghai) မြို့ မြောက်ဘက်ဘေးကနေ စီးဝင်သွားတယ်။ တရုတ်နိုင်ငံထဲမှာ အနောက်ဘက်ကနေ အရှေ့-အရှေ့ မြောက်ဘက်ကို စီးဆင်းနေတဲ့ မြစ်ဝါမြစ် (Yellow River) ဟာလည်း ယမ်စီမြစ်ရဲ့မြောက်ဘက်ကနေ အပြိုင်စီးဆင်းပြီး အရှေ့တရုတ်ပင်လယ် ထဲကို စီးဝင်သွားတဲ့မြစ်ပါပဲ။

ဖော်ပြခဲ့တဲ့ယမ်စီမြစ်ဟာ ကမ္ဘာ့အဆင့်နံပါတ် (၃) အကြီးဆုံးမြစ်ဖြစ် ပြီး မြစ်ဝါမြစ်ဟာ ကမ္ဘာ့အဆင့်နံပါတ် (၆) အကြီးဆုံး ဖြစ်ပါတယ်။ တိဘက် ကုန်းပြင်မြင့်ကနေ သံလွင်၊ မဲခေါင်၊ ယမ်စီဆိုပြီး စီးဆင်းလာရာ အစပိုင်း ဟာ မြင့်မားတဲ့တောင်တန်းများ ကြားထဲက စီးဆင်းခဲ့တာဖြစ်တယ်။ ယမ်စီ မြစ်ဆိုရင် စတင်မြစ်ဖျားခံရာဒေသဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၇၀၀၀ ခန့် (မီတာ ၅၀၀၀ ကျော်) ကနေ  စတင်ခဲ့တာဖြစ်တယ်။ စီးဆင်းလာတဲ့ ဒေသဝန်းကျင်ဟာ သစ်တောများ၊ ရေခဲတောင်များ၊ သဘာ၀ တောတိရစ္ဆာန်များ ရှားပါးစွာတည်ရှိနေတာကြောင့် သံလွင်၊ မဲခေါင်၊ ယမ်စီမြစ်သုံးစင်းရဲ့ အဖျားပိုင်းတွေကို ပြင်သစ်မှာ အခြေစိုက်တဲ့ United Nations Educational, Scientific and Cultural Organization (UNESCO) က ကမ္ဘာ့သဘာဝ ရှေးဟောင်း အမွေအနှစ် ဧရိယာအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီဒေသတွေက သဘာဝအတိုင်းသာရှိနေတဲ့အတွက် ကောင်းတာတွေရှိသလို ကြိုတင်ကာကွယ် တာတွေ ဝင်ရောက်လုပ်ဆောင် လို့မရတော့လို့ ရာသီဥတုအခြေအနေ တစ်ခုခုပြောင်း ပြီဆိုရင် ကြီးမားတဲ့ အကျိုးဆက်ကို မြစ်အောက်ဘက်က မြို့တွေ၊ ရွာတွေက ခံစားကြရတော့ တာပါပဲ။ သံလွင်နဲ့မဲခေါင်မြစ်ကတော့ မြစ်ဖျားတစ်လျှောက် မြင့်မားတဲ့ တောင် များနဲ့သာခြံရံပြီး စီးဆင်းလာရာမှာ လူဦးရေထူထပ်တဲ့ ကြီးမားတဲ့မြို့ကြီးတွေ မရှိသလောက် ဖြစ်ပေမယ့် ယမ်စီမြစ်ကတော့ ဒီလိုမဟုတ်ပါဘူး။ တရုတ် အရှေ့မြောက်ဒေသကနေ  လွတ်ပြီဆိုတာနဲ့  တရုတ်အလယ်ပိုင်းမှာ မြေပြန့်လွင်ပြင်အများစုကို ဖြတ်သန်း စီးဆင်းတော့တာပါပဲ။ ဒီမြစ်ကြီးရဲ့ ကမ်းနဖူးမှာ အလွန်ကြီးမားတဲ့မြို့တွေရှိနေပြီး တစ်မြို့စီမှာ လူဦးရေက သန်းပေါင်းများစွာ နေထိုင်နေကြပါတယ်။ ယမ်စီမြစ်ကမ်းဘေးမှာဆိုရင် Yibin, Luzhou, Chongqing, Wanzhou, Yichang, Tingzhou, Yueyang, Wuhan, Jiujiang, Anqing, Jonling, Wuhu, Nanjing, Zhenjiang, Nantong နဲ့  Shanghai ဆိုတဲ့ ကြီးမားတဲ့မြို့ကြီး ၁၆ မြို့ တည်ရှိနေပါတယ်။ ထူးခြားတာက ယမ်စီမြစ်ထဲကိုစီးဝင်လာတဲ့မြစ်ကြီးတွေ ကလည်း ဧရာမမြစ်ကြီးတွေပါပဲ။ ဧရာမမြစ်ကြီး တွေလို့ပြောရတာက မြန်မာ နိုင်ငံက ချင်းတွင်းတို့၊ သံလွင်တို့လိုမြစ်တွေထက် ကြီးနေကြလို့ပါ။ ဒီမြစ်တွေ ကတော့ လက်ဝဲဘက်မှာ Yanlong, Min, Tuo, Jialing, Han စတဲ့ မြစ်တွေစီးဝင်လာပြီး လက်ယာဘက်မှာတော့  Wu, Yuan, Zin, Xiang, Gan, Huangpu စတဲ့မြစ်တွေ စီးဝင်နေပါတယ်။

ဒါတွေပေါင်းလိုက်တဲ့အတွက် ယမ်စီမြစ်ရဲ့ နှစ်စဉ်ပျမ်းမျှရေထုစီးနှုန်း က ၃၀၁၆၆ ကုဗမီတာ/စက္ကန့် (၁၀၆၅၃၀၂ ကုဗပေ/စက္ကန့်) ထိ ကြီးမား သွားပါတယ်။ မြင်သာအောင်နှိုင်းယှဉ်ပြရရင် မြန်မာနိုင်ငံ ဧရာဝတီမြစ်ရဲ့ နှစ်စဉ်ပျမ်းမျှရေထုစီးနှုန်းဟာ ၁၃၀၀၀ ကုဗ မီတာ/စက္ကန့် (၄၅၉၀၉၁ ကုဗပေ/စက္ကန့်) ရှိတဲ့အတွက် ဧရာဝတီမြစ် ပျမ်းမျှရေထုစီးနှုန်းထက် နှစ်ဆခွဲနီးပါး ရှိနေပါတယ်။ ယမ်စီမြစ်ရဲ့ အလျားဟာ ကမ္ဘာ့နံပါတ် (၃) အဆင့်နဲ့အညီ ၃၆၁၇ မိုင် (၆၃၈၀ ကီလိုမီတာ) ရှည်လျားပါတယ်။ ဧရာဝတီမြစ်ရဲ့အလျားဟာ ၁၃၇၃ မိုင် (၂၂၁၀ ကီလိုမီတာ) ရှည်လျားတဲ့ အတွက် ယမ်စီမြစ်ဟာ ဧရာဝတီမြစ်ရဲ့အလျားထက် ၃ ဆခန့် ပိုပြီးရှည်တဲ့ မြစ်တစ်စင်းပါပဲ။ နောက်ထပ်ထူးခြားတာက ကမ္ဘာပေါ်မှာ ကိုယ့်နိုင်ငံထဲမှာ မြစ်ဖျားခံပြီး ကိုယ့်နိုင်ငံပိုင် ပင်လယ်မှာပဲ အဆုံးသတ်သွားကြတဲ့မြစ်တွေ ထဲမှာ ယမ်စီမြစ်ဟာ ကမ္ဘာ့အရှည်ဆုံးမြစ်ပါပဲ။ နိုင်းမြစ်၊ အမေဇုံမြစ်တွေ လို အပြည်ပြည်ဆိုင်ရာမြစ် (International River) မျိုးမဟုတ်ပါဘူး။ မြန်မာတွေက ဧရာဝတီမြစ်ကို အမိဧရာဝတီလို့စာဖွဲ့ရင် တရုတ်တွေက လည်း အမိယမ်စီမြစ်လို့ ခေါ်လို့ရတဲ့အပြင် ကမ္ဘာ့အရှည်ဆုံးပြည်တွင်းမြစ် ဖြစ်လို့ ပိုပြီးဂုဏ်ယူလို့ရပါတယ်။

ဒီလောက်ကြီးမားတဲ့ ယမ်စီမြစ်ဟာ တရုတ်တွေကို နှစ်ပေါင်းများစွာ စိုက်စရာ၊ သောက်စရာ၊ သုံးစရာ ရေတွေပေးတယ်၊ စားစရာတွေ ပေးတယ်၊ မြေပြန့်ဒေသတွေမှာ ကုန်စည်ကူးသန်းတဲ့လမ်းအဖြစ် ခွင့်ပြုတယ်၊ မျိုးစုံ သုခတွေပေးနေသော်လည်း အချို့သော နှစ်များမှာ လူသန်းပေါင်းများစွာရဲ့ အသက်အိုးအိမ်၊ စားနပ်ရိက္ခာတွေကို ဒုက္ခပေးခဲ့တာလည်း ကြုံခဲ့ကြရတယ်။ ကောင်းတာတွေ စံစားရသလို ဒုက္ခရောက်ပြီဆိုတော့လည်း ခံစားကြရတယ်။ ဖော်ပြခဲ့တဲ့ ယမ်စီမြစ်ဘေးတစ်လျှောက်က မြို့တွေမှာနေတဲ့ လူဦးရေကို ပေါင်းရင် မြန်မာတစ်နိုင်ငံလုံးက လူဦးရေထက် များနေပါတယ်။ ဒီမြစ်ကြီးက ဒီလူဦးရေကို လုပ်ကျွေးနေတယ်လို့ပြောချင်ရင် ပြောလို့ရ ပေမယ့် ဆုံးရှုံးပြီဆိုရင်တော့ အတိုင်းအဆမရှိပါပဲ။

ယမ်စီမြစ်ရဲ့ဒုက္ခများ

ဒုက္ခတချို့ကို နမူနာပြောရရင် ၁၉၅၄ ခုနှစ်မှာ ယမ်စီမြစ် အကြီးအကျယ် ရေကြီးပါတော့တယ်။ လူ ၃၃၁၆၉ ဦး သေဆုံးပြီး ၁၉ သန်းလောက် ဘေးလွတ်ရာရွှေ့ခဲ့ရတယ်။ ၁၉ သန်းဆိုတာ ယနေ့မြန်မာ့လူဦးရေရဲ့ သုံးပုံတစ်ပုံကျော်ရှိတယ်။ အဲဒီကာလကဆိုရင် တော့ မြန်မာတစ်နိုင်ငံလုံး လူဦးရေလောက်ပေါ့။

ဆက်လက်ဖော်ပြပါမည်။

မော်သာထွေး(မန္တလေး)