နေရပ်စွန့်ခွာသူများကိုပြန်လည်လက်ခံဖို့ ရှေ့ပြေးစမ်းသပ်စီမံကိန်းတစ်ရပ်အနေနဲ့ လူတစ်ထောင်ကျော်ကို စတင်ပြီးပြန်လည် လက်ခံနိုင်ဖို့ ညှိနှိုင်းပြင်ဆင်ဆောင်ရွက်နေတာရှိပါတယ်

နေရပ်စွန့်ခွာသူများကိုပြန်လည်လက်ခံဖို့ ရှေ့ပြေးစမ်းသပ်စီမံကိန်းတစ်ရပ်အနေနဲ့ လူတစ်ထောင်ကျော်ကို စတင်ပြီးပြန်လည် လက်ခံနိုင်ဖို့ ညှိနှိုင်းပြင်ဆင်ဆောင်ရွက်နေတာရှိပါတယ်

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာနမှ တာဝန်ခံ အရာရှိတစ်ဦးနှင့် အမေးအဖြေကဏ္ဍ

မေး။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာသွားတာနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောဆို နေကြတာ ရှိပါတယ်။ ဒါကြောင့် အဲဒီအချိန်က ဖြစ်ခဲ့တဲ့ဖြစ်စဉ်ကို ဦးစွာ ပြန်လည်ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ခွာသွားတဲ့ဖြစ်စဉ်ကို အထူးသဖြင့် ပြည်ပမီဒီယာများက ၂၀၁၇ ခုနှစ်ကတည်းက အမျိုးမျိုး ဖော်ပြပြောဆိုနေခဲ့ကြတာပါ။ တကယ်တော့ အဲဒီလိုပြောခဲ့တာတွေဟာ အမှန်တကယ် မြေပြင်မှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေမဟုတ်ဘဲ နိုင်ငံရေးရည်ရွယ်ချက်နဲ့ တစ်ဖက်သတ် လိုရာဆွဲ ပုံဖော်ရေးသားခဲ့ကြတာဖြစ်ပါတယ်။

ထိုစဉ်ကဖြစ်ပေါ်ခဲ့တဲ ပကတိအခြေအနေ မှန်ကတော့ ၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ် သြဂုတ်လတို့မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းများနဲ့ တပ်စခန်းကို အစွန်းရောက်ဘင်္ဂါလီများနဲ့ အာဆာအကြမ်းဖက်အဖွဲ့ဝင်များက ကြိုတင် အကွက်ချစီစဉ်တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုတွေ    မအောင်မြင်တော့မှ ဒေသခံရွာသားတွေကို    ခြိမ်းခြောက်ပြီး သူတို့ရွာတွေကို   စွန့်ခွာထွက်ပြေးအောင် စနစ်တကျ လှုံ့ဆော်ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။ ပထမအကြိမ်တုန်းက ၂၀၁၆ ခုနှစ်   အောက်တိုဘာလ  ၉  ရက်မှာ မောင်တောမြို့နယ် အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ဌာနချုပ်(ကျီးကန်းပြင်)ကို အကြမ်းဖက်အင်အား ၉၀၊ ငါးခူရနယ်မြေရဲစခန်းကို အကြမ်းဖက်အင်အား ၃၀၀၊ ရသေ့တောင်မြို့နယ် ကိုးတန်ကောက် နယ်ခြားစောင့်ရဲကင်းစခန်းကို အကြမ်းဖက်အင်အား  ၂၀ လောက်နဲ့ သေနတ်၊ ဓား၊ လှံ၊ ဂျင်ကလိစတဲ့ လက်နက်တွေအသုံးပြုကာ ရုတ်တရက်ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါဖြစ်စဉ်များအတွင်းမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ရပြီး လက်နက်ခဲယမ်းတွေ အများအပြားလည်း ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီလို ရဲစခန်းများတိုက်ခိုက်ခံရအပြီးမှာ ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရား ဥပဒေစိုးမိုးရေးအတွက် တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့ အကြမ်းဖက်မှုချေမှုန်းရေးဆောင်ရွက်ရာမှာ အစွန်းရောက် ဘင်္ဂါလီများဟာ အင်အား ၃၀၀ ခန့်မှ ၈၀၀ ခန့်အထိစုဖွဲ့ပြီး ပြန်လည်တိုက်ခိုက်ခဲ့ကြတဲ့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးခဲ့ရတဲ့ ဖြစ်စဉ်အချို့လည်း ရှိခဲ့ပါတယ်။ အဲဒီ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ထိုစဉ်က ဟာရာကာ အယ်လ်ယာကင် (Harakahal-Yin) အမည်နဲ့ လှုပ်ရှားခဲ့ပြီး နောက်ပိုင်း အာဆာ (ARSA)လို့ အမည်ပြောင်းခဲ့တဲ့ အကြမ်းဖက် အဖွဲ့က ဦးစီးပြီးဆောင်ရွက်ခဲ့တာလို့ အာဆာအကြမ်းဖက်အဖွဲ့က ၂၀၁၇ ခုနှစ်  မတ်လ ၂၉ ရက်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီအဖွဲ့ကို ခေါင်းဆောင်ခဲ့သူက ဆော်ဒီအာရေဗျနိုင်ငံမှာနေထိုင်ခဲ့တဲ့ ဘင်္ဂါလီနွယ်ဖွား အာတာအူလာဆိုသူဖြစ်ပါတယ်။

ပထမအကြိမ်မှာ အသင့်အတင့်အောင်မြင်မှုရလာတော့ ARSA  အကြမ်းဖက်သမားတွေ   အားတက်လာပြီး  ဒုတိယအကြိမ် တိုက်ခိုက်မှု အနေနဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်မှာ ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းမှာရှိတဲ့ ရဲကင်းနဲ့ ရဲစခန်း ၃၀ အပြင် နယ်မြေခံ တပ်စခန်း တစ်ခုကိုပါ စည်းရုံးလေ့ကျင့်ထားတဲ့ ရွာသားတွေအပါအဝင် အင်အားထောင်ပေါင်းများစွာနဲ့ တစ်ပြိုင်တည်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြန်ပါတယ်။ ဒီဖြစ်စဉ်တွေမှာ  တပ်မတော်သား ၂  ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်း ၁ ဦးကျဆုံးခဲ့ရပါတယ်။ အာဆာအကြမ်းဖက်အဖွဲ့ဝင်များဟာ ရဲစခန်းများနှင့် တပ်စခန်းကိုသာမက ကျေးရွာများကိုလည်း တိုက်ခိုက်/ မီးရှို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အာဆာ အကြမ်းဖက်အဖွဲ့ဝင်တွေက ၎င်းတို့ ဇာတ်တိုက် ထားတဲ့အတိုင်း ကိုယ့်ရွာကို ကိုယ်တိုင် မီးရှို့တာ၊ ဒေသခံတိုင်းရင်းသားတွေနှင့် ဟိန္ဒူ မိသားစုဝင်တွေရဲ့ နေအိမ်တွေကို မီးရှို့တိုက်ခိုက်တာ၊ အကြမ်းဖက် သတ်ဖြတ်တာတွေ လုပ်ခဲ့ပါတယ်။ အဲဒီလို အကြမ်းဖက်တိုက်ခိုက်မှုများအနက် ရဲဘောက်ကျကျေးရွာမှ ဟိန္ဒူဘာသာဝင် ၁၀၀ ခန့်ကို အာဆာ အကြမ်းဖက်ဝင်များက အုပ်စုလိုက် ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။ အရွယ်ကောင်း ဟိန္ဒူအမျိုးသမီး ၈ ဦးကိုတော့ အတင်းအဓမ္မ ဘာသာပြောင်းခိုင်းပြီး တစ်ဖက်နိုင်ငံကို ခေါ်ဆောင်သွားခဲ့ပါတယ်။ တခြားဟိန္ဒူဘာသာဝင် ၃၀၀ ကျော်ကိုလည်း ခြိမ်းခြောက်ပြီး  ခေါ်သွားပါသေးတယ်။ ဒီဖြစ်စဉ်ကို ထိခိုက်နစ်နာသူ ဟိန္ဒူဘာသာဝင်များက သတင်းပေးခဲ့တဲ့အတွက် တာဝန်ရှိသူ များက ရဲဘောက်ကျကျေးရွာ အနီးတစ်ဝိုက်ရှာဖွေခဲ့ရာမှာ ဟိန္ဒူဘာသာဝင်အလောင်း ၄၅ လောင်းကို ပြန်လည်တူးဖော်နိုင်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။ အာဆာအကြမ်းဖက်အဖွဲ့အနေနဲ့ ဒီလိုမျိုး အကြမ်းဖက်သတ်ဖြတ်မှုများပြုလုပ်ခြင်း၊ အခြားဘင်္ဂါလီများကို စည်းရုံး/ခြိမ်းခြောက်ဖိအားပေးခြင်း စတာတွေပြုလုပ်ခဲ့တာကြောင့် ဘင်္ဂါလီများ  အလုံးအရင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ခွာ ခဲ့ရာမှ နေရပ်စွန့်ခွာသူများအရေး  ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အာဆာအကြမ်းဖက်အဖွဲ့ဝင်များရဲ့ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ဖိအားပေးမှုများ၊ ခြိမ်းခြောက်မှုများ၊ သတ်ဖြတ်မှုများ၊ နေအိမ်များကို ကိုယ်တိုင်မီးရှို့မှုများ ပြုလုပ်ခဲ့တဲ့  မြေပြင်အခြေအနေမှန်ကို ပြည်ပမီဒီယာတွေက ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ပြီး ၎င်းတို့တစ်ဖက်သတ်လိုရာဆွဲ၍ မြန်မာဘက်ရဲ့ဆောင်ရွက်မှုကြောင့် နေရပ်စွန့်ခွာသွားကြတဲ့ ပုံမျိုးရေးသားဖော်ပြနေကြသလို နိုင်ငံရေးအရ မြန်မာနိုင်ငံကို ဖိအားပေးနိုင်ဖို့အတွက်လည်း မြေပြင်မှာ ဖြစ်ပေါ်ခဲ့ခြင်းမရှိတဲ့ ကိစ္စရပ်များကို  ပုံကြီးချဲ့ခြင်း၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခအသွင်ပုံဖော်ခြင်း စသဖြင့် အမျိုးမျိုးပြောကြားနေကြပါတယ်။

တစ်ဖက်မှာတော့ အာဆာအကြမ်းဖက် အဖွဲ့ဝင်များရဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများနဲ့ ဟိန္ဒူတွေ ထိခိုက်ခံစားခဲ့ရတာတွေကို လုံးဝလျစ်လျူရှုနေကြပြီး ဘယ်ပြည်ပမီဒီယာကမျှ အလေးထားဖော်ပြခဲ့ခြင်းမရှိတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

မေး။ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေကိုလည်း ပြောပြပေးစေလိုပါတယ်။

ဖြေ။ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် ဖြစ်စဉ် နှစ်ခုနောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ခွာသွားတဲ့ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံနိုင်ရေးအတွက်  မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပါတယ်။ နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်မှုတွေအနက် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားတဲ့ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ သဘောတူညီချက်(၃)ရပ်ကို ဦးစွာ ပြောကြားလိုပါတယ်။ နှစ်နိုင်ငံအကြား ပထမဆုံးလက်မှတ်ရေးထိုးခဲ့တဲ့ “ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် Arrangement on Return of Displaced Persons from Rakhine State)” သဘောတူညီချက်ကို ၂၃-၁၁-၂၀၁၇ ရက်မှာ နေပြည်တော်၌ နှစ်နိုင်ငံဝန်ကြီးအဆင့်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီနောက် ဒုတိယသဘောတူညီချက်ဖြစ်တဲ့ “ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများအား  ပြန်လည်လက်ခံရေးအတွက်ဖွဲ့စည်းထားသော မြန်မာ-ဘင်္ဂလား ဒေ့ရှ်ပူးတွဲလုပ်ငန်းအဖွဲ့အတွက် လုပ်ငန်းလမ်းညွှန် (Terms of Reference (TOR) for the Joint Working Group on the Repatriation of Displaced Myanmar Residents from Bangladesh)” ကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်အဆင့်က ၁၉-၁၂-၂၀၁၇ ရက်မှာ ဒါကာမြို့မှာ တတိယ သဘောတူညီချက်ဖြစ်တဲ့ “ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အရ လက်တွေ့ ဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ် (Physical Arrangement for Repatriation of Displaced Myanmar Residents from Bangladesh under the Arrangement on Return of Displaced Persons from Rakhine State)” ကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဆင့်က ၁၆-၁-၂၀၁၈ ရက်မှာ နေပြည်တော်မှာ အသီးသီး လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အဆိုပါနှစ်နိုင်ငံ သဘောတူညီချက်များကိုပဲ အခြေခံပြီး ပြန်လည်လက်ခံရေးလုပ်ငန်းကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံသဘောတူညီချက်များအရ ပြန်လည်လက်ခံရေးဆောင်ရွက်ရာမှာလည်း ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ဖြစ်စဉ်များအပြီးမှာ နေရပ်စွန့်ခွာသွားသူများကိုသာစိစစ်ပြီး ပြန်လည်လက်ခံသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကလည်း နိုင်ငံတော်ရဲ့အကျိုးစီးပွားကို မထိခိုက်ပါက နှစ်နိုင်ငံသဘောတူညီချက်များကို ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားမယ်လို့ ၈-၂-၂၀၂၁ ရက်က ပြောကြားထားပြီးဖြစ်ပါတယ်။ နှစ်နိုင်ငံသဘောတူညီချက်များမှာ ပါဝင်တဲ့အချက်များ အနက် သိရှိထားသင့်တဲ့အချက် တစ်ချက်ကတော့ နေရပ်စွန့်ခွာသူတွေကို သတ်မှတ်ထားတဲ့ ပြန်လည်လက်ခံရေးမူ(၅)ချက်နှင့်အညီ စိစစ်ပြီးမှ ပြန်လည်လက်ခံသွားမှာဖြစ်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီလက်ခံရေးမူ(၅)ချက်ဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြား ၁၉၉၂ ခုနှစ်ကဆောင်ရွက်ခဲ့တဲ့ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်အတွက် သတ်မှတ်ခဲ့တဲ့ စံသတ်မှတ်ချက်(၄)ချက်ကို အချက် ၁ ချက် ထပ်မံတိုးထားတာဖြစ်ပါတယ်။ ယခင်စံသတ်မှတ်ချက် (၄) ချက်ကတော့ “(၁) မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူဖြစ်ရမယ်၊ (၂) မိမိဆန္ဒအရပြန်လာတဲ့သူဖြစ်ရမယ်၊ (၃) ကွဲကွာနေသော  မိသားစုဝင်များ အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတရားရုံးရဲ့ မှန်ကန်ကြောင်း ထောက်ခံချက်ပါရှိရမယ်၊ (၄) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ  မွေးဖွားခဲ့တဲ့ ကလေးတွေဖြစ်ပါက မိဘနှစ်ပါးလုံးဟာ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူတွေဖြစ်ရမယ်” ဆိုတဲ့အချက်တွေဖြစ်ပြီး ထပ်တိုးထားတဲ့ အချက်ကတော့ “နေရပ်စွန့်ခွာသူများက ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရောက်ရှိပြီး မွေးဖွားတဲ့ကလေးများအတွက် မှန်ကန်ကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရုံးရဲ့ထောက်ခံချက်ပါရှိရမယ်” ဆိုတာ ဖြစ်ပါတယ်။

မြန်မာဘက်အနေနဲ့ နှစ်နိုင်ငံသဘောတူညီချက်များနဲ့အညီ နေရပ်စွန့်ခွာသူများကို ပြန်လည်စိစစ်နေတာကိုလည်း ရပ်တန့်ခြင်းမရှိဘဲ အဆိုပါ လက်ခံရေးမူ(၅)ချက်နှင့်အညီ ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိတာကိုလည်း အသိပေးလိုပါတယ်။

ဆက်လက်ပြီး နှစ်နိုင်ငံသဘောတူညီချက်များအရ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ကျင်းပပြုလုပ်နေတဲ့ အစည်းအဝေး တွေနဲ့ ပတ်သက်ပြီး ပြောကြားလိုပါတယ်။ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအတွက် အဓိက ဆွေးနွေးဆောင်ရွက်နေတဲ့ ယန္တရားကတော့ “နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့ (Joint Working Group on the Repatriation of Displaced Myanmar Residents from Bangladesh)” အစည်းအဝေး ဖြစ်ပါတယ်။   

အဆိုပါ နှစ်နိုင်ငံပူးတွဲလုပ်ငန်း အဖွဲ့အစည်းအဝေးများကို ၂၀၁၈ ခုနှစ်အတွင်း ဇန်နဝါရီလ၊ မေလနှင့် အောက်တိုဘာလတို့နဲ့ ၂၀၁၉ ခုနှစ် မေလတို့မှာ အစည်းအဝေး (၄)ကြိမ် ကျင်းပခဲ့ပါတယ်။အဲဒီနောက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အစည်းအဝေးများ ကျင်းပ နိုင်ခဲ့ခြင်းမရှိဘဲ  သုံးနှစ်ကျော်အကြာ ၁၄-၆-၂၀၂၂ ရက်မှာ  နေရပ်စွန့်ခွာသူများ  ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့ရဲ့ ပဉ္စမအကြိမ်အစည်းအဝေးကို နိုင်ငံတော်အစိုးရရဲ့ခွင့်ပြုချက်အရ ဗီဒီယိုကွန်ဖရင့်ဖြင့် ပြန်လည် ကျင်းပနိုင်ခဲ့ ပါတယ်။   

အဆိုပါအစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာန     နိုင်ငံခြားရေးအတွင်းဝန် မစ္စတာမာစွတ် ဘင်မိုမမ်တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပြီး နှစ်နိုင်ငံသက်ဆိုင်ရာ ဝန်ကြီးဌာနများက ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ နေရပ်စွန့်ခွာသူများအား လူဝင်မှုကြီးကြပ် ရေးဆိုင်ရာ စိစစ်ဆောင်ရွက်နေမှုမှာ ကြုံတွေ့ရတဲ့ အခက်အခဲများဖြေရှင်းနိုင်ရေး၊ စိစစ်ပြီး နေရပ်စွန့်ခွာသူများကို ပြန်လည် လက်ခံရေးလုပ်ငန်းစတင်နိုင်ရန်အတွက် အစီအမံများ ပြင်ဆင်ဆောင်ရွက်နေမှုလုပ်ငန်းတွေ၊ ပြန်လည်ဝင်ရောက်လာသူများအတွက် မြန်မာဘက်က ပြင်ဆင်ဆောင်ရွက်နေတဲ့ ပြန်လည်နေရာချထားရေး  အစီအမံတွေစတဲ့ကိစ္စရပ်တို့ကို နှစ်ဖက်ပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနဲ့ ပြန်လည်စိစစ်ရေးလုပ်ငန်းများအတွက် နှစ်နိုင်ငံအကြား    ပိုမိုပူးပေါင်းဆောင်ရွက်သွားရန်၊ ရှေ့ပြေးစမ်းသပ် စီမံကိန်းတစ်ရပ်ဖြင့် ပြန်လည်လက်ခံရေးလုပ်ငန်းကို ဆောလျင်စွာ စတင် ဆောင်ရွက်ရန်၊ ဘင်္ဂလားဒေ့ရှ် တရားရုံးထောက်ခံချက် လိုအပ်သူများအတွက် တရားရုံးထောက်ခံချက်များ ထုတ်ပေးသွားရန် စတာတွေကို    နှစ်ဖက်သဘောတူညီခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိုစိစစ်ဆောင်ရွက်ရာမှာ  ကြုံတွေ့ရတဲ့ စိန်ခေါ်မှုများကို  နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်း အဖြေရှာသွားနိုင်ဖို့အတွက် “ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် စိစစ်ရေးလုပ်ငန်းစဉ်ဆိုင်ရာ အထူးအဖွဲ့ (Ad Hoc Task force for Verification of the Displaced Persons from Rakhine State)” များကိုလည်း ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းက နှစ်ဖက်ဖွဲ့စည်းခဲ့ကြကာ အထူးအဖွဲ့များအကြား ပထမအကြိမ် အစည်းအဝေးကို ၂၇-၁-၂၀၂၂ ရက်နဲ့ ဒုတိယအကြိမ် အစည်းအဝေးကို ၁၆-၉-၂၀၂၂ ရက်မှာ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် နှစ်ကြိမ်တိုင် ကျင်းပထားပြီးဖြစ်ပါတယ်။

ဒါတွေကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့ နှစ်နိုင်ငံလက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်များနှင့်အညီ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အစဉ်တစိုက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

မေး။ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံဖို့အတွက် လုပ်ဆောင်ရာမှာ တိုးတက်မှုမရှိဘူးလို့ ပြောဆိုဝေဖန်နေတာတွေ ရှိပါတယ်။ အဲဒီကိစ္စအပေါ်လည်း ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံညှိနှိုင်းပြီးနောက် နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစတင်ဖို့အတွက် ၁၅-၁၁ ၂၀၁၈ ရက်နဲ့ ၂၂-၈-၂၀၁၉ ရက်တို့မှာ နှစ်ကြိမ် ကြိုးပမ်းခဲ့တာရှိပါတယ်။ နှစ်ကြိမ်လုံးမှာ မြန်မာနိုင်ငံအနေနဲ့ နှစ်နိုင်ငံ သဘောတူညီ ချက်များနဲ့အညီ စိစစ်ပြီးနေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရန် နယ်စပ်မှာ အဆင်သင့်ပြင်ဆင်ထားခဲ့ပါတယ်။ အဲဒီအချိန်က လက်ခံဖို့လျာထားခဲ့တဲ့ စိစစ်ပြီး နေရပ်စွန့်ခွာသူ အရေအတွက်ကတော့ ပထမအကြိမ်အတွက် (၂,၂၆၀) နဲ့ ဒုတိယအကြိမ်အတွက် (၃,၄၅၀) ဖြစ်ပါတယ်။

အဲဒီတုန်းက စိစစ်ပြီးနေရပ်စွန့်ခွာသူများကို လက်ခံဖို့အတွက် မြန်မာဘက်မှ တာဝန်ရှိသူများသာမက အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အာဆီယံညှိနှိုင်းရေးဗဟိုဌာန (AHA Centre)နဲ့ အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာမှုအဖွဲ့ (ASEAN-ERAT)တို့မှ ကိုယ်စားလှယ်များပါ နှစ်နိုင်ငံနယ်စပ် ဂိတ်မှာ သွားရောက်ပြီး အတူစောင့်ဆိုင်းနေခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း နေရပ်စွန့်ခွာသူများနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်ဘက်က စခန်းများမှာရှိတဲ့ အဖျက်အမှောင့်လုပ်ဆောင်သူတွေနဲ့ အကြမ်းဖက် အဖွဲ့ဝင်တွေက နေရပ်စွန့်ခွာသူများကို ခြိမ်းခြောက်မှုများနဲ့ အခြားသော ဖိအားများကြောင့် အဲဒီကြိုးပမ်းမှုများဟာ မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။ မြန်မာဘက်အနေနဲ့ ပြန်လည်လက်ခံဖို့ကို ယနေ့အထိ အဆင်သင့်ပြင်ဆင် စောင့်ဆိုင်းနေပေမယ့်     ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က နှစ်နိုင်ငံသဘောတူညီထားတဲ့ တစ်ဦးတစ်ယောက်ကိုမှ ပို့ဆောင်ပေးနိုင်ခြင်းမရှိသေးတဲ့အတွက် ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်ကို မစတင်နိုင်ခဲ့တဲ့အပြင် ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်ကို မြန်မာဘက်က ကြန့်ကြာအောင် လုပ်နေတယ်ဆိုတဲ့ မဟုတ်မမှန် စွပ်စွဲချက်တွေကိုလည်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေ ကနေ ထုတ်ပြန်တာကိုလည်း တွေ့ရပါတယ်။

မေး။ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးလုပ်ငန်းစတင်ဖို့အတွက် နှစ်နိုင်ငံအကြား ရှေ့ဆက်ညှိနှိုင်းဆောင်ရွက်နေတာတွေ ရှိရင်လည်း သိရှိလိုပါတယ်။

ဖြေ။ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစတင်ဖို့အတွက် နှစ်ကြိမ်တိုင် ပျက်ပြားခဲ့ပေမယ့်လည်း စိစစ်ပြီးတဲ့ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံဖို့အတွက် နှစ်နိုင်ငံ သဘောတူညီချက်တွေအရ မြန်မာဘက်အနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်နဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလိုဆောင်ရွက်နေရာမှာ ရှေ့ပြေးစမ်းသပ်စီမံကိန်းတစ်ရပ်အနေနဲ့ လူတစ်ထောင် ကျော်ကို စတင်ပြီး ပြန်လည်လက်ခံနိုင်ဖို့ ညှိနှိုင်းပြင်ဆင်ဆောင်ရွက်နေတာရှိပါတယ်။

ဒီလို ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်ရာမှာလည်း နေရပ်စွန့်ခွာသူ မိသားစုများမှာ ကလေးမွေးဖွားတာတွေရှိတဲ့အတွက် နှစ်နိုင်ငံသဘောတူညီထားတဲ့အတိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာမွေးဖွားတာ မှန်ကန်ကြောင်း သက်ဆိုင်ရာတရားရုံး ထောက်ခံချက် ရရှိအောင် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရုံးထောက်ခံချက်အပြင် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ မိဘနှစ်ပါးက မွေးဖွားသူဟုတ်-မဟုတ်ကိုပါ စိစစ်ပြီးမှ ပြန်လည်လက်ခံသွားဖို့ကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင်    ပြန်လာ လိုသူများက မိသားစုစုံလင်စွာ ပြန်လာလိုတာကြောင့် မိသားစုဝင်များကိုပါ စိစစ်ရာမှာထည့်သွင်းပြီး စိစစ်လျက်ရှိပါတယ်။

ဒီတစ်ခါ ပြန်လည်လက်ခံရေးလုပ်ငန်းအတွက် ပြင်ဆင်ဆောင်ရွက်နေတာမှာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်း စည်းကမ်းများကိုပါ လိုက်နာဆောင်ရွက်နိုင်ဖို့ ထည့်သွင်းဆောင်ရွက်နေပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေနဲ့လည်း လမ်းညွှန်ချက်များနဲ့ အညီ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်။

မေး။ နေရပ်စွန့်ခွာသူများကို ပြန်လည် လက်ခံရေးအတွက် ဆောင်ရွက်နေမှုများမှာ ကြုံတွေ့ရတဲ့ အဓိကစိန်ခေါ်မှုတွေ၊ ဖြေရှင်းဆောင်ရွက်နေမှုတွေကိုလည်း ပြောပြပေးစေလိုပါတယ်။

ဖြေ။ မြန်မာဘက်အတွက် အဓိကစိန်ခေါ်မှုတစ်ရပ်ကတော့ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေကို စိစစ်နေတဲ့အပိုင်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ဖြည့်စွက်ပြီးပေးပို့လာတဲ့ စိစစ်ရေးပုံစံတွေမှာ ဖြည့်သွင်းဖော်ပြထားတဲ့ အမည်၊ နေရပ်လိပ်စာ အချက်အလက် တွေ၊ မိသားစုဝင်အရေအတွက်တွေဟာ မြန်မာဘက်က တာဝန်ရှိသူများ နှစ်စဉ် မြေပြင်မှာကွင်းဆင်းပြီး စာရင်းပြုစုထားတဲ့ အိမ်ထောင်စုစာရင်းပါ အိမ်ထောင်စုဝင်တွေ၊ အမည်၊ နေရပ်လိပ်စာတွေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် စိစစ်ရာမှာ အချိန်ယူ စိစစ် နေရတာပဲဖြစ်ပါတယ်။

ဒါ့အပြင် စိစစ်ရေးပုံစံတွေမှာ အမည်၊ ရွာအမည်တွေကို ဖြည့်သွင်းစဉ်က နေရပ်စွန့်ခွာသူများက ပြောကြားတဲ့အသံထွက်အတိုင်း ဘင်္ဂလားဒေ့ရှ်ဘက်က ဖြည့်စွက်ရေးသားထားတဲ့အတွက် အဲဒီစာလုံးပေါင်းတွေဟာ မြန်မာဘက်က အိမ်ထောင်စုစာရင်းမှာ ဖြည့်သွင်းထားတဲ့ စာလုံးပေါင်းတွေမဟုတ်တဲ့အတွက် နေထိုင်ခဲ့မှုမှတ်တမ်းကို ရှာဖွေတွေ့ရှိမှုမရှိတဲ့ ဖြစ်စဉ်များလည်းရှိပါတယ်။ အချို့ကလည်း အိမ်ထောင်စုစာရင်းအရ မှတ်တမ်းရှိတဲ့ နေရပ်လိပ်စာကို ဖော်ပြခြင်းမရှိဘဲ ၎င်းတို့ဘာသာ ရွှေ့ပြောင်းနေထိုင်ခဲ့တဲ့ နေရပ်လိပ်စာများကို ဖြည့် သွင်းထားတဲ့အတွက် စာရင်းမကိုက်ညီဘဲ စိစစ်လို့မရတာလည်းရှိပါတယ်။ တချို့သူတွေကလည်း ဟိုဘက်ရောက်မှ အိမ်ထောင်ကျသွားတာ အိမ်ထောင်စုကွဲပြားသွားတာမျိုးတွေလည်းရှိတော့ စိစစ်ရာမှာ အခက်အခဲ တွေ့ရတာ တွေလည်းရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့အထက်က ပြောကြားခဲ့တဲ့ လက်ခံရေးမူ (၅) ချက်နဲ့ ကိုက်ညီမှုရှိ သူများကိုသာ ပြန်လည်လက်ခံမှာဖြစ်တဲ့အတွက် စိစစ်ရေးပုံစံများမှာ ဖြည့်သွင်းထားတဲ့ အချက် အလက်များ ပြည့်စုံ၊ မှန်ကန်မှုရှိဖို့ အလွန်အရေးကြီးပါတယ်။

ဒီလို စိစစ်ရေးဆိုင်ရာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို နားမလည်တဲ့အတွက် ဝေဖန်မှုများရှိသော်လည်း မြန်မာဘက်အနေနဲ့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် စိစစ်ရေးလုပ်ငန်းစဉ်ဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် အထူးအဖွဲ့ အစည်းအဝေးများ ဆက်လက်ကျင်းပကာ ညှိနှိုင်းအဖြေရှာသွားဖို့ရှိပါတယ်။

နောက်စိန်ခေါ်မှုတစ်ရပ်ကတော့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်ဆောင်ရွက်နိုင်ခြင်းမရှိလို့ဆိုပြီး မြန်မာဘက်ကို ဝေဖန် ပြစ်တင်ပြောကြားနေတဲ့ကိစ္စဖြစ်ပါတယ်။ ဒါဟာဆိုရင်လည်း မြန်မာဘက်က ပြန်လည်လက်ခံရေးဆောင်ရွက်ဖို့ နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းဆောင်ရွက်ခဲ့တာနဲ့ အဲဒီနှစ်ကြိမ်မှာ နေရပ်စွန့်ခွာသူတွေ ပြန်မလာကြတဲ့ အကြောင်းရင်းမှန်တွေကို လျစ်လျူရှုပြီး ပြောဆိုနေကြတာဖြစ်ပါတယ်။

ယခင်အတွေ့အကြုံများအရ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်အပေါ် အဟန့်အတား ဖြစ်စေတဲ့ အဓိကအကြောင်းအရာများကတော့ အာဆာ (ARSA) အကြမ်းဖက်သမားများက ကော့စ်ဘဇားရှိ စခန်းများအတွင်းမှာ နေရပ်စွန့်ခွာသူများနဲ့ရောနှောနေထိုင်နေပြီး နေရပ်သို့မပြန်ဖို့နဲ့ ၎င်းတို့ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ပါက အသတ်ခံရမယ်ဆိုပြီး ခြိမ်းခြောက်မှုများ ရှိနေတာဟာ အဓိကအကြောင်းရင်းဖြစ်တယ်လို့ သိရှိရပါတယ်။ အာဆာအကြမ်းဖက်သမားများအပြင် နေရပ်စွန့်ခွာသူများအရေး လှုပ်ရှား တက်ကြွသူများဟာ ပြန်လည် ပို့ဆောင်ရေးလုပ်ငန်းစဉ်စတင်မှာကို မလိုလားဘဲ ၎င်းတို့ရဲ့ နိုင်ငံရေးလိုလားချက်များ ပြည့်မီရန် အတွက် နေရပ်စွန့်ခွာသူများကို နေရပ်ပြန်ရေး ငြင်းဆိုကြဖို့အတွက် စည်းရုံးဆောင်ရွက်နေကြတာလည်း ရှိပါတယ်။ အဲဒီလို နေရပ် မပြန်ဖို့ ခြိမ်းခြောက်မှုတွေ၊ စည်းရုံးမှုတွေရှိနေသ၍ မြန်မာဘက်က အကောင်းဆုံး ဘယ်လိုပဲ ပြင်ဆင်ဆောင်ရွက်ထားစေကာမူ ပြန်လည် လက်ခံရေးလုပ်ငန်းကို စတင်နိုင်ဖို့ ခက်ခဲနေမှာ ဖြစ်ပါတယ်။

မြန်မာဘက်အနေနဲ့ကတော့ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံဖို့ ပထမအကြိမ်စတင် ကြိုးပမ်းဆောင်ရွက်ခဲ့ချိန်ကစပြီး ယနေ့ အချိန်အထိ ပြန်လည်လက်ခံရေးအတွက် အဆင်သင့်ပြင်ဆင်ထားရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကသာ နှစ်နိုင်ငံ သဘောတူညီချက် တွေအတိုင်း ပြန်လည် ပို့ဆောင်ပေးနိုင်မယ်ဆိုရင်  ပြန်လည်လက်ခံရေးလုပ်ငန်းကို  လက်တွေ့စတင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစတင်နိုင်ဖို့အတွက် မြန်မာဘက်မှာသာ လုံးလုံးတာဝန်ရှိနေတာ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့လည်း နှစ်ဖက်လုံးရဲ့စိန်ခေါ်မှုများ၊ အခက်အခဲများကို နားလည်သိရှိပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာ  အကောင် အထည်ဖော်နိုင်မှာဖြစ်ပါတယ်။

မေး။ အခြားဖြည့်စွက် ပြောကြားလိုတာများရှိရင်လည်း သိရှိလိုပါတယ်။

ဖြေ။ မြန်မာနိုင်ငံမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ရဲ့တာဝန်ယူပြီး နောက်ပိုင်းမှာလည်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စကို နှစ်နိုင်ငံသဘောတူညီချက်များနဲ့အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများကို စိစစ်နေတဲ့လုပ်ငန်းစဉ်ကို  ရပ်တန့်ခဲ့ခြင်းမရှိသလို  မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးတွဲလုပ်ငန်း အဖွဲ့အစည်း အဝေးအပြင် နည်းပညာဆိုင်ရာ ဆွေးနွေးမှုယန္တရားအသစ်များကိုပါ တိုးချဲ့၍ ညှိနှိုင်းအစည်းအဝေးများကို နှစ်နိုင်ငံအစိုးရတာဝန်ရှိသူ  အဆင့်ဆင့်အကြား ဆက်လက် ဆွေးနွေးဆောင်ရွက်နေပါတယ်။

ဒါ့အပြင် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်လျက်ရှိတဲ့ ရှေ့ပြေးစမ်းသပ်စီမံကိန်းတစ်ရပ်နဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစတင်ချိန်မှာ  အဆင်သင့်ဖြစ်နေဖို့အတွက်လည်း ပြန်လည်လက်ခံရေးစခန်းများနဲ့ ကြားစခန်းများကို ပြန်လည်ပြင်ဆင်မှုများ၊ ပြန်လည် နေရာ ချထားမယ့်နေရာများမှာ အသက် မွေးဝမ်းကျောင်းကိစ္စများ၊ ပညာရေး၊ ကျန်းမာရေးစတဲ့ အခြေခံလိုအပ်ချက်တွေအတွက် ကြိုတင်ပြင်ဆင်မှုများကို လမ်းညွှန်ချက်များနဲ့အညီ သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများအကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နေပါတယ်။

ဒါကြောင့် နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနဲ့ စိစစ်ရေးလုပ်ငန်းစဉ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ပြည်ပ နိုင်ငံအချို့က စိုးရိမ်ပူပန်နေသလိုမျိုး ပြည်တွင်းနိုင်ငံရေးအခြေအနေနဲ့ ဆက် နွှယ်ခြင်းမရှိဘဲ မြန်မာဘက်အနေဖြင့် စိစစ်လက်ခံရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့ ပြင်ဆင်ဆောင်ရွက်မှုများကို နှစ်နိုင်ငံ သဘောတူညီချက်များ၊ ပြည်တွင်းဥပဒေများနဲ့အညီ ဆောင်ရွက် လျက်ရှိတယ်ဆိုတာကို အသိပေးလိုပါတယ်။

ဒါ့အပြင် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးကိစ္စနဲ့ပတ်သက်ပြီး လူအများကို ထင်ယောင်ထင်မှားဖြစ်စေဖို့၊ နိုင်ငံရေး အမြတ် ထုတ်ဖို့အတွက် ပြည်ပမီဒီယာအချို့အပါအဝင် နိုင်ငံအချို့၊ ဘင်္ဂါလီအရေး တက်ကြွလှုပ်ရှားသူအချို့က မှန်ကန်မှုမရှိတဲ့ အချက် အလက်များအပေါ်အခြေခံပြီး ဖော်ပြရေးသားနေမှုများကို သတိပြုချင့်ချိန်စေလိုကြောင်း ပြောကြားလိုပါတယ်။

နောက်ထပ်ဖြည့်စွက် ပြောကြားလိုတာကတော့ ကော့စ်ဘဇားဒုက္ခသည်စခန်းများမှာ နေရပ်စွန့်ခွာသူ (၁.၁) သန်းကျော် နေထိုင် လျက်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် နိုင်ငံတကာက ပြောဆိုဖော်ပြနေကြကာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်နောက်ပိုင်း ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နေရပ်စွန့်ခွာသူအရေအတွက်ကို  ချဲ့ကားနေကြတဲ့ကိစ္စဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်က တာဝန်ရှိသူများအနေနဲ့ နှစ်စဉ်မြေပြင်မှာ ကွင်းဆင်းစိစစ်ကောက်ယူထားတဲ့ အိမ်ထောင်စုစာရင်းအရ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသူအရေအတွက်ဟာ (၅) သိန်းကျော်ရှိပါတယ်။ ဒါ့အပြင် ၁၉၉၂ ခုနှစ်က နှစ်နိုင်ငံ အကြား ဆောင်ရွက်ခဲ့တဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အရ ပြန်လည်လက်ခံဖို့ ကျန်ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ၂၀၀၅ ခုနှစ်နောက်ပိုင်းမှစတင်၍ ပြန်လည် ဝင်ရောက်လာမှုမရှိတဲ့အရေအတွက်ဟာလည်း နှစ်ဖက်အထောက်အထားများအရ (၆,၃၆၅) ဦးသာရှိပါတယ်။ ဒါ့ကြောင့် နေရပ်စွန့်ခွာသူဦးရေကို ချဲ့ကားဖော်ပြနေတဲ့ကိစ္စနဲ့စပ်လျဉ်းပြီး မြန်မာနိုင်ငံအနေနဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်နောက်ပိုင်း နေရပ်စွန့်ခွာသူများကိုသာ နှစ်နိုင်ငံသဘောတူညီချက်များနဲ့အညီ ပြန်လည်စိစစ်လက်ခံသွားမှာဖြစ်ပြီး ထပ်တိုးကလေးမွေးဖွားမှုများကိုလည်း လက်ခံရေးမူ (၅) ချက်နဲ့အညီစိစစ်ပြီး ကိုက်ညီမှုရှိသူများကိုသာ လက်ခံသွားမှာဖြစ်ကြောင်း အသိပေးလိုပါတယ်။

အချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စဟာ နှစ်နိုင်ငံအကြား ဖြေရှင်း ဆောင်ရွက်သွားရမယ့် ကိစ္စရပ်သာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ နှစ်နိုင်ငံသဘောတူညီချက်များနဲ့အညီ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိမ်နီးချင်း ကောင်းပီသစွာ ဆက်လက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

သတင်းစဉ်