စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်-(၆၅)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်-(၆၅)

အမှတ်စဉ်(၆၅)

ကဗျာကို အောက်မှာဖော်ပြပါ့မယ်။

“ချန်းရှာ”

“ချမ်းစီးလှစွာ၊ ဆောင်းဦးခါတွင်၊ ငါတစ်ယောက်သာ

လိမ္မော်ကျွန်း၏ အစွန်းတစ်နေရာ ငါရပ်နေဆဲ

ဆိတ်မြစ်နဒီ စီးနေပါသည် မြောက်ရပ်ဆီသို့

ငါမြင်ရသည်၊ ရဲရဲနီသော တောင်နီတစ်တောင်

ထိုတောင်တွေ၏ နီရဲအိသော သစ်တောများနဲ့

အနီရောင်ခြယ်၊ အလင်းကြည်စင် ရေပြာပေါ်တွင်

ခရီးနှင်ကာ ငါတို့မှာကား၊ ရေပြာကြည်နက် ကူးလူးလျက်။

အေးခဲလုပင် မိုးကောင်းကင်အောက် တစ်သန်းလောက်မှ

သတ္တဝါတစ်ခု၊ လွတ်လပ်မှုအတွက်၊ ဖက်ပြိုင်တိုက်ပွဲ၊ ဆင်နွှဲနေလျက်၊

ရှုခင်းကျယ်၌ ငေးခိုက်စဉ်းစား၊ သောကပွားကာ

ငါမေးပါ၏၊ ဆုံးစမထင် ဤမြေပြင်မှာ ဘယ်အရှင်များ

လူသားကြမ္မာဆုံးဖြတ်ပါသလဲ ..............

ယခင်ကသော်၊ ဤကျွန်းပေါ်ဝယ်၊ ဖော်များစွာနှင့်

ငါရောက်ဖူး၏။ ခုနှစ်လတွေ ရှုပ်ထွေးနေလည်း သဲကွဲစွာပင်

မြင်ယောင်သေး၏။ ကျောင်းနေဖက်တွေ၊ တို့တစ်တွေမှာ လူငယ်တွေ

ဘဝပန်းက၊ အစွမ်းကုန်ဖွင့်၊ ပွင့်ဆဲခါ၊

ကျောင်းသားစိတ်ဓာတ် ဖျတ်လတ်တက်ကြွ၊ ပြည့်ဝဆဲခါ

ငါတို့တောင်တွေ၊ တို့မြစ်တွေဘက်၊ လက်ညှိုးညွှန်ကာ

ပြည်သူတို့အား၊ တို့စကားဖြင့် မိုးထိုးမြှင့်ရင်း

မင်းစိုးရာဇာ ထီမထင်ခဲ့

မှတ်မိသေးစ၊ စွန့်စွန့်စားစား၊ မြစ်လယ်သွားပြီး

တို့များတစ်တွေ ရေကိုပုတ်ကြလှိုင်းတွေထအော်၊ ကသောလှိုင်းတွေ၊

ဒုံးလှေတွေကို ဘယ်လိုဟန့်တား တုံ့ဆိုင်းသွားကြောင်း၊

အားလုံးပြန်တွေး၊ မှတ်မိသေးစ”

မော်စီတုံး

ဆိုတဲ့ကဗျာကို ရေးစပ်ခဲ့တယ်။ အဓိကရည်ရွယ်ချက်က မြစ်တွေဟာ ဘယ်သူ့မှ ဂရုမစိုက်ဘူး၊ သူနေချင်သလိုနေတယ်၊ သူကြိုက်သလို လူတွေကို ဖန်တီးနေတယ်၊ ဒါကိုသူက သူကိုယ်တိုင် ဒီမြစ်တွေကို ထိန်းချုပ်နိုင်အောင် လုပ်မယ်လို့ ကြုံးဝါးခဲ့တဲ့ ကဗျာပါပဲ။ မော်စီတုံးဟာ စာပေလေ့လာ လိုက်စားမှု အားကောင်းသူတစ်ဦးဖြစ်ပြီး   တိုင်းပြည်အတွက် လွတ်လပ်ရေးရအောင် ဦးဆောင်ခဲ့သူ၊ ပြည်သူ့အတွက် ရှေ့တန်းတင်သူ၊ လုပ်ရဲကိုင်ရဲရှိသူ တစ်ဦးဖြစ်တာနဲ့အညီ သူဘာလုပ်ရမလဲဆိုတာ သူဆုံးဖြတ်လိုက်ပါတယ်။ ဆုံးဖြတ်ချက်ကတော့ ယမ်စီမြစ်ပေါ်မှာ ဧရာမတမံကြီးတွေ ဆောက်ပါမယ်တဲ့ဗျာ။ အဲဒီအချိန်မှာ သူနဲ့ခေတ်ပြိုင် အမေရိကန်နိုင်ငံရဲ့ နေရာအနှံ့မှာလည်း သမ္မတတွေဟာ မြစ်တွေကို ယဉ်ပါးအောင် လုပ်နေကြတဲ့အချိန်ပေါ့။ ပထမကမ္ဘာစစ်အပြီး ဒုတိယကမ္ဘာစစ် မတိုင်မီ မြစ်တွေပေါ်ကနေ အကျိုးကျေးဇူး အမြင့်ဆုံးရအောင် လုပ်နေကြတဲ့အချိန်၊ ဒါတွေကိုလည်း သူကအားကျခဲ့တယ်။ စိတ်ဝင်စားစရာကောင်းတာက ခေါင်းဆောင်ကြီး ချန်ကေရှိတ်က ၁၉၃၂ ခုနှစ်မှာ တိုင်းတာရေးစခဲ့တာကို မော်စီတုံးက ဆက်လုပ်ခဲ့တယ်။ သူတို့ခေါင်းဆောင်တွေ နိုင်ငံရေးအယူအဆကွဲလွဲပေမယ့် သဘာဝဘေးကာကွယ်ဖို့၊ ရေကိုအကျိုးရှိအောင် အသုံးချဖို့ဆိုရာမှာ သဘောထား မကွဲလွဲဘဲ စိတ်ထားတူနေခြင်းပါပဲ။

ဖွံ့ဖြိုးမှုတွေကို ထောက်ခံသူ ပြည်သူအများစုရှိသလို ဘာလုပ်လုပ် အပြစ်ရှာပြီး တစ်ခုမဟုတ်တစ်ခု ထောက်ပြပြီး အလုပ်မဖြစ်အောင် ပြောဆိုကန့်ကွက် ပြောဆိုနေသူတွေလည်း ရှိပါတယ်။ မော်စီတုံးလို တစ်ပါတီစနစ် ခေါင်းဆောင်တဲ့နိုင်ငံမှာတောင် ရှိခဲ့တာပါ။ မော်စီတုံးက ယမ်စီမြစ်ကို ယဉ်ကျေးအောင် လုပ်မယ်လို့ အောက်ခြေပါတီတွေကို ရှင်းပြတယ်။ ဒါပေမဲ့ တုံ့ပြန်လာတဲ့ လူအချို့က “ပန်းပေါင်းတစ်ရာ}” Hundred Flowers Campaign' တစ်ခု ဆင်နွှဲလာပါတော့တယ်။ မော်စီတုံးကတော့ ခပ်ပြတ်ပြတ်ပါပဲ။ ပြည်သူသန်းပေါင်းများစွာရဲ့ မျက်နှာသာကြည့်တဲ့ လူပဲ။ စနစ်တကျရှင်းပြလို့မှ ဖွံ့ဖြိုးမှုတွေကို ဆက်ပြီးဖျက်လိုဖျက်ဆီး လုပ်နေတဲ့ ခေါင်းဆောင်သူတွေကို (အချို့က ပညာရှင် အမည်ခံသူတွေ) ထောင်ထဲကို ထည့်လိုက်ပါတော့တယ်။ သူ့ခေတ်နဲ့သူ အခုခေတ်လို ငြိမ်း၊ စု၊ စီ ဥပဒေလိုဟာတွေနဲ့ ဖြစ်မှာပေါ့။

တစ်ပါတီစနစ်ဖြစ်နေလို့ မီဒီယာကနေလည်း လှုံ့ဆော်လို့ မရဘူးပေါ့။ ပြည်သူ့အကျိုးအတွက် သူ့ခေတ်နဲ့သူ့စနစ်၊ သူ့လူနဲ့သူ အံဝင်အောင်လုပ်ဖို့ တာဝန်ကတော့ အုပ်ချုပ်သူတွေရဲ့ တာဝန်ပါပဲ။ မြစ်ကျဉ်းသုံးသွယ်(Three Gorges) လို့ နောင်မှာခေါ်တွင်လာကြမယ့် ဒီစီမံကိန်းကိုဖြစ်အောင် မော်စီတုံးဟာ အသေးစိတ်စူးစမ်း လေ့လာမှုတွေလုပ်နေဆဲမှာ ယမ်စီမြစ်ပေါ်က ဖြစ်နိုင်ခြေရှိတဲ့ အခြားစီမံကိန်း တစ်ခုဖြစ်တဲ့ ဂဂျောဗား(Gezhouba) စီမံကိန်းကို ၁၉၇၀ ပြည့်နှစ်မှာစခဲ့တယ်။ ဒါပေမဲ့ ၁၈ နှစ်ကြာခဲ့ တယ်။ ၁၉၈၈ ခုနှစ်ရောက်မှ ဒီစီမံကိန်းလည်း ပြီးခဲ့တယ်။ အကြောင်းကတော့ ငွေကြေး မလုံလောက်လို့ပါပဲ။ ဂဂျောဗားစီမံကိန်းဟာ ၂၇၁၅ မဂ္ဂါဝပ်ရှိပါတယ်။ ၁၉၇၆ ခုနှစ်မှာ မော်စီတုံး ကွယ်လွန်တော့ ခေါင်းဆောင်ပြောင်း၊ အစိုးရပြောင်းသွားပေမယ့် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ဖြစ်လို့  နောက်တက်လာတဲ့ ခေါင်းဆောင်က  ဆက်လုပ်သွားခဲ့တယ်။ ဆင်ခြင်တုံတရား မြင့်တဲ့ ခေါင်းဆောင်တွေ လက်ဆင့်ကမ်းတဲ့ နိုင်ငံလို့ ဆိုရမှာပါပဲ။ ဒီကိစ္စကို ဆက်လုပ်မယ်လို့ ခေါင်းဆောင်ကြီး တိန်ရှောက်ဖိန်ကလည်း ဆိုပါတယ်။ တံခါးပိတ်ထားတဲ့ခေတ်မှာ ကြီးမားတဲ့ လုပ်ငန်းစီမံကိန်းတွေလုပ်ဖို့ဆိုတာ ငွေကြေးပမာဏ များလွန်းလို့ အလွန်ခက်ခဲပါတယ်။ ဒါကြောင့် ယမ်စီမြစ်ပေါ်က စီမံကိန်းတွေထဲက ဂဂျောဗားစီမံကိန်းဟာ  တိန်ရှောက်ဖိန်ရဲ့  ဆိုရှယ်လစ်ဈေးကွက်စီးပွားရေး စခဲ့တဲ့  ၁၉၇၈ ခုနှစ်နောက်ပိုင်း ရောက်မှပြီးစီးခဲ့တာပါ။

ဆက်လက်ဖော်ပြပါမည်။