နိုင်ငံ၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုကာကွယ်ရန် နျူကလီးယားလက်နက် စွမ်းဆောင်ရည်ကို မြှင့်တင်မည်ဟု ဗလာဒီမာပူတင်ပြော

နိုင်ငံ၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုကာကွယ်ရန် နျူကလီးယားလက်နက် စွမ်းဆောင်ရည်ကို မြှင့်တင်မည်ဟု ဗလာဒီမာပူတင်ပြော

ရုရှားနိုင်ငံအစိုးရအနေဖြင့်  နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ကာကွယ်ရန်အတွက် မဟာဗျူဟာမြောက် ဒုံးကျည်များအပါအဝင် နျူကလီးယားလက်နက်စွမ်းဆောင်ရည်ကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်ကပြောသည်။

ရုရှားနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်များ၏စွမ်းဆောင်ရည်တိုးမြှင့်ရေးကို ယခင်ကထက်ပိုမိုဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြေပြင်အခြေပြု၊ရေငုပ်သင်္ဘောအခြေပြု ဒုံးကျည်များနှင့်နျူကလီးယား သယ်ဆောင်နိုင်သည့် ဗုံးကြဲလေယာဉ်များစသည့်  နျူကလီးယားလက်နက်စနစ်သုံးမျိုးကို ရည်ညွှန်းကိုးကား၍ ဖေဖော်ဝါရီ ၂၃ ရက်တွင် ကျင်းပသည့်အဖနိုင်ငံတော်အား ကာကွယ်သူများဟု အမည်ပေးထားသည့်  အခမ်းအနားတွင် ဒုတိယကမ္ဘာစစ်ပြန်များအား ပြောကြားသည့် မိန့်ခွန်းတွင် သမ္မတပူတင်က ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ထို့ပြင်   ရုရှားအစိုးရသည်နိုင်ငံ၏ ဒုံးကျည်စွမ်းဆောင်ရည်ကိုတိုးမြှင့်သည့် အနေဖြင့်  RS-28 Sarmat အမျိုးအစား တိုက်ချင်းပစ်ဒုံးကျည်များကို  တိုက်ပွဲဝင်နိုင်စေရန် ဖြန့်ကြက်မည်ဖြစ်ပြီး အသံထက်မြန်သည့်လက်နက်စနစ်များအား  ပိုမိုထုတ်လုပ်ရေးကို  တွန်းအားပေးလုပ်ဆောင်သွားမည်ဖြစ်သည်။ အလားတူပင်နိုင်ငံ၏ နောက်ဆုံးထုတ်လုပ်ထားသည့် Emperor Alexander III နျူကလီးယားစွမ်းအင်သုံး ပဲ့ထိန်းဒုံးကျည်တပ် ရေငုပ်သင်္ဘောတစ်စင်း ကိုလည်း တပ်တော်ဝင်မည်ဖြစ်သည်။

ရုရှားနိုင်ငံသည် လာမည့်သုံးနှစ်အတွင်း၌  အလားတူ ပဲ့ထိန်းဒုံးကျည်တပ်ရေငုပ်သင်္ဘောသုံးစင်းအားရေတပ်သို့ ဖြန့်ကြက်သွားမည်ဖြစ်ကြောင်း  သမ္မတပူတင်က ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။

Ref: Sputnik